ဗုဒ္ဓကမ္ဘာဆိုဒ်အတွင်းသို့ရောက်ရှိလာကြကုန်သောဓမ္မမိတ်ဆွေများသည်(လောဘ၊ဒေါသ၊မောဟ) ကင်းကွာပြီး စိတ်ချမ်းသာစွာဖြင့်တရားဓမ္မများကို(ရှာဖွေ၊ဆွေးနွေး၊လေ့လာ၊)နိုင်ကြပါစေသတည်း။(ကောင်းမြတ်မင်း)

MSN Icon  Google Talk Icon Twitter Icon Facebook Chat Icon Bonjour Icon IRC IconAIM Icon  MobileMe Icon MySpace IM Icon LJ Talk Icon StatusNet Icon Lotus Sametime Icon Novell Groupwise Icon Gadu-Gadu Icon

ကမ္ဘာပေါ်တွင်ရှိကြကုန်သော... ခရစ်ယာန်ဘာသာဝင်များ... အစ္စလာမ်ဘာသာဝင်များ... ဟိန္ဒူဘာသာဝင်များအားလုံး... ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေလို့... ဗုဒ္ဓဘာသာဝင်များအားလုံးကိုယ်စား... ကျွန်တော်ကောင်းမြတ်မင်းမှ ... ဆုတောင်းမေတ္တာပို့သလိုက်ပါသည်။ ကမ္ဘာပေါ်မှ လူသားများအားလုံးနှင့် (၃၁)ဘုံတွင်ရှိကြကုန်သော... သတ္တ၀ါအားလုံးကိုယ်စိတ်နှစ်ဖြာ ကျန်းမာကြပါစေ... သတ္တ၀ါတိုင်းတရားကိန်းငြိမ်းအေးနိုင်ကြပါစေ...

နှလုံးသားအမွေ နှင့် ရင်နှစ်သည်းချာ

ဘုရား အလောင်းတော် သိဒ္ဓတ္ထမင်းသားဟာ ဥရုဝေလတောမှာ ဒုက္ကရစရိယာလို့ ခေါ်တဲ့ အလွန်ပြုနိုင်ခဲတဲ့ အကျင့်တွေကို ကျင့်ခဲ့တာ ခြောက်နှစ်လောက် ကြာသွားတော့ ခန္ဓာကိုယ်ကို ပင်ပန်းအောင် ညှဉ်းဆဲသလို ကျင့်ကြံရတဲ့ ဒီအစွန်းတရားတွေကို စွန့်ခွါပြီး မဟာသက္ကရာာဇ် ၁၀၃ ခု၊ ကဆုန်လပြည့် နေ့မှာ ဗောဓိမဏ္ဍိုင်လို့ ခေါ်တဲ့ ဗောဓိပင်ရင်း ကြွပါတယ်၊ အဲဒီမှာ မဇ္ဈိမပဋိပဒါ အကျင့်ကို နားလည်တွေ့ရှိပြီး ကျင့် တော်မူလိုက်တော့ နောက်နေ့ အရုဏ်မတက်မီမှာ တရားအားလုံးကို သြိမင်တဲ့ သဗ္ဗညု ဘုရားရှင် ဖြစ်တော် မူပါတယ်။

အဲဒီနှစ် ၀ါဆိုလပြည့်နေ့မှာ မိဂဒါဝုန်ကို ကြွတော်မူပြီး ပဉ္စ၀ဂ္ဂီတို့ကို တရားဦး ဟောတဲ့အခါ ငါးဦးစလုံး “ ဧဟိဘိက္ခု“ ရဟန္တာများ ဖြစ်ကြတယ်။ မိဂဒါဝုန်မှာပဲ ၀ါကပ် လို့ ၀ါတွင်းမှာတော့ ယသသူဌေးသားနဲ့ သူငယ်ချင်း သူဌေးသား ငါးဦးရယ်၊ သူတို့ရဲ့ နောက်ပါ ငါးကျိတ်(၅၀)ရယ်၊ “ ဧဟိဘိက္ခု ရဟန္တာတွေ ဖြစ်ကြပြန်လို့ အားလုံး တပည့် ရဟန္တာ ခြောက်ကျိပ်(၆၀)ဖြစ်လာတယ်။ ၀ါကျွက်တဲ့အခါ ရဟန္တာများကို ခရီးတစ် ကြောင်း တစ်ပါးနှုန်း သာသနာပြု စေလွှတ်တော်မူပြီး ကိုယ်တော်တိုင်က ဥရုဝေလ တောကို ပြန်ကြွတော်မူတယ်။

ဥရုဝေလတောအုပ်မှာ ဥရုဝေလကဿပ ညီနောင်ဆိုတဲ့ ဂိုဏ်းဆရာကြီးသုံးဦး ခေါင်းဆောင်တဲ့ ရသေ့ညီနောင် ရှင်တစ်ထောင်တို့ကို အရဟတ္တဖိုလ်ပေါက် “ဧဟိဘိက္ခု“ ရဟန္တာများအဖြစ် ရောက်အောင်ဟောပြီး ချီးမြှောက်ပြီးတော့မှ အဲဒီ ရဟန္တာ တစ်ထောင်ခြံရံပြီး အဲဒီနှစ် ပြာသို လပြည့်နေ့မှာ ရာဇဂြိုဟ်ကို ရောက်တော်မူ တယ်။ တောထွက်ခဲ့စဉ်က ဗိမ္ဗိသာရမင်းကြီးကို ပေးခဲ့တဲ့ ကတိအတိုင်းတရားဟောပြဖို့ ကြွတော်မူတာပါ။

မြတ်စွာဘုရား ရာဇဂြိုဟ်ကို ရောက်တယ်လို့ သတင်းစကား ကြားရင်ပဲ ခမည်းတော် သုဒ္ဓေါဒနမင်းကြီးက ခေါင်းဆောင် အမတ်တစ်ယောက်ကို နောက်လိုက် မင်းချင်းယောင်္ကျား တစ်ထောင်နဲ့ “သားတော်ဘုရားကို ပင့်ပါ၊ သားတော်ဘုရားကို အမြန်ဆုံး ဖူးချင်လှချေရဲ့“ ဆိုပြီး အပင့်ခိုင်းလိုက်တယ်။ တစ်သုတ်လွှတ်လိုက်၊ ပြန်မလာ၊ နောက်တစ်သုတ် ထပ်လွှတ် ပြန်မလာနဲ့ ကိုးကြိမ်ကိုးသုတ်ရှိသွားပြီး တစ်ယောက်မှ ပြန်မလာကြဘူး။ ဘယ်လာတော့မလဲ ရာဇဂြိုဟ်ပြည် ဝေဠုဝန် ကျောင်း ရောက်လို့ ဘုရားရှင်နဲ့တွေ့တော့ တရားနာပြီး အားလုံး “ ဧဟိဘိက္ခု“ ရဟန္တာတွေချည်း ဖြစ်ကုန်ကြတော့ လူ့လောကနဲ့ လူ့ကိစ္စတွေကို လုံးလုံးစိတ်မ၀င်စားတော့ဘဲ ဖလသမာ ပတ် ချမ်းသာနဲ့ နေနေကြတော့တာပေါ့။

သုဒ္ဓေါဒနမင်းတရားကြီးကလည်း အလွန်ကို အရေးတကြီး ဖူးတွေ့ချင်လှပြီး၊ အဲဒါ ဘာဖြစ်လို့လဲ သိလား၊ အိုလာလို့ကွ၊ အဲဒီ အရွယ်တုန်းကတော့ မင်းအာဏာ မင်းစည်း စိမ်တွေဆိုတာ အရာရာ ပြည့်စုံတဲ့ ချမ်းသာသုခပဲလို့ ထင်ခဲ့တာပေါ့။ ဒါကြောင့်လည်း သိဒ္ဓတ္ထမင်းသားကို စကြ၀တေးမင်းကြီး ဖြစ်စေချင်ခဲ့တာ။ အဲဒီတုန်းက သိဒ္ဓတ္ထမင်းသား က “ တစ်ခဏအတွက် အင်အားပြင်းထန်ပေမယ့် ထာဝရအတွက် အင်အားချည့်နဲ့တဲ့ အရာဆိုတာ အတုယောင်သာ ဖြစ်တယ်။ တစ်ခဏ ကျေနပ်သာယာမှုအတွက် ပေး ဆပ်ရတဲ့ မျက်ရည်နဲ့ ငိုကြွေးရတဲ့ အချိန်တွေဟာ မတန်မရာ အတိုးကြီး လွန်း လှတယ်“ လို့ ပြောပေမယ့် လက်မခံခဲ့ဘူးပေါ့ကွာ။ ခုတော့ အရွယ်က စကားပြောလာပြီ၊ မတန်မရာ အတိုးတွေကို ကိုယ်တွေ့ ကိုယ်ကြုံ ပေးဆပ်နေရပြီ ဆိုတော့ သားတော် ဘုရား ရှာဖွေတွေ့ရှိပြီဆိုတဲ့ “ အိုနာသေ ရပ်တဲ့တရား ငိုတာတွေ ရပ်တဲ့တရား“ ဆိုတာကို သိချင်လှပြီပေါ့။

ဒီနေရာမှာ စပ်မိလို့ ခမည်းတော် သုဒ္ဓေါဒနမင်းကြီးရဲ့ အသက် ဘယ်လောက် အိုပြီလဲ ဆိုတာ တွက် ခန့်မှန်းကြည့်ရအောင်။ ကျန်းဂန်းမှာ ခမည်းတော်ရဲ့ အသက်ကို ဖော်ပြမထားပေမယ့် မယ်တော်ရဲ့ အသက်ကိုတော့ တွက်ချက်လို့ ရတယ်။ မယ်တော် မာယာဟာ ဒုတိယ အရွယ်ရဲ့ နောက်ဆုံးနေ့မှာ ဘုရားအလောင်း ပဋိသန္ဓေ တည်နေ တယ် လို့ ဆိုတယ်။ လူတွေရဲ့ သက်တမ်းက တစ်ရာတန်း ဖြစ်တယ် ဆိုတော့ အသက် တစ်ရာကို အရွယ်သုံးပါးနဲ့ ပိုင်းလိုက်ရင် တစ်ရွယ် ၃၃ နှစ်နဲ့ ၄ လစီပေါ့၊ တစ်ခါ ဒုတိယ အရွယ် ၃၃ နှစ် ၄ လကို သုံးဖို့ သုံးပုံ ပုံလိုက်ရင် တစ်ဖို့မှာ ၁၁ လနဲ့ ၁၀ ရက်ပေါ့။ ဒုတိယအဖို့ရဲ့ နောက်ဆုံးနေ့ ဆိုတော့ ပထမအရွယ် ၃၃ နှစ်၎လရယ်၊ ဒုတိယ အရွယ်ရဲ့ ဒုတိယအဖို့ ၂၂ နှစ် ၂ လနဲ့ ရက်ပေါင်း ၂၀ ရယ် ပေါင်းကြည့်။ မယ်တော်အသက် ၅၅ နှစ် ၆ လနဲ့ ၂၀ ရက်မှာ ဘုရားအလောင်း ပဋိသန္ဓေနေတယ်။

အမိဝမ်းမှာာ ၁၀ လ ကြာပြီး ဖွားမြင်တယ်။ ဖွားမြင်ပြီး ခုနှစ်ရက်မြောက်နေ့မှာ မယ်တော် နတ်ရွာစံတယ် ဆိုတော့ အသက်ဘယ်လောက် ဖြစ်သွားမလဲ။ ၅၆ နှစ် ၄လနဲ့ ၂၇ ရက် မဖြစ်ဘူးလား။ ဒါကြောင့် မုံရွေး ဇေတ၀န် ဆရာတော်ဘုရားက အတိအကျ ထွက်ပြီးတော့ မယ်တော်မာယာ အသက်ကို-

“ဆပညသ၊ ငါးမာသ၀ယ်၊ သုံးရက်ပယ်၊ အကယ် မယွက်၊ မယ်တော်သက်”

လို့ လင်္ကာလေး ဖွဲ့ထားတယ်။ ( ဆပညာသ=၅၆နှစ်၊ ငါးမာသ=၅ လ သုံးရက် လျှော့ တဲ့) ခမည်းတော်ကြီးဟာ မယ်တော်ထက် ဘယ်နည်းနဲ့မှ မငယ်နိုင်ဘူး။ ကြီးချင်သာ ကြီး မယ်။ ဘာဖြစ်လို့ ဒီလို ပြောနိုင်ရတုံးဆိုတော့ သာကီဝင်မင်းမျိုးတို့ဟာ မောင်နှမ ချင်း လက် ဆက်ကြတဲ့အခါ မောင်က အစ်မကငို လက်မထပ်ရဘူး၊ ရွယ်တူနဲ့ ကိုယ့် ထက် ငယ် တဲ့ နှမကိုသာ လက်ဆက်ကြတဲ့ ဓလေ့ထုံးတမ်းရှိလို့ပဲ။ ဒါကြောင့် ဘုရား လောင်း ဖွားတော်မူတဲ့ အချိန်မှာ ခမည်းတော်ကြီး အသက်လည်း အနည်းဆုံး ၅၆ နှစ် ၄လ ကျော်နေပြီ။

အလောင်းတော်က လူအဖြစ်နဲ့ နန်းတော်ထဲ မှာ နေခဲ့တာ ၂၉ နှစ်အထိ၊ ဥရုဝေလ တော်ထဲမှာ ဒုက္ကရစရိယ ကျင့်တာ ခြောက်နှစ်၊ အားလုံးပေါင်းလိုက်ရင် ဘုရားဖြစ်တော်မူတာ အသက် ၃၅ နှစ် အရွယ်မှာ ဆိုတော့ အဲဒီအချိန်မှာ ခမည်း တော်ကြီး အသက်က ၉၁ နှစ်ကျော် ၉၂ နှစ်လောက် အနည်းဆုံး ရှိနေပြီပေါ့။

ဇရာညှင်းလို့ အိုမင်းမစွမ်း ဖြစ်လာပြီ ဆိုတော့ မခိုင်မမြဲ ယိုင်လဲခြင်းသဘော ရှိတယ် ဆိုတာ ကိုယ်တွေ့ ကိုယ်ကြုံခံစားးနေရပြီ။ မယိုင်မလဲ ခိုင်မြဲတဲ့ တရား ဆိုတာကို သိချင်လှပြီ။ ဒါကြောင့် သား ဘုရားကို အရေးတကြီး ဖူးတွေ့ချင်နေတာပေါ့။

နောက်ဆုံး ဆယ်ကြိမ်မြောက် ကျတော့မှ ဖွားဖက်တော် ကာဠုဒါယီအမတ်ကို မင်းချင်းတစ်ထောင်နဲ့  လွှတ်လိုက်တယ်။ ကာဠုဒါယီ က သွားကတဲကိုက မင်းကြီးထံ မှာ ရဟန်းပြုခွင့်တောင်းတယ်။ မင်းတရားကြီးကလည်း “ ရဟန်းပြုလိုကပြုပါ၊ သားဘုရားကိုတော့ အရပင့်ပေးပါ” လို့ မှာပြီး နှစ်ဦးနှစ်ဖက် အာမခံနဲ့ သွားတယ်။ ကာဠုဒါယီ တို့လည်း ဘုရားထံ ရောက်တော့ ရှေ့ အမတ်များ နည်းတူး “ ဧဟိဘိက္ခု” ရဟန္တာတွေ ဖြစ်ကြတာပဲ။ ကပိလ၀တ်ပြည်သားချည်း ရဟန္တာတစ်သောင်း ရှိသွားပြီပေါ့။ ရာဇဂြိုဟ်ပြည်မှာ နေတဲ့ ပြာသိုလကနေ တပေါင်းလပြည့်အထိ နှစ်လအတွင်းမှာ မာဂဓတိုင်း ကလည်း လက်ယာရံ၊ လက်ဝံရံ များ အပါအ၀င် ရဟန္တာတစ်သောင်း ဖြစ်ကြတယ်။

တပေါင်းလပြည့်ရော်ကတော့ ကာဠုဒါယီ မထေရ်က တပေါင်းလရာသီနဲ့ ကပိလ၀တ်ခရီးလမ်းအကြား တောတောင် ပန်းမန် ရာသီဥတု သာယာပုံ ဂါထာ ခြောက်ဆယ်နဲ့ ဖွဲ့သီပြီး ခမည်းတော် စံရာ ဇာတိရပ်မြေ ကြွတော်မူဖို့ လျှောက်ထား တော့ နောက်ပါ ရဟန္တာပေါင်း နှစ်သောင်း အခြံအရံနဲ့ တပေါင်းလပြည့်ကျော် ၁ ရက် နေ့က စပြီး ယူဇနာ ခြောက်ဆယ် ဝေးတဲ့ ကပိလ၀တ်ပြည်ကို တစ်နေ့ တစ်ယူဇနာ နှုန်းနဲ့ ဖြည်းဖြည်း မှန်မှန် ကြွ တော်မူခဲ့ တယ်။

ခရီးတစ်ထောက်နားတိုင်း အရှင်ကာဠုဒါယီ မထေရ်က ကပိလ၀တ်ကို အဘိဉာဉ် နဲ့ ကြွပြီး သုဒ္ဓေဒနမင်းကြီးနဲံ ဆွေတော်မျိုးတော်တို့ကို ဘုရားရှင်ရဲ့ ဂုဏ်ကျေးဇူး တစ်နေ့ တစ်မျိုး ဟောပြလို့ ခမည်းတော်ကြီးနဲ့ ဆွေတော် မျိုးတောမများက ဘုရားရှင်ကို မဖူး တွေ့ ရခင်ကတည်းက ဂုဏ်တော်တွေကို ကြည်ညိုရင်းစွဲ ဖြစ်နေကြပြီ။ သုဒ္ဓေဒနမင်းကြီးက ကာဠုဒါယီမထေရ်ကို ဆွမ်းဆက်ကပ်ပြီး သားတော် ဘုရား

အတွက် ကာဠုဒါယီမထေရ်နဲ့ သပိတ်ထဲ ဆွမးတော်များ ထည့်လှူလိုက်လို့ ဘုရားရှင်ကလည်း ခမည်းတော်ကြီးနဲ့ မတွေ့ခင်ကပင် ခမည်းတော်လှူတဲ့ ဆွမ်းကို ဘုဉ်းပေးနေရပြီ။ ကပိလ၀တ္ထုမှာ ဘုရားရှင်နဲ့ နောက်ပါ သံဃာတော်များ သီတင်း သုံးဖို့အတွက် “ နိဂြောဓာရုံကျောင်း”အတွက် သတ်မှတ် မွမ်းမံထားနှင့် ကြပြီပေါ့။

ဒီလိုနဲ့ မဟာသက္ကရာဇ် ၁၀၄ ခု၊ ကဆုန်လပြည့်( ဘုရားဖြစ်ပြီး တစ် တင်းတင်း ပြည့်တဲ့) နေ့မှာ ကပိလ၀တ်ပြည်ကို ရောက်ပါတယ်။ ခွဲခွာခဲ့ပြီး ခုနှစ်နှစ်ကြာမှ ပြန် ရောက်တယ် ဆိုတော့ သားတော် ရာဟုလာလေး ခုနှစ်နှစ်အရွယ် ရှိပြီပေါ့။

ရောက်တဲ့နေ့မှာ တရားဟောတော့် သုဒ္ဓေါဒနမင်းကြီး သောတာပန်တည်တယ်။ နောက်တစ်နေ့ ထပ်ဟောတော့ ခမည်းတော်ကြီးက သကဒါဂါမ်တည်တယ်။ မိထွေး တော် ဂေါတမီက သောတာပန်တည်တယ်။ လပြည့်ကျော် သုံးရက်လောက်မှာ ညီတော် နန္ဒမင်းသားကို ရဟန်းခံပေးတော်မူတယ်။ ခုနှစ်ရက်မြောက် ရောက်တဲ့နေ့ကျတော့ ကပိလ၀တ် နန်းတော်မှာ ရဟန္တာ နှစ်သောင်းတို့နဲ့ အတူ ခမည်းတော် သုဒ္ဓေါဒနမင်းကြီး ဆက်ကပ်တဲ့ ဆွမ်းကို ဘုဉ်းပေးပြီး တရားဓမ္မ ဟောပြရင်း နန်းတော်မှာ သီတင်းသုံး နေတော်မူခိုက်မှာပေါ့--

ယသော်ဓရာ မိဖုရားက ခုနှစ်နှစ်အရွယ်ရှိတဲ့ သာားတော်လေးကို အလှဆုံး ၀တ်ဆင်ပြေးပြီးတော့ “ ချစ်သား…. ဟောဟိုမှာ ရဟန္တာ နှစ်သောင်းတို့ရဲ့ အလယ်က ရွှေဟင်္သလာမင်းကြီးသဖွယ် တင့်တင့်တယ်တယ် ထိုင်နေတာဟာ ချစ်သားရဲ့ ခမည်း တော်ပဲ။ ကဲ- သွားချေ၊ အမွေ တောင်းပေရော့” ဆိုပြီး လွှတ်လိုက်တဲ့ အခါ ရာဟုလာမင်းသားလေးက ဘုရားရှင်ရဲ့ အနီးကို သွားတယ်။ အနားရောက်တော့--

“ သုခါ တေ သာမဏ ဆာယာ= ကိလေသာ ခပ်သိမ်းငြိမ်းတော်မူပြီးတဲ့ ခမည်းတော်ဘုရား၊ အရှင် ဘုရားရဲ့ အရိပ်က ငြိမ်းအေးလှပါဘိဘုရား”လို့ လျှောက်တယ်။ ဆွမ်းကိစ္စပြီးလို့ နိဂြောဓာရုံကျောင်းပြန်ကြွတော့လည်း ရာဟုလာမင်းသားလေးက နောက်က လိုက်ပြီးတော့ “ ခမည်းတော်ဘုရား.. သားတော်ကို အမွေပေးပါ” လို့ အမွေတောင်းရင်းနောက်ကနေ လိုက်တယ်။ ဘုရားရှင်က မတားမြစ်တော့ ဘယ်သူကမှလည်း လှမ်း ခေါ်မတားရဲကြဘူး။ နိဂြောဓာရုံ ကျောင်း ရောက်တဲ့အထိ လိုက်လာပြီး “ အမွေပေးပါ”လို့ပဲတောင်းနေတော့ ဘုရားရှင် ကလည်း တိုတိုပဲ “ ချစ်သား သာရိပုတ္တရာ.. ရာဟုလာ အမွေ လိုချင်တာဖြင့် ရှင် သာမဏေပြုပေးလိုက်” ဒါပဲ မိန့်တယ်။

အဲဒီအချိန်မှာ လောကီ အမွေ ဆိုတာကလည်း မြတ်စွာဘုရားမှာ ပေးစရာ ဘာမှ မရှိပါဘူး။ လောကီ အမွေအနှစ်ဆိုတာ သံသရာဝဋ်ပြန်ပြီး လည်စေတဲ့ အမွေမျိုးဖြစ်လို့ အငိုရပ်စေတဲ့ အမွေလည်း မဟုတ်ဘူး။ ဒီတော့ လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်းကြာ ပါရမီတွေ ဆည်းပူးပြီး ခြောက်နှစ်ကြာအောင် ဒုက္ကရစရိယာ ကျင့်ခဲ့ပြီးတဲ့ နောက်မှ ရရှိတဲ့ ကိုယ်တော်မြတ်ရဲ့ သာသနာ့အမွေဟာ သံသရာဝဋ် ပြတ်ပြီး အငို ရပ်စေနိုင်စွမ်း ရှိတာမို့ အဲဒီအမွေကို ပေးတော်မူလိုတဲ့ အတွက် “ သာရိပုတ္တရာ.. ရာဟုလာ အမွေတောင်းနေတယ်။ သူ့ကို ရှင်ပြုပေးလိုက်” လို့ မိန့်တော်မူလိုက်တာပါ။

မြတ်စွာဘုရားရှင် မိဂဒါဝုန်မှာ တရားဦး ဟောချိန်က စပြီး ကာဠုဒါယီတို့ ရဟန်း ဖြစ်ချိန်လောက်အထိ ဆိုပါစို့။ “ “ ဧဟိ ဘိက္ခု” နဲ့ချည်း ရဟန်းပြုပေးခဲ့တာပဲ။ နောက်တော့ သာသနာပြု ကြွကြတဲ့ ရဟန်းတော်တွေထံ ရှင်ရဟန်း ပြုလိုသူတွေ ပေါ်လာတိုင်း ဘုရားရ၊ှင်ထံ ခေါ်လာနေရတာ ပင်ပန်းပြီး သာသနာပြုခရီး မတွင် ကျယ်ဘဲ ဖြစ်လာတော့ ရဟန်းတို့ ကိုယ်တိုင် သရဏဂုံနဲ့ပဲ ရှင်ပြုချင်သူကို ရှင်ပြုပေး၊ ရဟန်းပြုချင်သူကို ရဟန်းပြုပေးဖို့ ခွင့်ပြုလိုက်တယ်။ အဲဒီနောက် သိပ်မကြာခင်မှာပါပဲ ရာဇဂြိုဟ်ပြည်မှာ “ ရာဓ” ဆိုတဲ့ ပုဏ္ဏားကြီးကို ရဟန်းပြုပေးဖို့ကြုံတော့ သရဏဂုံနဲ့ ရဟန်းပြုပေးတဲ့ အစီအစဉ်ကို ရုပ်သိမ်းပြီး ဉတ္တိစတုတ္ထကံလို့ ခေါ်တဲ့ ဉတ်တစ်ကြိမ် ကမ္မ၀ါ သုံးကြိမ် ရွတ်ဖတ်ပြီး ရဟန်းပြုပေးဖို့ မိန့်ကြား ခွင့်ပြုတော်မူတယ်။ ရှင်ပြုပုံကို တော့ အထူး မသတ်မှတ်ရသေးဘူး။

အခု သားတော် ရဟုလာလေးကို ရှင်ပြုပေးရမယ် ဆိုတော့ ရှင်သာရိပုတ္တရာ မထေရ်မြတ်က “ ရှင်သာမဏေကို ဉာတ်ကမ္မ၀ါစာနဲ့များ ရှင်ပြုပေးရမှာလား”လို့ ယုံမှား သံသယ ဖြစ်ဖွယ် ရှိတဲ့အတွက် ရှင်သာမဏေပြုပေးရမယ့်အစီအစဉ်ကို ခိုင်ခိုင်မာမာ သတ်မှတ် ပညတ်ပေးဖို့ မြတ်စွာဘုရားကို လျှောက်ထားတဲ့အတွက် မြတ်စွာဘုရားက--

၁။ ပထမ ဆံမုတ်ဆိတ်များကို ရိတ်ပေးရမယ်။

၂။ ပြီးတော့ ဖန်ရည်စွန်းတဲ့ သင်္ကန်းများကို ၀တ်ရုံစေရမယ်။

၃။ ပြီးတော့ သရဏဂုံကို ဒုတိယမ္ပိ၊ တတိယမ္ပိ တိုင်အောင် သုံးးကြိမ်တိုင် ချပေး

ပြီး ပီပီသသ လိုက်ဆိုစေရမယ်လို့ သတ်မှတ် ပညတ်ပေးလိုက်ပါတယ်။

ဒါကြောင့် အခုကလေးတို့ တွြေ့မင်ကြရတဲ့ ရုပ်ပြပုံ အစီအစဉ်ဟာရှင်ရာဟုလာလေးကို ရှင်ပြုပေးရာကစပြီး သတ်မှတ်ပညတ်ခဲ့တဲ့ အစီအစဉ်ပေါ့။ ဒီနေ့ အ ထိ လည်း ဒီအတိုင်း ပဲ လိုက်နာရတယ်။

ဘုရားရှင်က ရှင်ပြုပေးပုံ အစီအစဉ်ကို ချမှတ်တော်မူလိုက်တဲ့ အခါမှာ ရာဟုလာ မင်းသားလေးကို အရှင်သာရိပုတ္တရာ မထေရ်မြတ်က ဥပဇ္ဈာယ်ဆရာပြုတယ်၊ အရှင်မဟာမောဂ္ဂလာန်က ဆံရိတ်ပေးခြင်း သင်္ကန်းတောင်း ချပေးခြင်း၊ သင်္ကန်းဝတ် ခြင်း ၊ သရဏဂုံ ချပေးခြင်း ဆိုတဲ့ ပဗ္ဗဇ္ဇာစရိယ ပြုတယ်။ အရှင် မဟာကဿပ ဆုံးမ ညွန်ကြားတဲ့ သြ၀ါဒါစရိယ ပြုလုပ်တော်မူတယ်။

သားတော် ရာဟုလာကို မြတ်စွာဘုရားရှင် ပေးတော်မူတဲ့ အမွေဟာ လောကီ ရွှေငွေဥစ္စာတို့လို အပြင် ဗဟိဒ္ဓမှာ ရှိတဲ့ ကိုယ်ပိုင်အစစ် မဟုတ်တဲ့ အမွေ မျိုး မဟုတ် ဘူး။ အပြင်ဗဟိဒ္ဓမှာ ရှိတဲ့ ပစ္စည်းဥစ္စာတွေ ဆိုတာက ရန်သူမျိုးငါးပါးနဲ့ ဆက် စပ် နေတဲ့အတွက် ကိုယ်ပိုင်အစစ် မဟုတ်ဘူး၊ ကိုယ်လိုရာ မပါနိုင်တဲ့ အတွက် ခွဲခွာ ရတဲ့အခါ ငိုပွဲနဲ့ နိဂုံးချုပ်ရမြဲ ဖြစ်လို့ အငိုနဲ့ တွဲနေတဲ့ အမွေတွေလို့ ဆိုရမှာပေါ့။

အခုသားတော်ရာဟုလာလေးကို ပေးခဲ့တဲ့ သာသနာ့အမွေဆိုတာ လေးအသင်္ချေ ကမ္ဘာတစ်သိန်း ဖြည့်ဆည်းခဲ့တဲ့ ပါရမီ အဟုန်တို့နဲ့ ထုံမွမ်းထားတဲ့ ဘုရားရှင်ရဲ့ နှလုံး သားမှာ ဘယ်ရန်သူကမှ ဖျက်ဆီးလို့မရနိုင်လောက်အောင် အခိုင်အမြဲ ပိုင်ဆိုင်တည် ရှိတဲ့ မဟာကရုဏာတော် သဗ္ဗညုတ ရွှေဉာဏ်တော် အပြည့်ပါတဲ့ အမွေဖြစ်လို့ ဘုရား ရှင်ရဲ့ နှစ်လုံးသား အမွေလို့ ဆိုရမှာပေါ့။

သားတော်ရဟုလာလေး ဘုရားရှင်ရဲ့ နှလုံးသား အမွေခံ ရှင်သာမဏေအဖြစ် ရောက်လာခြင်းဟာ နှစ်လုံးသားမှာ ဖြစ်တဲ့ မေတ္တာ၊ ကရုဏာ၊ လုံလတော်နဲ့ ခံတွင်းက မြွက်ဟဟောညွှန်တဲ့ တရားအသံတော် အားလျော်စွာ ဖြစ်ပေါ်လာရတာ ဖြစ်လို့ ဘုရားရှင်ရဲ့ နှလုံးသားမှာ သန္ဓေတည်ပြီး ခံတွင်းက ဖွားမြင်တဲ့ ရင်နှစ်သည်းချာ သားရတနာအစစ် ဖြစ်သွားတာတဲ့။

(ဥရေ ၀သိတွာ မုခတော နိက္ခ န္တဓမ္မဃောသ ၀သေန မဂ္ဂဖလေသု ပတိဋ္ဌိတတ္ထာ သြရသော မုခတော ဇာတော ။ ဒီ-၃-ဌ-၄၉)

စဉ်းစားကြည့်ရင် ရာဟုလာလေးဟာ ပထမတစ်ကြိမ် ရိုးရိုး သွေးသားနဲ့ သူလို ငါလို ဖွားမြင်တယ် ဆိုတော့ နှစ်ထပ်ဖွား ဖြစ်လာတာပေါ့။ ဒုတိယ တစ်ထပ်က အဆုံး အမကို နာခံပြီးဖြစ်တဲ့ သားနော်၊ ဒီလို နှစ်ထပ် ဖွားလိုက်လို့ “အမြတ်ဆုံးသား” လို့ လည်း ဆိုနိုင်တာ။

ကလေးတို့လည်း ပထမတစ်ကြိမ် သူလို ငါလို ဖွားမြင်ပြီး နောက်ထပ် အဖေ အမေတို့ ဆုံးမတာကို နားထောင်၊ လိမ္မာလာကြပြီဆိုရင် ခံတွင်းကနေ နောက်တစ်ကြိမ် ထပ်ဖွားတဲ့ အမြတ်စား နှစ်ထပ်ဖွား သားသမီးလေးတွေ ဖြစ်သွားပြီ ဆိုရမယ် ဟုတ် လား။

ကိုရင် ရာဟုလာလေးလို ဘုရားစကားပါ နားထောင် လိုက်နာပြီ ဆိုရင်တော့ ဘုရားရှင်ရဲ့ ရင်နှစ်သီးချာ သားရတနာလေးတွေ ဖြစ်သွားမှာပေါ့။ အဲဒီလို ဖြစ်နိုင်အောင် ရှင်ရာဟုလာလေးလို လိမ်လိမ်မာမာနဲ့ နားထောင် လိုက်နာကြဖို့ကတော့ ကလေးတို့ရဲ့ တာဝန်နော်။

ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)
မှတ်ချက်=မတ္တာဥယျာဉ်ဆိုဒ်မှကူးယူတင်ပြသည်

Views: 25

ဘလော့အမျိုးအစား(ဆောင်းပါး)

မှတ်ချက်ပေးရန်.--(ဗုဒ္ဓ၏ အဆုံးအမကိုလိုက်နာသောလူသားတစ်ယောက်ဖြစ်ပါစေ။)

☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺ သို့အဖွဲ့ဝင်ပြီးမှ မှတ်ချက်များကိုရေးသားနိုင်မှာဖြစ်ပါသည်။

Join ☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺

စတင်တည်ထောင်သူ

Android phone (ဗုဒ္ဓကမ္ဘာ)

................................................


anigif anigif1 anigif2 2anigif 4anigif anigif

အသစ်တင်တိုင်းပို့ပေးပါမယ်။

သင့်မေးချန်ထားခဲ့ပါ

http://s10.postimage.org/cmzjkbrol/0002064_D.gif

Delivered by FeedBurner

လေ့လာရန်

အဖွဲ့ဝင်များအားသိစေရန်


☺☺☺သာသနာပရဟိတ☺☺☺
ကိုလှူဒါန်းလိုပါက

အဖွဲ့ဒုဥက္ကဌ=ကိုလှိုင်ကျော်ထွေး

နေရပ်လိပ်စာ =အမှတ်(733)၊ကုန်းဘောင်(၁၆)လမ်း။ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။

ငွေလွှဲပို့ လှူဒါန်းရန် လမ်းညွှန်= Account No.0451210053098(Kan bawza bank ltd.Botahtaung)

Name of Account. U HLAING KYAW HTWE

NRC/CRC No(s).12/AUKATA(N) 148171 သို့တိုက်ရိုက်လွှဲပို့၍ဖြစ်စေ

ရန်ကုန်မြို့နယ် ၊ ဗိုလ်အောင်ကျော် လမ်းမပေါ်ရှိ ရိုးမဘဏ်(ကျောက်တံတား ဘဏ်ခွဲ) သို့

လှိုင်ကျော်ထွေး ၊မှတ်ပုံတင်နံပါတ်.12/ဥကတ(နိုင်) 148171 ၊ ဖုန်းနံပါတ် . 09420251552 လိပ်မူပေးပို့၍ဖြစ်စေ လှူဒါန်းနိုင်ပါကြောင်း နိုးဆော် အသိပေးအပ်ပါသည်။

နေ့စဉ်ဘလော့များ

အထူးထင်ရှားသောဘလော့ဂ်များ

နောက်ဆုံးလုပ်ဆောင်ချက်များ..

ဂီဂီ left a comment for ဂီဂီ
"ကိုကြီးကျေးတင်ပါတယ်ခုလိုဖိတ်ပေးတဲ့အတွက်ပါကိုကြီးစိတ်ချမ်းသာကိုယ်ကျန်းမာပါစေနော်"
1 hour ago
capt, kyaw hsaung left a comment for ဂီဂီ
"ညီမလေးဂီဂီ...ညီမလေးကို...ကိုကြီးလာကြိုတယ်နော် ညီမလေးကဘာသာရေးလိုက်စားသူတစ်ယောက်မို့လို့…"
1 hour ago
Htain Lin Oo liked မူကြိုဆရာ's blog post 'တောင်ဖီလာဆရာတော်၏ သီလဂုဏ်'
2 hours ago
Profile Iconဂီဂီ, ye latt, အားလုံးမင်္ဂလာပါ and 2 more joined ☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺
2 hours ago
Htain Lin Oo commented on မူကြိုဆရာ's blog post 'တောင်ဖီလာဆရာတော်နှင့် စက်တော်ရာနှစ်ဆူ ရှာဖွေခြင်း'
"သိရှိမှတ်သားကြည်ညို ရပါသည်။ တောင်ဖီလာဆရာတော်ကြီး ဘုရားဆုပန်ကြောင်းလည်းသိရ၍ သာဓုခေါ်ပါသည်၊…"
3 hours ago
Htain Lin Oo liked မူကြိုဆရာ's blog post 'တောင်ဖီလာဆရာတော်နှင့် စက်တော်ရာနှစ်ဆူ ရှာဖွေခြင်း'
3 hours ago
Htain Lin Oo commented on မောင်မြင့်'s blog post '"မိဘကျေးဇူးအကျေဆပ်နည်း"'
"ဆရာတော်ကို ဦးခိုက်ပူဖော်ပါတယ်။ ကူးယူမျှဝေပေးတဲ့ ဦးမောင်မြင့် ကိုလည်း ကျေးဇူးတင်ပါတယ်။"
3 hours ago
Htain Lin Oo liked မောင်မြင့်'s blog post '"မိဘကျေးဇူးအကျေဆပ်နည်း"'
3 hours ago
mun mun aung liked လှိုင်ကျော်ထွေး's blog post 'သောတာပန် ကာမဂုဏ်ခံစားမှုနှင့် ပုထုဇဉ်တို့ ခံစားမှုဟာ အတူတူပဲ မဟုတ်လား'
3 hours ago
Htain Lin Oo commented on မောင်မြင့်'s blog post 'ကဆုန်လပြည့်နေ့ ရွှေတိဂုံစေတီတော် မြင်ကွင်းများ'
"ကျေးဇူးတင်ပါသည်။"
3 hours ago
Htain Lin Oo liked မောင်မြင့်'s blog post 'ကဆုန်လပြည့်နေ့ ရွှေတိဂုံစေတီတော် မြင်ကွင်းများ'
3 hours ago
မူကြိုဆရာ posted blog posts
4 hours ago

© 2013   Created by ကောင်းမြတ်မင်း.   Powered by

Badges  |  Report an Issue  |  Terms of Service

; Related Posts Plugin for WordPress, Blogger...