ကြွပ်ကြွပ်အိတ်ထဲက သီလ
ကိုယ့်အထုပ်ကို ကိုယ်ကိုယ်တိုင် ဖြေကြည့်ကြစေချင်ပါတယ်။
ကိုယ့်ဒါနထုပ်ကို ကိုယ်ပြန်ကြည့်ကြစမ်းပါ။ ဒါနကို လှူတဲ့အခါ နိဗ္ဗာန်ကို ငဲ့ခဲ့တာလား၊ ဟိုဟာဒီဟာကို ငဲ့ခဲ့တာလား၊ ပြန်ကြည့်ကြစေချင်ပါတယ်။ ဒါနပြီးတော့ သီလ၊ သီလ အထုပ်ကိုလည်း ပြန်ပြီး ကြည့်ကြစမ်းပါ။
တချို့  မခု အသက်အရွယ် အထိကိုပဲ ငါးပါးသီလဆိုတာ မလုံခဲ့ကြဖူးဘူးတဲ့။
တချို့  ကျတော့ ငါးပါးသီလလောက်တော့ စောင့်ဖူးပါတယ်။ ရှစ်ပါးသီလ ဥပုသ်စောင့်တာကိုတော့ မစောင့်ခဲ့ဖူးဘူးတဲ့။
တချို့  အသက် ၆၀ ပြည့်ပြီ၊ တစ်ခါမှ ဥပုသ်မစောင့်ဘူးတဲ့ သူတွေ တစ်ပုံကြီး ရှိနေကြပါတယ်။
တချို့  ဥပုသ်သီလ စောင့်ပြန်တော့လည်း တစ်နှစ်မှ နှစ်ခါ သုံးခါပဲ စောင့်ဖြစ်ကြပါတယ်။ ၀ါတွင်း တစ်ဆယ့်သုံးဥပုသ်တောင် တစ်ဆယ့်သုံးရက်စလုံး ဥပုသ်စောင့်တာ မပြည့်ကြပါဘူး။ တစ်နှစ်နေလို့ တစ်ဆယ့်သုံးရက် ဥပုသ် စောင့်ဖူးတဲ့သူက အလွန်ပဲ ရှားပါတယ်။
ဒီစောင့်ထိန်းရခက်တဲ့ ရှစ်ပါးသီလကို ခဏထားပါဦး၊ လူဆိုတာ ငါးပါးသီလကို ခါးဝတ်ပုဆိုးကဲ့သို့ မြဲရတယ်။
သူ့အသက် မသတ်ရဘူး၊
သူ့ဥစ္စာမခိုးရဘူး။
သူ့အိမ်ရာ မလွန်ကျူးရဘူး။
မဟုတ်မမှန် လိမ်ညာဝါကြွားပြီး မပြောရဘူး။
သေရည်သေရက် ဘိန်းဘင်းကစော် လှော်စာအရက် ဖဲရိုက် အရက်သောက် ဆိုတာတွေ မလုပ်ရပါဘူး။
ဟိုလိုလို ဒီလိုလိုနဲ့ ကုသိုလ်တရားတွေကို မေ့လျော့တာ မရှိရပါဘူး။
အဲဒီ သီလ ငါးပါးစလုံးကို လုံသလားဆိုတော့ မလုံ့တလုံ၊ မလုံတာ များပါတယ်။ လုံချည်လေးတစ်ထည်ဝတ်၊ အပေါက်လေးတစ်ပေါက်က ခြေသလုံးမှာ ပေါက်နေတာ ရှိနေတယ်။
လုံချည်တစ်ထည်လုံး အကုန်ကောင်းတယ်။ အပေါက်လေးတစ်ပေါက် ပါတာနဲ့ပဲ အပြောခံရတယ်။
နင့်လုံချည်က ကောင်းလည်းမကောင်းဘူး၊ လုံလည်းမလုံဘူးတဲ့။ အပေါက်ကြီးပါနေတယ်တဲ့။
ငါးပါးသီလ၊ လေးပါး လုံပါတယ်။ တစ်ပါးကျိုးတယ်။
" နင့်သီလက လုံလည်း မလုံဘူး " လို့ အပြောခံရမှာပါပဲ။ ဘယ်သူပြောမလဲ၊ ကိုယ့်ကိုယ်ကိုယ် ပြန်ပြောတာနော်။
ကိုယ့်သီလ လုံတယ် မလုံဘူးဆိုတာ ကိုယ်သိတယ်။
ကိုယ့်သီလ စင်ကြယ်၊ မစင်ကြယ် ဆိုတာလည်း ကိုယ်သိတယ်။
ကိုယ့်သီလ ဖြူ၊ မဖြူ ဆိုတာလည်း ကိုယ်သိတယ်။
ကိုယ့်သီလ မလုံရင် ကိုယ်ပဲ စိတ်ညစ်ရတယ်။ ပြန်စဉ်းစားတိုင်း ကိုယ်ပဲ စိတ်နှလုံး မသာမယာဖြစ်ရတယ်။ စိတ်ဆင်းရဲရတယ်။ ပြန်တွေးတိုင်းလည်း ကိုယ် စိတ်ပင်ပန်းရတယ်။ စိတ် မကြည်လင်နိုင်ပါဘူး။
ငါးပါးသီလ ကျိုးတာ ပေါက်တာ ပြောက်တာ ကျားတာ ရှိသလား၊ မရှိဘူးလား။ ကိုယ့်သီလထုပ်လေးကို ကိုယ်ကိုယ်တိုင် ပြန်ဖြေကြည့်လိုက်ုစမ်းပါ။
အထုပ်ကို ကောင်းမကောင်း ပြန်ကြည့်ဖို့ နေနေသာသာ ငါးပါး၊ ရှစ်ပါး စတဲ့ ဒီအထုပ်တွေကို ထုပ်တောင် မထုပ်ရသေးတဲ့ လူတွေက တစ်ပုံကြီးပါပဲ။
ဘာလို့လဲဆိုတော့ " သီလအထုပ်ကို ထုပ်တောင် မထုပ်ရသေးပါဘူး။ ထုပ်ဖို့လည်း မအားသေးပါဘူး " တဲ့။
ကိုယ့်သီလလေးက ငါးပါးသီလကို စောင့်ထိန်းတယ်၊ ဥပုသ်သီတင်းစောင့်သုံးတယ် ဆိုတာလောက်ပဲ ရှိကြပါတယ်။
ရှင်သာမဏေ၊ ရဟန်းသံဃာတွေရဲ့  ကျင့်သုံးရတဲ့ သီလတော်တွေနဲ့ နှိုင်းပြောရမယ်ဆိုရင် မြင့်မြတ်တဲ့ တန်ဖိုး အရည်အချင်းတွေသာမက အရေအတွက်တွေပါ အလွန် ကွာခြားလှပါတယ်။ မိမိက သီလ မစောင့်ဘူးလားဆိုတော့ စောင့်တယ်။ သီလ မရှိဘူးလားဆိုတော့ ရှိပါတယ်။
သီလရှိတယ်၊ စောင့်တယ်ဆိုပေမယ့် ကိုယ့်သီလကို ဘာနဲ့ထုပ်ထားသလဲဆိုတာ ပြန်ကြည့်ပေါ့။
သီလစောင့်တာတောင်မှ စားရင်းသောက်ရင်း ရောင်းရင်းဝယ်ရင်း ပြေးရင်းလွှားရင်းနဲ့ သုတ်သုတ်ရုတ်ရုတ်နဲ့ စောင့်ရတဲ့ ဥပုသ်သီလတဲ့။
သီလပြည့်စုံတဲ့ ဥပုသ်သီလအထုပ်တောင် ကောင်းကောင်း မထုပ်အားရှာပါဘူး။
နေ့စဉ်နေ့တိုင်း ဈေးဝယ်တဲ့အခါ၊ လမ်းကြုံလို့ ဈေးဝယ်တဲ့အခါ ပျာယီးပျာယာနဲ့ ဈေးဝယ်ပြီးတော့ ပေးပေး ကြွပ်ကြွပ်အိတ်နဲ့ ထည့်ဆိုတာမျိုး ဖြစ်နေပြီ။
ကိုယ်စောင့်သုံးတဲ့ သီလဟာ ကြွပ်ကြွပ်အိတ်နဲ့ ထည့်ထားတဲ့ သီလမျိုး ဖြစ်နေရင် ဘာမှ သုံးစားလို့ မရပါဘူး။
တန်ဖိုးကြီးတဲ့ ရွှေတွေ ငွေတွေ၊ ကျောက်သံပတ္တမြားတွေ ဘယ်သူက ကြွပ်ကြွပ်အိတ်နဲ့ ထုပ်မလဲ၊ ထည့်မလဲ။ တန်ဖိုးကြီးတဲ့ ပစ္စည်း တန်ဖိုးကြီးတဲ့ အထုပ်အပိုးတွေနဲ့ သပ်သပ်ရပ်ရပ် ထုပ်တယ်။ တန်ဖိုးကြီးတဲ့ အိတ်ထဲမှာ တန်ဖိုးရှိ ပစ္စည်းတွေကိုပဲ ထည့်တယ်။ သိမ်းတယ်။
အခု မိမိတို့ စောင့်ထိန်းတဲ့ သီလက ဘယ်လောက် တန်ဖိုးကြီးသလဲလို့ ပြန်ကြည့်ပေါ့။ ကပျာကယာသီလ၊ ရေးကြီးသုတ်ပျာသီလ၊ ကြွပ်ကြွပ်အိတ်နဲ့ ထည့်ထားတဲ့သီလ ဖြစ်နေရင်တော့ ဒီသီလဟာ အားကိုးလို့မရတဲ့သီလ ဖြစ်နေရှာပြီပေါ့။
ဒီကြွပ်ကြွပ်အိတ်သီလကို အားကိုးပြီးတော့များ ဒီလူ့ဘ၀ကြီးကို ဒီလိုပဲ နေကြတော့မှာလား။ ဒီလိုပဲ ခရီးဆက်ကြတော့မှာလား။ နိဗ္ဗာန်ရောက်ဖို့ ခဏ အသာထားဦး။ ဘ၀ခရီးကိုပဲ ကျန်းကျန်းမာမာနဲ့ ခရီးဆက်နိုင်အောင် ဘယ်လိုလုပ်ကြမလဲ။
ဧည့်သည်ဆိုတာ သံသရာခရီးကို ဆက်ခါဆက်ခါ သွားနေရတာဆိုတော့ ဒါန၊ သီလ၊ ဘာဝနာဆိုတဲ့ ရိက္ခာထုပ်တွေ ပါရပါမယ်။
ဒါနအထုပ်တွေကို ပြည့်ပြည့်စုံစုံထုပ်ပြီး သံသရာခရီးမှာ နိဗ္ဗာန်ရောက်သည့်တိုင်အောင် ချမ်းချမ်းသာသာ နေနိုင်ဖို့ ပါသွားရမယ်။
သီလအထုပ်တွေကို ပြည့်ပြည့်စုံစုံထုပ်ပြီး သံသရာခရီးမှာ နိဗ္ဗာန်ရောက်သည့်တိုင်အောင် ကျန်းကျန်းမာမာ နေနိုင်ဖို့ ပါသွားရမယ်။
ဘာဝနာအထုပ်တွေကို ပြည့်ပြည့်စုံစုံထုပ်ပြီး သံသရာခရီးမှာ နိဗ္ဗာန်ရောက်သည့်တိုင်အောင် စိတ်ချမ်းသာစွာနဲ့ အသိဉာဏ်ရှိရှိ နေနိုင်ဖို့ ပါသွားရမယ်။
အခုတော့ မိမိတို့မှာပါတဲ့ ဒါနအထုပ်ကလည်း မပြောပလောက်ပါဘူး။
အလှူဒါန ရိက္ခာထုပ်ကို ပြန်ကြည့်ရင် အားရစရာမရှိပါဘူး။
သီလရိက္ခာအထုပ်ကို ကြည့်ပြန်တော့လည်း ကိုယ့်သီလကို ကိုယ်ပြန်ကြည့်မိတာနဲ့ ကိုယ့်ဟာကိုယ် စိတ်ပျက်စရာ ဖြစ်သွားရတယ်။ ရှေ့  ဆက်ပြီး ဒီသီလနဲ့ ခရီးသွားရမှာတောင် တွန့်နေမိတယ်။
တပည့်တော်တို့က ငါးပါးသီလတွေလုံပါတယ်။ အပါယ်လေးဘုံကို လုံးဝမကျတော့ပါဘူး။ လူချမ်းသာ၊ နတ်ချမ်းသာ ကိုယ်ကြိုက်တာ ယူနိုင်တယ်ဆိုတဲ့ ဒီလိုစိတ်မျိုး အခုအထိ မထားရဲသေးပါဘူး။ ကိုယ့်သီလကမှ မလုံဘဲ။ ကိုယ့်သီလကမှ မဖြူဘဲ။ ကိုယ့်သီလကမှ မစင်ကြယ်ဘဲဖြစ်နေတော့ သံသရာမှာ ရဲဝံ့တဲ့စိတ် ဘယ်မှာထားရဲပါ့မလဲ။
တရားစခန်းတွေဝင်၊ တရားတွေ အားထုတ်နေကြတဲ့ တရားနဲ့ယှဉ်တဲ့သူတွေပါ၊ သူတော်ကောင်းတွေပါလို့ ကိုယ့်ကိုယ်ကိုယ် ဘယ်လောက်ပြောပြော သီလမလုံရင် ဘာတရားမှ မရှိနိုင်ပါဘူး။ တရားတွေ ဘယ်လောက်အားထုတ်ထားထား သီလမလုံရင် ဘာမှ သုံးစားလို့ မရနိုင်ပါဘူး။
သီလတရားတွေ လုံလိုက်ကြစမ်းပါ။ သူများအသက် ဘာလို့ သတ်မှာလဲ။ သူများဥစ္စာ ဘာလို့ ခိုးမှာလဲ။
ကိုယ်သေမှာကြောက်သလို သူများလည်း သေမှာကြောက်တာပေါ့။ ဘာဖြစ်လို့ သူများကို သတ်မှာလဲ။ ဒုက္ခပေးရမှာလဲ။ ကိုယ့်ရှိတာလေးနဲ့ ကိုယ်စားပေါ့။ ဘာဖြစ်လို့များ သူများပစ္စည်းကို မတရားသဖြင့် ခိုးယူတိုက်ယူ လုယူချင်ရတာလဲ။
ကိုယ့်ပစ္စည်းကို ကိုယ်ကမပေးချင်သလို သူကလည်း ဘယ်မှာလာပြီး ပေးချင်ရှာမှာလဲ။ မသတ်ကြပါနဲ့၊ မခိုးကြပါနဲ့၊ အဲဒီလိုပါပဲ။ သူများအိမ်ရာကို မလွန်ကျူးကြပါနဲ့၊ လိမ်ညာဝါကြွားပြီး မုသား မပြောကြပါနဲ့။ သေရည်သေရက် မူးယစ်ဆေးဝါးတွေ မမှီဝဲကြပါနဲ့။
စဉ်းစားကြစမ်းပါ။ သီလတွေ လုံလိုက်ကြစမ်းပါ။ ငါးပါးသီလမှ မလုံဘူးဆိုရင် ဘာတရားမှ မရှိတော့ဘူးလို့ ပြောနိုင်တယ်။
အကြိမ်များစွာ တရားထိုင်ဦးတော့ သီလမလုံရင် အဲဒီတရားထိုင်တာဟာ ဘာကို ဘယ်လိုများ သွားအားကိုးရမှာလဲ။
နားလည်စေချင်ပါတယ်။
သိစေချင်ပါတယ်။
ကိုယ်တိုင်လည်း သိစေချင်တယ်။
ကိုယ့်ပတ်ဝန်းကျင်တွေကိုလည်း သိစေချင်ပါတယ်။
ဦးပဉ္စင်းတို့ လူ့ဘ၀ အင်ဂျင်နီယာဘ၀ကနေပြီး သာသနာ့ဘောင် ရောက်တယ်ဆိုတာ ဘာဖြစ်လို့လဲလို့ မေးရင် " သူတော်ကောင်း " ဖြစ်ချင်လို့ဆိုတာ အချက်တစ်ချက်အနေနဲ့ ပါပါတယ်။
ကိုယ်လည်း သူတော်ကောင်းဖြစ်ချင်ပါတယ်။ ကိုယ်နဲ့ ပေါင်းတဲ့သူတွေကိုလည်း သူတော်ကောင်း ဖြစ်စေချင်ပါတယ်။
ကိုယ်တိုင်လည်း သူတော်ကောင်းနဲ့ပဲ တွေ့ချင်တယ်။ သူတော်ကောင်းနဲ့ပဲ ပေါင်းချင်တယ်။ သူတော်ကောင်းနဲ့ပဲ စကားတွေ ပြောချင်တယ်။ သူတော်ကောင်းနဲ့ပဲ ဆက်ဆံချင်ပါတယ်။
မှတ်မိပါသေးတယ်။
ငယ်ငယ်တုန်းက၊ ငယ်တုန်းက ဆိုတာ သိပ်တော့ မငယ်ပါဘူး။
ကိုးတန်း၊ ဆယ်တန်း အရွယ်ပေါ့။
သူတော်ကောင်းဖြစ်ချင်တယ်။
သူတော်ကောင်း လိုက်ရှာတယ်။
သူငယ်ချင်းတွေနဲ့ ပေါင်းရင်တောင် သူတော်ကောင်း သူငယ်ချင်းတွေကိုပဲ လိုက်ရှာပြီးပေါင်းတာ။
ငယ်တုန်းကရှာတာနဲ့ အခု ရှာတာ မတူတော့ဘူးပေါ့။ ငယ်တုန်းက ဘယ်သူ သူတော်ကောင်းလဲ၊ မျက်လုံးလေးဖြဲပြီး သေချာလိုက်ရှာတာ။
ဟာ…သူတော်ကောင်းနဲ့တူတယ်ဆိုပြီးတော့ ပေါင်းကြည့်တယ်၊ ပေါင်းမိတယ်။ တကယ်ပေါင်းကြည့်တော့ သူတော်ကောင်းအစစ်တွေမဟုတ်တာ များပါတယ်။
သူတော်ကောင်းဖြစ်ချင်သူတွေက သူတော်ကောင်းတွေကို လိုက်ရှာပြီး ပေါင်းကြသင်းကြတာ သဘာဝပါပဲ။ ငယ်တုန်းက သူငယ်ချင်းတွေ တစ်ရာလောက်တွေ့ခဲ့တယ်ဆိုပါစို့။
သူတော်ကောင်း သူငယ်ချင်းတွေဆိုတာ အရေအတွက် နည်းပါတယ်။
အဲ…နောက်ကျမှ စဉ်းစားမိတယ်။ သူတော်ကောင်းနဲ့ ဘယ်လိုပေါင်းမလဲ၊ ရှာမလဲပေါ့။
သူတော်ကောင်းနဲ့ တကယ်တွေ့ချင်လား။ တွေ့ချင်တာပေါ့။
သူတော်ကောင်းနဲ့တွေ့ချင်ရင် လိုက်မရှာနဲ့တော့။
ကိုယ့်ကိုယ်ကိုယ် ဆုံးမတာကို ပြောပါတယ်။
ဟာ…လိုက်မရှာလို့ ဘယ်လိုလုပ်ပြီး သူတော်ကောင်းတွေနဲ့ တွေ့နိုင်ပါ့မလဲ။
သူတော်ကောင်းဆိုတာ ရှာတာတောင် မတွေ့ရတဲ့အထဲ လိုက်မရှာရင် ပိုပြီး မတွေ့မှာပေါ့။
မဟုတ်ဘူးကွယ်.။
မင်း အဲဒီ ပကတိ မျက်စိနဲ့။ သာမန် မျက်စိလေးနဲ့ သူတော်ကောင်းကို လိုက်မရှာနဲ့။
တကယ်သူတော်ကောင်းကို တွေ့ချင်ရင် ကိုယ်ကိုယ်တိုင် သူတော်ကောင်းဖြစ်အောင် လုပ်ရမှာလို့ တကယ် သဘောပေါက်ခဲ့ပါတယ်။
အားလုံးကိုလည်း အဲဒီလို အမှန်တိုင်း သဘောပေါက်စေချင်ပါတယ်။
လောကကြီးအတွင်းမှာ သတ္တ၀ါတွေဆိုတာက ကိုယ့်အထုပ် ကိုယ်ထမ်း ကိုယ့်လမ်းကိုယ် လျှောက်ပြီး ကိုယ့်အထုပ်ကို ကိုယ်ဆွဲပြီး သံသရာခရီးကို ဆက်ခါဆက်ခါ သွားနေကြရတာပါ။
အဖေ့ကို ကြည့်ပြန်တော့လည်း ကိုယ့်အထုပ်ကို ကိုယ်ဆွဲပြီး ကိုယ့်ခရီး ကိုယ်သွားနေရတာ။ အမေ့ကို ကြည့်ပြန်တော့လည်း ကိုယ့်အထုပ်ကို ကိုယ်ဆွဲပြီး ခရီးသွားနေရတာ။
ဘယ်လောက်ချစ်ပါတယ် ခင်ပါတယ်ပြောတဲ့ ညီအစ်ကို မောင်နှမတွေပဲဖြစ်ဖြစ် ကိုယ့်အထုပ်ကို ကိုယ်ဆွဲပြီး ကိုယ့်ခရီး ကိုယ် ဆက်သွားကြရတာပါ။
ဒီလောက် နေပူပူခရီးကြီးထဲမှာ သစ်ပင်ရိပ်အောက် ရေသောက်ရင်းနဲ့ ခရီးသွားဧည့်သည်ဘ၀တူ အချင်းချင်း ရေမလုကြပါနဲ့၊ ရန်မဖြစ်ကြပါနဲ့။ သူလည်းခရီးသွား၊ ကိုယ်လည်းခရီးသွားဆိုတာကို မေတ္တာရှေ့  ထားပြီး အသိဉာဏ်နဲ့ နားလည်ပေးလိုက်ပါ။
ခရီးသွားဧည့်သည်ဆိုတာ နှစ်မျိုးရှိပါတယ်။ ပထမတစ်မျိုးက ပကတိခရီးကို သွားနေကြတဲ့ ပကတိဧည့်သည်ရယ်၊ နောက်တစ်မျိုးက လောကကြီးထဲမှာ တစ်ဘ၀ပြီး တစ်ဘ၀၊ တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်လာပြီး နိဗ္ဗာန်အထိ အရောက်သွားနေကြတဲ့ နိဗ္ဗာန်ခရီးသွား သံသရာဧည့်သည်ရယ် နှစ်မျိုးရှိကြပါတယ်။
နိဗ္ဗာန်ဆိုတဲ့ ရည်မှန်းချက်၊ နိဗ္ဗာန်ဆိုတဲ့ ဦးတည်ချက်မရှိဘဲ သံသရာထဲမှာ ဟိုရောက် ဒီရောက်၊ ဟိုလည်ဒီလည်သွားနေတဲ့လူတွေကတော့ ခရီးသွားဧည့်သည်အစစ် မဟုတ်ဘူးလို့ ပြောချင်ပါတယ်၊ အဲဒီလိုမျိုးက ဧည့်သည်မဟုတ်ပါဘူး။ အိမ်လည်တာ။ ဘ၀အိမ်လည်တဲ့ သူတွေလို့ ခေါ် ကြပါတယ်။
တစ်ခါတလေ လောကထဲမှာလည်း အကြောင်းကြီးငယ်ရှိလို့ ဟိုအိမ်လည် ဒီအိမ်လည်။ ဟိုအိမ်သွားလည် စကားပြော၊ ဒီအိမ်သွားလည် စကားပြော။ အလှူရှိလို့သွား၊ မင်္ဂလာဆောင်ရှိလို့သွား၊ အိမ်လည်ပြီး စကားစမြည်ပြောလုပ်နေကြတဲ့သူတွေ ရှိကြပါတယ်။
အဲဒီလူတွေက ခရီးသွားတာ မဟုတ်ကြပါဘူး။ အိမ်လည်နေကြတာပါ။ အိမ်လည်တဲ့သူတွေဟာ လိုရာခရိး ပန်းတိုင်ကို မရောက်ဘဲ အရပ်ထဲမှာ ၀ဲလည်ပြီး ပြဿနာအမျိုးမျိုး ဖြစ်နေတတ်ကြပါတယ်။
ဧည့်သည်။ ဧည့်သည်တော့ ဧည့်သည်ပါပဲ။ အိမ်လည်သွားတဲ့ ဧည့်သည်တွေက အိမ်လည်သွား၊ အချိန်တန်တော့ သူများအိမ် အိပ်လို့ မရပါဘူး။ ကိုယ့်အိမ်ကိုယ် ပြန်ရတာပါပဲ။ အိမ်လည်သွားတယ်။ လုပ်စရာကိုင်စရာရှိတာ လုပ်ပြီး ပြောပြီးရင် ကိုယ့်အိမ်ကိုယ် ပြန်ရတာပါပဲ။
များသောအားဖြင့်က ကိုယ့်အကြောင်းကို ကိုယ်မသိတဲ့လူတွေက အခုလို လူ့ဘ၀ကို ရောက်လာတယ်ဆိုတာ အလည်လာတာပါ။ အိမ်လည်လာတာပါ။ ခဏတစ်ဖြုတ် သူများအိမ်ကို အလည်လာတာပါ။
အခု ဒီလူတွေ ဒီလူ့ဘ၀မှာ ဘာလုပ်ဖို့ လာကြတာလဲ။
ဒီလိုများ အမေးခံရရင် တို့တစ်တွေက ဗုဒ္ဓမြတ်စွာသာသနာနဲ့ ကြုံကြိုက်တုန်း ကုသိုလ် လုပ်စရာရှိတာ လုပ်ဖို့ကိုင်ဖို့၊ ဒီကုသိုလ် ပါရမီတွေနဲ့ နိဗ္ဗာန်အထိ သွားကြဖို့ ဒီလူ့ဘ၀ကို အလည်လာကြတာလို့ ဖြေလိုက်ကြစမ်းပါ။
အခုကြည့်လေ၊ လောကမှာ ညဥ့်မိုးချုပ်လာရင် ခြောက်နာရီကျော် ခုနစ်နာရီရှိပြီ။ အမေက မျှော်နေရော့မယ်။ အဖေက မျှော်နေရော့မယ်။ ထမင်းစားချိန်တန်ပြီဆိုပြီး ကိုယ့်အိမ် ကိုယ်ပြန်ကြရတယ်။
အဲဒီလိုပါပဲ၊ အခု အသက်ခြောက်ဆယ်ကျော်ပြီ။ ခုနစ်ဆယ်ကျော်ပြီ။ အချိန်တန်ရင် အိမ်ပြန်ရတော့မယ်။ ဒါလေးကို သိကြပါ။
" ဘုရားရှင် ဟောထားပါတယ်။ အပါယ်လေးဘုံက ပုထုဇဉ်တွေရဲ့ အိမ် " တဲ့၊ ကိုယ့်အိမ်နဲ့ အတူတူပဲတဲ့။ အခုက အိမ်လာလည်တာဆိုရင် အချိန်တန်ရင် အပါယ်လေးဘုံဆိုတဲ့ ကိုယ့်အိမ်ကို ကိုယ်ပြန်ရမှာပါ။ ဟိုလိုလို ဒီလိုလိုနဲ့ နေကြရင် ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ် ဆိုတဲ့ ကိုယ်အရင်ကနေခဲ့တဲ့ ဒုက္ခဘုံ ဆင်းရဲအိမ်ကို ပြန်ရမှာပါ။ အဲဒါကသာ ကိုယ့်အိမ်ကိုယ် ပြန်တယ် ခေါ်ပါတယ်။ ဘယ်လောက်များ ဒုက္ခဆင်းရဲဘုံကို ပြန်ရောက်ရမှာ ကြောက်စရာကောင်းလိုက်သလဲလို့။
ပုထုဇဉ်တွေရဲ့ အိမ်ဟာ အပါယ်လေးဘုံတဲ့၊ ကြောက်စရာ ကောင်းလိုက်တာ။
အဲဒါကြောင့်မို့ သတိပဋ္ဌာန်တရားဘာဝနာကို အားထုတ်ကြစမ်းပါ။ သတိမလွတ်ပါစေနဲ့။ အခုလို ထပ်ခါထပ်ခါ ပြောပေးနေတယ်ဆိုတာက ဒီယောဂီတွေ၊ ဒီပရိသတ်တွေအတွက် အသိဉာဏ်တွေ တိုးဖို့ပါ။ သတိထား၊ သတိရှိလို့ အသိဉာဏ်တွေ တိုးလာတော့မှ မိမိတို့ ပုထုဇဉ်ဘ၀က လွတ်မြောက်ပြီး အပါယ်လေးဘုံ ဒုက္ခဆင်းရဲအိမ်ကို ပြန်မရောက်တော့မှာပါ။
အသိဉာဏ်ဆိုတာက အမျိုးမျိုး အဆင့်ဆင့် ရှိကြပါတယ်။ အဓိက ကတော့ သံဝေဂဉာဏ်တွေရဖို့၊ ၀ိပဿနာဉာဏ်တွေရပြီး မဂ်ဉာဏ်ဖိုလ်ဉာဏ်ရအောင်လို့ အခုလို ပြောပေးနေရတာပါ။ ရှေးဦးစွာ သံဝေဂဉာဏ် ရပြီးတော့ အဲဒီ သံဝေဂဉာဏ်နဲ့ပဲ -
" ဟုတ်တာပေါ့၊ ကြည့်စမ်း။ ငါတို့နေရတဲ့ ဒီဘ၀ သံသရာကြီးထဲမှာ သတိလေးတစ်ချက်လောက် လွတ်ပြီး ဟိုလိုလို ဒီလိုလိုနဲ့ ပေါ့တီးပေါ့ဆ နေလို့ကတော့ အပါယ်လေးဘုံကို ပြန်ရောက်မှာ သေချာတယ်။ ဘယ်လောက် ကြောက်စရာကောင်းသလဲ "
" သံသရာခရီးက ဆက်ပြီးသွားကြရဦးမှာ။ မိမိကိုယ်ကို ဧည့်သည်လို့ သဘောပေါက်ရင် သတိ ပညာ အလွတ်မခံဘဲ ၀ိပဿနာဉာဏ် ရအောင် ကြည့်ရတာ၊ ရှုရတာ၊ ကြိုးစားရတာ။ အမှန်တကယ်လည်း လူ့ဘ၀ဆိုတာ ဧည့်သည်လို နေကြရတာ၊ နေတတ် ထိုင်တတ်ဖို့ အရေးကြီးတယ် " လို့ သံဝေဂဉာဏ်၊ အသိဉာဏ်တွေ ရစေချင်ပါတယ်။
ဧည့်သည်ဆိုတာကို သဘောပေါက်အောင် ပြောပြပါမယ်၊ နားလည်အောင် ပြောပြပါမယ်။
ကိုယ့်အိမ်မှာ ဘုရားဝတ်တက်ချင်ရင် ကြိုက်တဲ့အချိန်၊ ကြိုက်သလို ဘုရားဝတ်တက်၊ ထမင်းစားချင်ရင်လည်း မီးဖိုထဲဝင်ပြီး ကြိုက်တဲ့ အချိန် ကြိုက်သလို ဖွင့်စား၊ ကုန်ကုန်ပြောရရင် အပေါ့အပါး သွားချင်ရင်တောင် ကိုယ့်အိမ်သာကိုယ် ကြိုက်သလို အပေါ့အပါး သွားလို့ရတယ်။
သူများအိမ် ဧည့်သည် သွားလုပ်ရတာ အဲဒီလို မဟုတ်တော့ဘူး။ အဲဒီလိုလည်း မလွယ်တော့ပါဘူး။ တကယ် နေထိုင်ရ ခက်ပါတယ်။
" ဧည့်သည်ဆိုတာ ဘ၀တိုင်း ဘ၀တိုင်းမှာ ဘယ်လောက် နေရထိုင်ရ စားရသောက်ရ ခက်ခဲသလဲ " ဆိုတာ နားလည်ပါ။ သဘောပေါက်ပါ။
ဆောင်းတွင်းဆိုရင်လည်း ဧည့်သည်လုပ်ရရင် အိမ်ရှင်ကို ကြည့်ရသေးတယ်။ နွေဆိုရင်လည်း နွေအလျောက်၊ မိုး ဆိုရင်လည်း မိုးအလျောက် အိမ်ရှင်ကို ကြည့်ရသေးတယ်။ အိပ်ရာနေရာ အဆင်ပြေ၊ မပြေ။ စားရေး သောက်ရေးကလည်း အဆင်ပြေ၊ မပြေ ကြည့်ရသေးတယ်။ ကိုယ်သွားလည်ရင် သူတို့များ အလုပ်ရှုပ်နေမှာလား၊ စီးပွားရေးများ ကျပ်နေမှာလား၊ အကုန်လုံးကို စုံအောင် စဉ်းစားကြည့်ရသေးတာ။ ဧည့်သည်ဆိုတာက မလွတ်လပ်ဘူး။ အိမ်ရှင့်မျက်နှာကို အမြဲတမ်း ကြည့်နေရတာ။
ဘ၀ခရီးသွားနေတဲ့ ဧည့်သည်ကို နိဗ္ဗာန်ရောက်အောင်မခ်ါဘဲ သံသရာဘက် လှည့်ခေါ်နေတာက တဏှာလောဘပါ။
အခု လူ့ဘ၀ ရောက်နေတယ်ဆိုတာ နိဗ္ဗာန်ကို မတောင့်တဘဲ လူ့ဘ၀ကို တောင့်တလို့ လူ့ဘ၀ ရောက်နေတာ။
ဒီလို မတောင့်တတာကလည်း တဏှာက တောင့်တလို့၊ တဏှာကခေါ်လို့ ရောက်နေတာပါ။ ဒါကြောင့် တဏှာက ကိုယ့်လူ့ဘ၀ရဲ့  အိမ်ရှင်လို့ ပြောလိုက်ရင်တောင် ပိုပြီးကောင်းပါသေးတယ်။
အခု လောကကြီးထဲမှာ လူဘ၀၊ လူအဖြစ်နဲ့ နေနေရတာက တဏှာအိမ်ရှင်ရဲ့  မျက်နှာကို မော့ကြည့်နေရတာ အချိန်တိုင်းပါပဲ။ အမြဲတမ်း လောဘမျက်နှာကို မော့ကြည့်နေရတာပါ။ အဲဒီလို မော့ကြည့်နေရတဲ့ ဒုက္ခဆင်းရဲမျိုး ဖြစ်နေတာကိုက ကိုယ့်ကိုယ်ကိုယ် ဧည့်သည်လို့ သိလိုက်စမ်းပါ။
ကိုယ်နဲ့အတူ ကိုယ်ခေါ်လာတဲ့ အဖော်ပါလာတယ်။ ကိုယ်သိတဲ့လူကို ခေါ်လာမိတယ်။ အဲဒီတော့ သူ့မျက်နှာကိုပဲ ကြည့်နေရတာ။ အိမ်ရှင်ရဲ့  မျက်နှာကိုပဲ ကြည့်နေရတာ၊ မလွတ်လပ်ပါဘူး။
အောင်မယ်လေး၊ ဧည့်သည်လုပ်ဖူးမှ ဒီဒုက္ခတွေကို သိတာနော်။
ကိုယ်နဲ့ ပါလာတဲ့လူကျတော့ တဏှာဆိုတဲ့သူက အသိဟောင်းဖြစ်နေတော့ ရင်းရင်းနှီးနှီး ပြောလို့ဆိုလို့၊ ကိုယ့်အဖော်နဲ့ အိမ်ရှင်နဲ့က ရယ်လို့မောလို့။ ကိုယ့်ကိုကျတော့ အိမ်ရှင်က ခပ်တည်တည်ကြီး လုပ်နေတယ်ဆိုရင် ထမင်းချကျွေး ခပ်တည်တည်ကြီးဆိုရင် နှိုက်ရမယ့်လက်တောင် တွန့်တယ်။ စားရမယ့် ပါးစပ်တောင် မဟ၀ံ့တော့ဘူး။
အောင်မယ်လေး၊ တခြားတခြား အကြောင်းတွေကြောင့် အဆင်မပြေတဲ့အိမ်မှာ တည်းခိုရတာဆိုရင် နေရထိုင်ရတာ ကျဉ်းကျပ်လိုက်တာ။ သူများအိမ်မှာ ဧည့်သည်သွားလုပ်ရင် အဆင်မပြေတဲ့အခါ အဲဒီလို ခံစားရတယ်နော်။
လူ့ဘ၀ ရောက်လာတာ၊ ကိုယ်က ဧည့်သည်။ အိမ်ရှင်တဏှာ ခိုင်းတာကို အမြဲတမ်းလုပ်နေရတာ။ ဘယ်လောက် ကျဉ်းကျပ်၊ ဘယ်လောက် ပင်ပန်းလိုက်သလဲ။
နေစမ်းပါဦး၊ ရေလေး ချိုးစမ်းပါရစေဦး၊ တဏှာ၊ တဏှာက ခိုင်းတာ။
အမယ်လေး နေစမ်းပါ၊ ဘာ ဒါလောက် အရေးကြီးနေတာလဲ။ အဲဒီလို ပြောတာကလည်း တဏှာ၊ ဒီတဏှာပါပဲ။
စီးပွားရေး ကြီးပွားရေး၊ သားရေး သမီးရေး၊ လူမှုရေး အရေးတွေ စုံနေတာပါပဲ၊ နေ့စဉ်မပြတ် လုပ်လိုက်ရတဲ့ အလုပ်မျိုးစုံတွေ၊ ဒါတွေကို ဘယ်သူခိုင်းတာလဲဆိုတော့ ဒီတဏှာက ခိုင်းတာပါပဲ။
ဒီဘ၀ ဒီခန္ဓာ၊ ဟိုဘ၀ ဟိုခန္ဓာနဲ့ တစ်သံသရာလုံး ကိုယ်က လုပ်ပေးကိုင်ပေး ပြောပေး ဆိုပေးခဲ့ရတာတွေဟာ နိဗ္ဗာန်ကို ကြည့်ပြီး လုပ်ခဲ့ရတာ တစ်ခုမှ မရှိသေးပါဘူး။
နိဗ္ဗာန်ကိုကြည့်ပြီးတော့ လုပ်ခဲ့ကိုင်ခဲ့တာ မရှိခဲ့သေးပါဘူး။ ရှိခဲ့ရင် နိဗ္ဗာန်ကို ရောက်သွားတာ ကြာလှပြီပေါ့။
ဘ၀သံသရာတစ်လျှောက် နိဗ္ဗာန်ကို ကြည့်ပြီး ပြောခဲ့မိတဲ့စကား မရှိဖူးပါဘူး။ နိဗ္ဗာန်ကို ကြည့်ပြီး စဉ်းစားကြံစည်ခဲ့တာ မရှိဖူးပါဘူး။ တဏှာမျက်နှာကြည့်ပြီး ဒါလေးတော့ လုပ်မှကောင်းမှာ၊ တရားစခန်းဝင်ချင်တာတောင် အိမ်အတွက်၊ နောက်ကလူတွေအတွက် အကုန် ရှာခဲ့ဖွေခဲ့ ပေးခဲ့ရပါ သေးတယ်။ မှာခဲ့ပြုခဲ့ ပြောဆိုခဲ့ရပါသေးတယ်။
တဏှာမျက်နှာ ကြည့်နေရတယ်ဆိုတာ အခုလို စဉ်းစားလေလေ၊ ပိုပြီး သိလာလေလေပါပဲ။ တော်တော် သံဝေဂ ရဖို့ ကောင်းပါတယ်။
တရားလေး နာချင်တာတောင်မှ အိမ်မှာ လုပ်စရာရှိတာ တောက်တောက် တောက်တောက် နဲ့ အမြန်လုပ်ခဲ့ရပြီးမှ လာခဲ့ရတာပါ။
တဏှာမျက်နှာ ကြည့်နေရတာ ကြောက်စရာ အလွန်ကောင်းလိုက်တာ။
ဧည့်သည်လုပ်ရတာ တကယ်ဒုက္ခရောက်ပါတယ်။ ကိုယ့်အိမ်လောက် မလွတ်လပ်ပါဘူး။ သူများအိမ်မှာ မဖြစ်လို့သာ နေနေရတာပါ။ အဲဒီလိုပါပဲ၊ ဟောဒီလောကကြီးထဲမှာလည်း လူ့ဘ၀ ပျော်စရာဆိုလို့ တစက်မှ ရှာမရပါဘူး။ တစ်ကွက်မှ ရှာမရပါဘူး။ ဒါက သံသရာသွားမယ့် ပကတိ ဧည့်သည် အကြောင်းကို ပြောပါတယ်။
နောက်တစ်မျိုး၊ နိဗ္ဗာန်သွားမယ့်ဧည့်သည်ဆိုရင်တော့ နိဗ္ဗာန်စခန်း သံသရာ လမ်းလျှောက်ပြီဆိုရင် ကုသိုလ် ပါရမီရိက္ခာထုပ် ပါရပါတယ်။ ခရီးတစ်လျှောက် မပင်ပန်းအောင် ရိက္ခာတွေ ထုတ်ယူသွားရပါတယ်။
အခု မိမိတို့မှာလည်း ထိုက်သင့်သလောက် ရိက္ခာထုပ်ပါပါတယ်လို့ ဆိုရင် ကိုယ်ထုပ်ထားတဲ့ အထုပ်ကလေး ဖြေကြည့်လိုက်။ ဒါက လူချမ်းသာ၊ နတ်ချမ်းသာတွေကို ခံစားစံစားပြီးတော့ နိဗ္ဗာန်ရောက်စေမယ့် ဒါနမျိုး ဖြစ်ပြီလားလို့။
ကိုယ်ထုပ်ခဲ့တဲ့ ဒါနအထုပ်ထဲ ပြန်ကြည့်စမ်းပါဦး။ ထုပ်ထားတဲ့ အ၀တ်ကလည်း အ၀တ်စုတ်၊ ထည့်ထားတဲ့ ပစ္စည်းကလည်း အစုတ်ပလုတ်၊ ကောက်ကြည့်တော့လည်း တစ်ခုမှ သုံးမရ။
ဘယ်မလဲ ဒါနအထုပ်၊ " အလှူခံပုဂ္ဂိုလ်၊ လှူဖွယ်ဝထ္ထု၊ လှူချင်တဲ့ စိတ်စေတနာ၊ ဒါပြည့်စုံလို့ လှူလိုက်ပါတယ် " တဲ့။
ဒါနကို ပြောပြပါဦးမယ်၊ ဘုရားရှင် ကိုယ်တော်မြတ်ကြီး အလောင်းတော် သုမေဓာ သတို့သား ဘ၀တုန်းက မိဘဘိုးဘွားတွေက ဆုံးပါးသွားကြတော့ သားလေးတစ်ယောက်တည်း ကျန်ရစ်ခဲ့တယ်။
ဘုရားလောင်း သုမေဓာက ဘဏ္ဍာတိုက်ကြီးကို ဖွင့်ကြည့်တော့ -
" ဟယ်..ရွှေငွေ ရတနာ ပစ္စည်းတွေ အများကြီးပဲ "
ရွှေတွေငွေ ဥစ္စာတွေ၊ အဘိုးဘက်က ပါတာ၊ အဘွားဘက်ကပါတာ၊ အဖေရှာသွားခဲ့တာ၊ အမေရှာသွားခဲ့တာ၊ အများကြီးပဲ ကျန်ခဲ့တယ်။
" ဟင် .. သူတို့ ဘာလို့ ယူမသွားတာလဲ။ ငါလှူရင်းနဲ့ ယူမယ်ဟေ့ " ဆိုပြီး လှူလိုက်တာ တစ်ရက်လှူ၊ နှစ်ရက်လှူ၊ အလှူခံလာသမျှ ကိုယ်တိုင်လှူရင်းနဲ့ လေးငါးရက်မြောက်လည်း ကျရော စဉ်းစားပြီ။
ဘုရားအလောင်း စဉ်းစားတယ်။ သူတော်ကောင်းတွေ စဉ်းစားတယ်။ ပညာရှိတွေ စဉ်းစားတယ်။ အသိဉာဏ်ကြီးတဲ့သူတွေ စဉ်းစားတယ်။
" တို့က မအိုရာ၊ မနာရာ၊ မသေရာ နိဗ္ဗာန်ကို သွားချင်တာ၊ နိဗ္ဗာန်ကို ရောက်ချင်တာ "
" အခု လှူရင်းနဲ့ သေသွားနိုင်တယ်။ လှူရင်းနဲ့ အိုနေတယ်။ လှူရင်းနဲ့ နာနေတယ်။ လှူတာကို တန်ဖိုးထားပြီးတော့ မအို၊ မနာ၊ မသေတဲ့ နိဗ္ဗာန်ကို မြတ်နိုးပြီး လှူနေတယ်ဆိုပြီးတော့ လှူတာနဲ့မွေ့လျော်၊ လှူတာနဲ့ ပျော်၊ အလှူကိုပဲ အာရုံပြုဂရုစိုက်ရင်းနဲ့ နိဗ္ဗာန်ကို အာရုံမပြုမိ၊ နိဗ္ဗာန်ရောက်ဖို့ စိတ်ဆန္ဒတွေ ပျောက်နေပြီဆိုရင်တော့ နိဗ္ဗာန်နဲ့ ဆန့်ကျင်ဘက် ကန့်လန့်ကြီး လှူနေတာပါလား " လို့ သိလာကြပါတယ်။
တကယ် လှူချင်ရင် လှူပုံလှူနည်းက လွယ်လွယ်လေးပါ။ နိဗ္ဗာန်ကို အာရုံပြုပြီး နိဗ္ဗာန်ကို မြန်မြန်သွားလိုတဲ့ ၊ နိဗ္ဗာန်ရောက်ချင်တဲ့ ပုဂ္ဂိုလ်များ၊ ဘုရားအလောင်းတော်များ လှူသွားပုံလေးကို ကြည့်ကြစမ်းပါ။
အလှူခံပုဂ္ဂိုလ်တွေကိုလည်း မစောင့်နေတော့ပါဘူး။ လှူဖွယ်ဝထ္ထုတွေကိုလည်း မစီမံတော့ပါဘူး။ အခမ်းအနားလည်း မပြင်ဆင်တော့ပါဘူး။ မဏ္ဍပ်တွေလည်း မထိုးတော့ပါဘူး။
စာလေးတစ်ကြောင်းရေးလိုက်တယ်။
" လိုတဲ့သူ လိုတာ အကုန်ယူ " တဲ့။
" လိုတဲ့သူ လိုတာကို လိုသလောက် အကုန်ယူ " ဆိုတဲ့သဘောပေါ့။
ဒါမှ နိဗ္ဗာန်ရောက်တဲ့အလှူ၊ ဘာမှ မငဲ့တော့ပါဘူး။
ဘယ်လောက်ကောင်းမြတ်လိုက်တဲ့ အလှူလဲ၊ နိဗ္ဗာန်ကို ဒါနနဲ့ အလှူပေးရင်း စံဝင်ချင်တဲ့ သူတော်ကောင်းပညာရှိတွေဟာ ဒီနည်းနဲ့ လှူကြည့်ကြစေချင်ပါတယ်။
(ဓမ္မဒူတ ဒေါက်တာအရှင်ဆေကိန္ဒ)
Views: 66
ဘလော့အမျိုးအစားခွဲရန်(ဥပမာ.စာပေ.ဗုဒ္ဓ၀င်.....)
မှတ်ချက်ပေးရန်.--(ဗုဒ္ဓ၏ အဆုံးအမကိုလိုက်နာသောလူသားတစ်ယောက်ဖြစ်ပါစေ။)
kyawminkhaing သည် July 15, 2012 က 12:09pmတွင် မှတ်ချက်ရေးသားသွားပါသည်။ လေ့လာဖတ်သွားပါတယ်ဗျာ သာဓုပါ ဆင်ခြင်ဖို့အတွက် နဲ့ လက်တွေ့ ကြိုးစားဖို့ကို တိုက်တွန်းထားတာအတွက် သတိထားပြီး ကြိုးစားနေသွားပါမယ် သာဓုပါဗျာ ကျန်းမာ ချမ်းသာကြပါစေ
thet naing သည် July 15, 2012 က 10:59amတွင် မှတ်ချက်ရေးသားသွားပါသည်။ ဖတ်ရှုမှတ်သားသွားပါတယ်၊ ခိုင်ခန့် တဲ့ အထုပ်နဲ့  ထုပ်နိုင်အောင် ကြိုးစားသွားပါ့မယ်၊ ကောင်းကျိုးလိုရာ ဆန္ဒ ပြည့်ဝနိုင်ပါစေလို့ ...။
☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺ မှ(ကြိုဆိုပါတယ်)
( မှတ်ပုံတင်ရန်နေရာ)
(မှတ်ပုံတင်ပြီးသားသူများ)၀င်ရန်
အဖွဲ့ဒုဥက္ကဌ=ကိုလှိုင်ကျော်ထွေး
နေရပ်လိပ်စာ =အမှတ်(733)၊ကုန်းဘောင်(၁၆)လမ်း။ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။
ငွေလွှဲပို့ လှူဒါန်းရန် လမ်းညွှန်= Account No.0451210053098(Kan bawza bank ltd.Botahtaung)
Name of Account. U HLAING KYAW HTWE
NRC/CRC No(s).12/AUKATA(N) 148171 သို့တိုက်ရိုက်လွှဲပို့၍ဖြစ်စေ
ရန်ကုန်မြို့နယ် ၊ ဗိုလ်အောင်ကျော် လမ်းမပေါ်ရှိ ရိုးမဘဏ်(ကျောက်တံတား ဘဏ်ခွဲ) သို့
လှိုင်ကျော်ထွေး ၊မှတ်ပုံတင်နံပါတ်.12/ဥကတ(နိုင်) 148171 ၊ ဖုန်းနံပါတ် . 09420251552 လိပ်မူပေးပို့၍ဖြစ်စေ လှူဒါန်းနိုင်ပါကြောင်း နိုးဆော် အသိပေးအပ်ပါသည်။
Soe Gyi liked ဇော်ထက်မောင်'s blog post 'ဗုဒ္ဓကမ္ဘာဆိုဒ်တွင်းရှိ ဓမ္မဘလော့ဘ်ရေးသားသူများ (မျှဝေဓမ္မဒါနပြုသူများ) သို့ မေတ္တာရပ်ခံလွှာ'
မောင်အေးချမ်း commented on အရှင်ဝဏ္ဏ's blog post 'အပေါက်သေးသေးမှ မာနကို ချောင်းကြည့်ခြင်း'
© 2013 Created by ကောင်းမြတ်မင်း.
Powered by
© Copyright Ning Network Name Goes Here.
☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺ သို့အဖွဲ့ဝင်ပြီးမှ မှတ်ချက်များကိုရေးသားနိုင်မှာဖြစ်ပါသည်။
Join ☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺