“နိဒါန်း”
ဓမ္မစကြာတရားတော်တွင် အဓိကကျသောအရာမှာ ကာမသုခလ္လိကာနုယောဂအကျင့်တရားနှင့် အတ္တကိလမထာနုယောဂအကျင့်တရားနှစ်ပါးပင် ဖြစ်သည်။ ဤနေရာတွင် အနုယောဂ-ဟူသောစကားကို အကျင့်ဟုသာ စာရေးသူအနေဖြင့် ဘာသာပြန်လိုက်ရပါသည်။ အချို့သောကျမ်းစာတို့တွင်မူ အဖို့+အစွန်းစသည်ဖြင့် ယူဆ,ရေးသားလက်ခံကြပါသည်။
ဤအရာသည် စာတမ်း(သို့မဟုတ်)ဆောင်းပါးသာဖြစ်ပါသည်။ တကယ်တမ်းမူ ဓမ္မစကြာတရားတော်သည် အလွန်ကျယ်ဝန်းပေသည်။ အဘိဓမ္မာတရားတော်၏ ရှေ့ဆောင်လမ်းပြဟုပင် ယူဆနိုင်ပေသည်။ အကျယ်တ၀င့်ရေးသားရလျှင် ခမ်းနားကြီးကျယ်သော ကျမ်းစာတစ်ဆောင်မျှဖြစ်နိုင်ပေသည်။ သို့သော်လည်း အချိန်ကို ငဲ့ကွက်သောအားဖြင့်လည်းကောင်း၊ စာဖတ်ပျင်းသူတို့အတွက် ကျမ်းလေးမည်ဆိုးသောကြောင့်လည်းကောင်း အကျဉ်းချုံး၍ နားလည်သဘောပေါက်လွယ်စေရန် ယနေ့ခေတ်သုံးစကားလုံးများကို အဓိကထား၍ ရေးသားတင်ပြလိုက်ရပေသည်။
“၀န်ခံချက်”
ဤစာတမ်းဖြစ်မြောက်စေရန် ဓမ္မစကြာစာအုပ်ပေါင်းများစွာလေ့လာခဲ့သော်လည်း မဟာစည်ဆရာတော်၏ ဓမ္မစကြာတရားတော်စာအုပ်သည်သာ စာရေးသူအတွက် အကောင်းဆုံးဖြစ်ခဲ့ပါသည်။ အခြားသောကျမ်းစာတို့မှာ ကောင်းမွန်သော်လည်း စာရေးသူအနေဖြင့် ဥာဏ်မမှီသောကြောင့် ဆိုလိုရင်းအဓိပ္ပါယ်ကို နားမလည်,သဘောမပေါက်ခဲ့ပါ။ ထို့ကြောင့် မဟာစည်ဆရာတော်၏ ဓမ္မစကြာတရားတော်ကျမ်းစာကို ကိုးကားပါသည်။
အယူအဆနေရာများ၌ အမှားများပါခဲ့လျှင် စာရေးသူ၏ တင်ပြချက်ညံ့ဖျင်းမှုကြောင့်သာ ဖြစ်ပါလိမ့်မည်။ ဆရာတော်နှင့် မည်သို့မျှမသက်ဆိုင်ပါ။ ပညာရှိများ မွန်မြတ်သောစိတ်ထားဖြင့် ပြင်ဆင်ဖတ်ရှု၍ သဘောထားကြီးစွာဖြင့် ခွင့်လွတ်ပေးနိုင်ကြပါစေ..။ ။။
“အဖွင့်”
ဂေါတမဗုဒ္ဓသည် ဗောဓိမဏ္ဍိုင်တွင် ဘုရားဖြစ်တော်မူပြီး၍ သတ္တာဟခုနှစ်ဌာနတွင် သမာပတ်ဝင်စားပြီးသောအခါ မိမိသိရှိထားသော နက်နဲခက်ခဲသောတရားတော်များကို ဟောကြေားရန် အကြံတော်ဖြစ်တော်မူခဲ့သည်။ ထိုတရားတော်ကို ထိုးထွင်းသိမြင်နိုင်ရန် သာမန်လူသားများအတွက် ခက်ခဲလွန်းသောကြောင့် ဥာဏ်ပညာနှင့်ပြည့်စုံသော အာဠာရသေ့ကြီးကို ရှေးဦးစွာ သတိရမိပေသည်။ သို့သော် အာဠာရသေ့ကြီးသည်ကား သေလွန်သွားခဲ့ပြီး အာကိဉ္စညာယတနဘုံတွင် ဗြဟ္မာတို့၏စည်းစိမ်ဖြင့် စံပျော်နေပြီဖြစ်သည်။
ထို့နောက်တွင် ဥဒရရသေ့ကြီးကို ဆင်ခြင်ကြည့်သောအခါတွင် ထိုရသေ့ကြီးသည်လည်း လွန်ခဲ့သောညကပင် နေ၀သညာနာသညာယတနဘုံသို့ ကူးပြောင်းသွားခဲ့ပေပြီ။ အဆုံးတွင် မိမိကို အလုပ်အကျွေးပြုခဲ့ဖူးသော ပဉ္စ၀ဂ္ဂီ(ရသေ့)ငါးယောက်အား တရားဟောကြားတော်မူရန် ဆုံးဖြတ်ချက်ချတော်မူခဲ့သည်။
“မိဂါဒါဝုန်သို့...ခြေလှမ်းစတင်ခြင်း”
ထိုနေ့သည် အလွန်တရာလှပသော နေ့တစ်နေ့ဖြစ်သည်။ ညချမ်းအချိန်သည် တိတ်ဆိတ်ငြိမ်သက်လျှက် ရှိပေသည်။ တန်ခိုးဣဒ္ဓိပါဒ်ကို ကိုယ်စားပြုသောနေမင်းသည် အနောက်ယွန်းသို့ရွေ့လျောနေပြီဖြစ်သည်။ သဘာဝအရ ပညာကိုယ်စားပြုလမင်းသည် စတင် ထွန်းလင်းတောက်ပလာချေပြီ။
ဗုဒ္ဓဂေါတမရှေ့တွင် ပဉ္စ၀ဂ္ဂီငါးယောက်သည် သံသယစိတ်ရေးတေးတေးဖြင့် မြေပြင်ကို မမှိတ်မသုန်ကြည့်ရှုနေကြသည်။ (သံသယစိတ်ဖြစ်ရခြင်းအကြောင်းကို နောင်တွင် အကျယ်တ၀င့်ရေးသားပါမည်) ဗုဒ္ဓဂေါတမသည် သူတို့အား မည်သို့သောတရားကို ဟောကြားမည်နည်း သူတို့ စိတ်လှုပ်ရှားနေကြသည်။ ထိုအချိန်တွင် ဗုဒ္ဓဂေါတမ၏အသံတော် ထွက်ပေါ်လာသည်.....
ဒွေ မေ ဘိက္ခဝေ အန္တာ ပဗ္ဗဇ္ဇိတေန န သေ၀ိတဗ္ဗာ။
“ချစ်သားရဟန်းတို့ ရှင်,ရဟန်းဖြစ်သောသူသည် အစွန်းရောက်သောအကျင့်နှစ်မျိုးကိ မမှီဝဲ,မကျင့်ကြံသင့်ဘူး”ဟု စတင်ဟောကြားတော်မူခဲ့ပါသည်။
အထက်ပါစကားရပ်တွင် ပဉ္စ၀ဂ္ဂီငါးဦးကို မြတ်ဗုဒ္ဓသည် “ရဟန်းတို့”ဟူသော အသုံးအနှုန်းဖြင့် ခေါ်ဝေါ်ခဲ့ပါသည်။ သို့သော်လည်း ပဉ္စ၀ဂ္ဂီငါးဦးသည် ရဟန်းအဖြစ်သို့ မရောက်သေးချေ။ အဘယ်ကြောင့် “ဘိက္ခဝေ”ဟုခေါ်ပါသနည်းဟူသောမေးခွန်းသည် စောဒကတက်ဖွယ် ဖြစ်ပေသည်။ အကြောင်းမှာ မြတ်ဗုဒ္ဓ၏ ပရိသတ်လေးပါးတို့တွင် ရဟန်းပရိသတ်သည် အမြတ်ဆုံးဖြစ်ပေသည်။ မြတ်ဗုဒ္ဓ၏(၄၅)၀ါသော ကာလအတွင်း များသောအားဖြင့် တရားဟောရာတွင် ဘိက္ခဝေ-ဟူသော အာလုပ်ပုဒ်ကိုသာ အသုံးပြုလေ့ရှိသည်။ ဥပမာအားဖြင့် မဟာသမယသုတ်ဟောကြားရာတွင် လူပရိသတ်ချည်းသက်သက်သာ ဖြစ်သော်လည်း ဘိက္ခဝေ-ဟုသာ ခေါ်ဝေါ်ခဲ့ပေသည်။
ဤနေရာ၌ကား-
ပဉ္စ၀ဂ္ဂီငါးဦးသည် အစောပိုင်းကပင် ရဟန်းအဖြစ်ဖြင့် ဗုဒ္ဓဂေါတမအလောင်းတော်ဘ၀ကတည်းက နေခဲ့သောကြောင့်လည်းကောင်း၊ ဧဟိဘိက္ခုခေါ်ထိုက်သော သာဝကများဖြစ်သောကြောင့်လည်းကောင်း၊ သာသနာတော်အား ကြည်ညို၍ရဟန်းပြုလာသူ (သဒ္ဓါပဗ္ဗဇ္ဇိတ)များ ဖြစ်သောကြောင့်လည်းကောင်း ဘိက္ခဝေ-ဟု ခေါ်ဝေါ်ခဲ့ခြင်းဖြစ်ပေသည်။ (ဤကား ရှင်းလင်းချက်)
☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺ သို့အဖွဲ့ဝင်ပြီးမှ မှတ်ချက်များကိုရေးသားနိုင်မှာဖြစ်ပါသည်။
Join ☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺