ဗုဒ္ဓကမ္ဘာဆိုဒ်အတွင်းသို့ရောက်ရှိလာကြကုန်သောဓမ္မမိတ်ဆွေများသည်(လောဘ၊ဒေါသ၊မောဟ) ကင်းကွာပြီး စိတ်ချမ်းသာစွာဖြင့်တရားဓမ္မများကို(ရှာဖွေ၊ဆွေးနွေး၊လေ့လာ၊)နိုင်ကြပါစေသတည်း။(ကောင်းမြတ်မင်း)

MSN Icon  Google Talk Icon Twitter Icon Facebook Chat Icon Bonjour Icon IRC IconAIM Icon  MobileMe Icon MySpace IM Icon LJ Talk Icon StatusNet Icon Lotus Sametime Icon Novell Groupwise Icon Gadu-Gadu Icon

ကမ္ဘာပေါ်တွင်ရှိကြကုန်သော... ခရစ်ယာန်ဘာသာဝင်များ... အစ္စလာမ်ဘာသာဝင်များ... ဟိန္ဒူဘာသာဝင်များအားလုံး... ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေလို့... ဗုဒ္ဓဘာသာဝင်များအားလုံးကိုယ်စား... ကျွန်တော်ကောင်းမြတ်မင်းမှ ... ဆုတောင်းမေတ္တာပို့သလိုက်ပါသည်။ ကမ္ဘာပေါ်မှ လူသားများအားလုံးနှင့် (၃၁)ဘုံတွင်ရှိကြကုန်သော... သတ္တ၀ါအားလုံးကိုယ်စိတ်နှစ်ဖြာ ကျန်းမာကြပါစေ... သတ္တ၀ါတိုင်းတရားကိန်းငြိမ်းအေးနိုင်ကြပါစေ...

သာသနာမှာ အထင်ရှားဆုံးသြ၀ါဒ

ဘုရားအဆုံးအမ သြ၀ါဒတွေက အများကြီးတော့ အများကြီးပဲ၊ အဲဒီထဲက သာသနာမှာ အထင်ရှားဆုံးဖြစ်တာက သြ၀ါဒပါတိမောက် သုံးဂါထာဖြစ်တယ်၊ ဘုရားအဆူဆူ ဟောကြားခဲ့တဲ့ဂါထာပေါ့။
အဲဒီသုံးဂါထာကို မိမိတို့နှုတ်ထဲ ထည့်လိုက်တော့လည်း၊ ဂင်္ဂါဝါဠုသဲစုမက အဆူဆူ ပွင့်တော်မူကြတဲ့ ဘုရားရှင်အားလုံးရဲ့ နှုတ်တော်ထွက်စကားလုံးကို မိမိနှုတ်ထဲထည့်လိုက်ရတာမို့, ကိုယ်ရဲ့အသိစိတ်ထဲထည့်လိုက်ရတာမို့, ကိုယ့်ရဲ့နှလုံးသားထဲထည့်လိုက်ရတာမို့, ဘုရားအဆူဆူတွေရဲ့ စွမ်းအား ကိုယ့်သန္တာန်မှာ ထည့်သွင်းပြီးတော့ ပွားထုံရာ စွမ်းအားကိုယူရာရောက်သွားတယ်။

အဆင့်မြင့်လူ

လောကမှာ လူ-၃ မျိုးရှိတယ်၊ အဆင့်မြင့်လူ, အလယ်အလတ်လူ, အဆင့်နိမ့်လူလို့ လူ ၃-မျိုးမှာ ပရိတ်သတ်အပေါင်း သူတော်ကောင်းတွေက အဆင့်မြင့်လူထဲမှာ ပါဝင်ကြတယ်။
အဆင့်မြင့်လူဆိုတာ အဆင့်မြင့်ဆုံးဖြစ်တဲ့ ရတနာနဲ့ တွေ့နေရတဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။ အဆင့်အလွန်မြင့်တဲ့ ပုဂ္ဂိုလ်တွေဟာ အဆင့်အမြင့်ဆုံးရတနာနဲ့ တွေ့ကြရမှာပါ။
ရတနာဆိုတာ ရတနာနဲ့ ထိုက်တန်သူတွေ အတွက်သာ တန်ဖိုးရှိတာ၊ ရတနာနဲ့ မထိုက်တန်တဲ့ပုဂ္ဂိလ်များဟာ ရတနာနဲ့တွေ့ပေမယ့် စွမ်းအားရမှာ မဟုတ်ဘူး၊ သုံးဆောင်ခွင့်ရရှိမှာလည်း မဟုတ်ဘူး။
မိမိတို့တွေ အစမထင် သံသရာကစပြီး သံသရာတစ်လျှောက်ကျင်လည်ခဲ့တာ တိုင်းတာကန့်သတ်လို့ မရတော့ဘူး။ ဘုရားနဲ့လည်းတွေ့တော့ တွေ့ခဲ့ကြမှာပါ၊ ဒါပေမယ့် ကံမျက်လုံးနဲ့ တွေ့ခဲ့ပေမယ့် ဘုရားနဲ့ထိုက်တန်တဲ့ ဉာဏ်မျက်လုံးမပါလို့ လက်လွှတ်ခဲ့ရတာတွေ အများကြီးပါ။
တရားသံတွေလည်း ကြားတော့ကြားခဲ့ကြမှာပါပဲ၊ ကံနားနဲ့တော့ကြားခဲ့ကြမှာပါ၊ ဉာဏ်နားမပါလို့ လက်လွှတ်ဆုံးရှုံးခဲ့ကြရတာတွေဟာ တိုင်းတာကန့်သတ်လို့ မရနိုင်တော့ဘူး။
ဒီဘ၀မှာတော့ ကံမျက်လုံးလည်းပါတယ်၊ ကံနားလည်းပါတယ်၊ ကံမျက်လုံးနောက်က ဉာဏ်မျက်လုံးလိုက်နေတယ်၊ ကံနားနောက်က ဉာဏ်နားကလည်း တစ်ပါတည်း ပါနေကြတယ်။
ဒါကြောင့်မို့ အဆင့်မြင့်ရတနာကို လက်ခံနိုင်စွမ်းရှိတယ်၊ လက်ခံနိုင်စွမ်းရှိရင် အဲဒါ အဆင့်မြင့်လူပေါ့၊ ကမ္ဘာမှာ အချမ်းသာဆုံးလူဆိုတာ အဲသလို စိတ်ထားမြင့်မားသူ, ရင့်ကျင်သူ, မြင့်တက်သူ, စွမ်းအားရှိသူများကိုသာ ကမ္ဘာ့အချမ်းသာဆုံးလူလို့ ခေါ်တယ်။

ပစ္စည်းနှပ်စက်လို့ ဒုက္ခရောက်သူတွေ

ရှိတိုင်းချမ်းသာတာမဟုတ်ပါ၊ အသိနောက်ကလိုက်မှ ချမ်းသာပါတယ်၊ အရှိနောက်က အသိမလိုက်နိုင်ရင် အရှိမှန်သမျှ ဒုက္ခချည်းပါ၊ အရှိရဲ့ ရှေ့က အသိဦးမဆောင်ရင် အရှိက ကိုယ့် ပြန်နှိပ်စက်ပါတယ်။
မြွေဖမ်းတဲ့အခါ ခေါင်းကမဖမ်းပဲ ကိုယ်က အမြီးကဖမ်းရင် ကိုယ့်ပြန်ကိုက်မှာ သေချာ တယ်ပေါ့၊ မြွေကိုက်ခံရလို့ သေသွားနိုင်တယ်ပေါ့။
ကိုယ်ရှာထားတဲ့ ပစ္စည်း, ဥစ္စာတွေကို တရားနဲ့ ဖိဖိစီးစီးမဖမ်းပဲ အမြီးက, ကိုယ်က, မထီမဲ့မြင်ဖမ်းလိုက်ရင် ပစ္စည်းတွေက ကိုယ့်ပြန်ကိုက်မှာပဲ၊ ပစ္စည်းအနှိပ်စက်ခံပြီး ဒုက္ခရောက်ကြမှာပဲ။
တစ်လောကလုံး ခြုံကြည့်ပါ၊ ပစ္စည်းနှိပ်လို့ ဒုက္ခရောက်နေတဲ့သူတွေ, ပစ္စည်းအထိန်း မတတ်လို့, ပိုက်ဆတွေအဖမ်းမတတ်လို့, တရားနဲ့ဖိဖိစီးစီး မဖမ်းနိုင်လို့, ကိုယ့်ပြန်ကိုက်ပြီးတော့ ရှိလို့ငိုနေရတဲ့သူတွေ, ရှိလို့ပူနေရတဲ့သူတွေ ရှိလို့ဆင်းရဲနေရတဲ့သူတွေ အများကြီးပါ။

မရှိလို့ဆင်းရဲရင်ဖြေသာတယ်

မရှိလို့ ဆင်းရဲရင် “သြော် ရှိမှမရှိပဲကို”လို့ နည်းနည်းဖြေသာတယ်၊ ရှိလျက်သားနဲ့ ဆင်းရဲရတာက ပိုပြီး နာပါတယ်။
ဒါကြောင့် ရှိတိုင်းချမ်းသာကြတာ မဟုတ်ပဲ၊ အရှိနောက်က အသိလိုက်နိုင်မှ, အရှိကို အသိနဲ့ မိအောင်ဖမ်းနိုင်မှ, အရှိသည် ကိုယ့်ကို ချမ်းသာအောင် ဆောင်ရွက်ပေးမှာပါ။
လူအများကတော့ ပြောကြတယ်ပေါ့၊ “ပိုက်ဆံရှိရင် ချမ်းသာမှာ ပစ္စည်းတွေပေါရင် ချမ်းသာမှာ”လို့။
ဒါကတော့ မျှော်လင့်ချက်ကလေးနဲ့ ပြောကြတာပါ၊ တကယ်တော့ သိပ်ပြီး ပိုက်ဆံရှိလာပြီဆိုရင် “ကျွန်တော်တော့ ချမ်းသာပါပြီ, ကျွန်မတော့ ချမ်းသာပါပြီ”လို့ ဘယ်သူများ ရဲရဲပြောရဲလို့လဲ၊ တကယ်တမ်းကျတော့ ချမ်းသာပါပြီလို့ ဘယ်သူမှ မကြုံးဝါးရဲပါဘူး။

အရှိကို အသိနဲ့ ဘယ်လောက်အဖိုးတန်အောင် သုံးနိုင်သလဲ

ဘေးကတော့ ပြောကြတယ်ပေါ့, ဘယ်သူတော့ အရမ်းချမ်းသာတာ, ဘာလို့တုန်းဗျ, သူက သိန်း ၁၀၀၀ လောက်တောင်ရှိတာ စသည်ဖြင့်ပေါ့၊ ဘေးကပြောတာ တကယ့်ကာယကံရှင် ကိုယ်တိုင်ကတော့ ပြောတာမဟုတ်ပါဘူး။
အရမ်းချမ်းသာတယ်ဆိုတာ အရှိကိုကြည့်ပြီးပြောတာ။
* အရှိနောက်ကအသိ, ဘယ်လောက်လိုက်နိုင်သလဲ?, * အရှိကို အသိက, ဘယ်လောက်မိအောင် ဖမ်းနိုင်သလဲ?, * အရှိကို အသိနဲ့, ဘယ်လောက်အဖိုးတန်အောင် သုံးနိုင်သလဲ?။
အဲဒါကိုတော့ တိုင်းတာခြင်းမပြုပဲ၊ အရှိတစ်ခုလောက်ကြည့်ပြီး “ချမ်းသာတယ်, ချမ်းသာတာမှ အရမ်းကြီးကို ချမ်းသာတာ”လို့ ပြောကြတာ၊ ရိုးရိုးတောင် မဟုတ်သေးဘူး၊ အရမ်းချမ်းသာတာ, အရမ်းကြီးကို ချမ်းသာတာနော်။
ဟုတ်တယ်၊ အရမ်းကြီးပေါ့၊ အခုပဲ ပြုံးပြုံး, ပြုံးပြုံးနဲ့ ဘာကြာလို့လဲ ငိုရတော့တာပဲ၊ အခုပဲ ချစ်ချစ်ခင်ခင်နဲ့ ဘာကြာလို့လဲ, နှစ်ယောက်ကွဲပါရော, စသည်ဖြင့် အရမ်းချမ်းသာနေကြတာလေ။

ဒုက္ခသစ္စာလို့ အဖြေထွက်လာတယ်

ချမ်းသာနေကြပါတယ်လို့ သမုတ်နေကြတဲ့, ပိုက်ဆံတွေ, ပစ္စည်းတွေက, တကယ့်ချမ်းသာဟုတ်သလား, မဟုတ်သလားဆိုတာ သာသနာ့ ဓာတ်ခွဲခန်းထဲထည့်ကြည့်မှ အဖြေထွက်မယ်။
သာသနာ့ဓာတ်ခွဲခန်းထဲထည့် ကြည့်လိုက်တော့ အဖြေပေါ်လာတယ်၊ ဒုက္ခသစ္စာတဲ့၊ သုခလို့ အဖြေမပေးဘူး၊ ဒုက္ခသစ္စာလို့ အဖြေထွက်လာတယ်။
“ပိုက်ဆံနဲ့ ပစ္စည်း ပေါရင် ချမ်းသာရမှာပေါ့, ဘယ့်နှယ့် ဒုက္ခသစ္စာ ဖြစ်ရမှာလဲ”ဆိုပြီး မကျေနပ်နပ်လို့ “သေချာအောင် နောက်တစ်ခါ သာသနာ့ ဓာတ်ခွဲခန်းထဲ ထည့်ကြည့်ဦးမှပါလေ” ထည့်ကြည့် လိုက်တယ်၊ ဟော - ဒုက္ခသစ္စာတဲ့၊ ဒီ အတိုင်းချည်းပဲ အဖြေထပ်ထွက်လာတယ်။
ဒုက္ခတောင် ရိုးရိုးမဟုတ်သေးဘူး၊ “သစ္စာ”ပါတယ်၊ မှန်လိုက်တာ၊ ဘယ်သူမှ ကန့်ကွက်လို့မရ၊ ဘယ်သူမ မဟုတ်ပါဘူး ငြင်းလို့မရတဲ့ ဒုက္ခပေါ့။
အဲသလိုဆိုရင် လောင်စာတွေပဲ၊ အဲဒီလောင်စာတွေကို ကိုယ့်သန္တာန်က တဏှာသမုဒယ သစ္စာမီးနဲ့ ရှို့လိုက်တော့ လောင်စာနဲ့ မီးတွေ့ပြီးလောင်ရော။
အဲသလိုလောင်တာကိုပဲ ချမ်းသာ, ချမ်းသာလို့ သမုတ်ပြီးတော့ ဒါနဲ့ပဲ တစ်ဘ၀ ကုန်သွားခဲ့ကြတာ၊ သံသရာမှာ တိုင်းတာလို့, ကန့်သတ်လို့, ရေတွက်လို့ မရတော့ဘူး။

အဆင့်မြင့်အသိကို ရထားသောကြောင့် အဆင့်မြင့်လူ

ဒီဘ၀မှာတော့ သာသနာကပေးထားတဲ့ အသိဉာဏ်လေးရထားတော့ အရှိကို အသိနဲ့ ထိန်း၍ အဖိုးတန်အောင် သုံးနိုင်ခွင့်ရကြပါတယ်။
အဆင့်မြင့်လူဆိုတာ, အဆင့်မြင့်အသိကို ရထားသောကြောင့်။ ရှိတာနဲ့ ချမ်းသာအောင် နေတတ်သောကြောင့်, အဆင့်မြင့်လူလို့ပြောတာပါ။

ဆင်းရဲနေပြီဆိုပြီး အထင်မသေးလိုက်နဲ့

သာသနာမှာ ထိပ်တန်းကျင့်နေတဲ့ ပုဂ္ဂိုလ်တွေ, ဓူတင် ၁၃-ပါးဆောင်တဲ့ ပုဂ္ဂိုလ်တွေရဲ့ အရှိကို ကြည့်စမ်းပါဗျာ၊ သပိတ်တစ်လုံးနဲ့ သင်္ကန်းသုံးထည်ပဲ၊ ဘာမှမရှိဘူး၊ နေတော့လဲသစ်ပင်အောက် စသည်မှာ -
“သြော်.... သူတော့ဖြင့် အရမ်းဆင်းရဲနေပြီတဲ့” လို့များတော့ သွားပြီး အထင်တော့ မသေးလိုက်ပါနဲ့၊ အချမ်းသာဆုံးလူပါ။
သပိတ်တစ်လုံးနဲ့ သင်္ကန်းသုံးထည်ပဲရှိလို့ “ပစ္စည်းတွေရှားပါးလှချည်လား၊ ချို့တဲ့လှချည်လား၊ သူတော့ အရမ်းဆင်းရဲနေပြီ သနားစရာ”လို့များ အထင်တော့ မသေးလိုက်ပါနဲ့၊ သာသနာမှာ ဒါမျိုးကို လူချမ်းသာခေါ်တာပါ။
ပစ္စည်းတွေ ရှိလာရင်တောင်မှ တွယ်တာခြင်းမရှိ၊ စွဲလန်းခြင်းမရှိ၊ ကပ်ငြိခြင်းမရှိ၊ ပေါ်ပေါက်လာလို့သာ ၀တ္တရားအရ ထိန်းသိမ်းထားရတာ၊ ဘယ်သူယူယူ, ယူချင်တဲ့သူယူပဲ, ဒါမှမဟုတ်ကိုယ်က အကုန်ဖြန့်ဝေပေးလိုက်မှာပဲ။
ဒါကြောင့် တကယ်စုရမှာက တရားပါ၊ သက်မဲ့သက်ရှိတွေ အပေါ်ဝင်ထိန်းရမှာက အသိတရား၊ ဒါကြောင့် ကမ္ဘာ့အချမ်းသာဆုံးလူဆိုတာ ရှိတာနဲ့ ချမ်းသာအောင် နေတတ်တဲ့သူကို ခေါ် တာ၊
ဘာနဲ့တွေ့တွေ့ ဘယ်အာရုံနဲ့တွေ့တွေ့ ငြိမ်းချမ်းစွာ, တည်ငြိမ်စွာ, ရင့်ကျင့်စွာနေတတ် တယ်၊ အာရုံထောင်းထုမှုခံနိုင်တယ်၊ သူများငိုနေကြတဲ့နေရာမှာ ပြုံးပြုံး, ပြုံးပြုံးနဲ့ နှလုံးအေးအောင်နေ တတ်တယ်။

သာသနာနဲ့ မတွေ့တဲ့လူ ဘ၀အခက်အခဲ ဖြေစရာမရှိ

သာသနာနဲ့မတွေ့တဲ့သူတွေကို အကဲခတ်ပါ၊ သူ့မှာရုပ်ဝတ္ထုနဲ့ အရေအတွက်ပဲပါတယ်၊ ခုနပြောတဲ့ ဘယ်သူတွေ ဘယ်လောက်ချမ်းသာတယ်ဆိုတာ သူ့ပစ္စည်းကြည့်ပြောကြတာ၊ သူ့အသိတရား ဘယ်လောက်ရှိတယ်ဆိုတာ သိရတာမဟုတ်ဘူး။
သူ့ (သာသနာနဲ့မတွေ့တဲ့လူ)မှာ အစားထိုးစရာ မရှိပါဘူး။ လဲတယ်ဆို ထူစရာမရှိပါဘူး။ ရုပ်ဝတ္ထုတွေ အဆင်ပြေနေတုန်း ခပ်ပြုံးပြုံးနေနိုင်လိမ့်မယ်၊ ထစ်ကနဲတစ်ခုခုအဆင် မပြေပြီဆိုတာနဲ့ တစ်ပြိုင်နက် ဒေါသတွေလာပြီ, အပူတွေလာပြီ, တုတ်တွေ, ဓားတွေ, တန်းစီစောင့်နေကြပြီ။
ဒါမှမဟုတ် ပတ်ဝန်းကျင်ကို ဘယ်လိုမှ လက်လှမ်းမမှီတော့ဘူးဆိုရင် ကိုယ့်ဟာကိုယ် ဒုက္ခပေးတော့မယ်၊ အရက်တွေသောက်တော့မယ်၊ မူးယစ်ဆေးဝါးတွေ သုံးစွဲတော့မယ်၊ အဆိပ်တွေသောက်တော့မယ်၊ တိုက်အမြင့်ကြီးတွေပေါ်တက်, ကယောင်ကတမ်းခုန်ချတော့မှာ။
သူ့မှာ အစားထိုးစရာမရှိဘူး၊ ဘ၀အခက်အခဲကို ဖြေစရာမရှိဘူး၊ ဟာနဲပျောက်ကွယ်သွားတဲ့နေရာမှာ “ဟောဒါပဲ”လို့ အစားထိုးစရာ မရှိဘူး၊ ဘိုင်းကနဲလဲသွားတဲ့စိတ်ကို ထူပေးစရာ တရားမရှိဘူး၊ ဒါကို အဆင့်နိမ့်လူလို့ခေါ်ပါတယ်။
အဲသလိုဆိုတော့ မိမိတို့မှာ ရတနာနဲ့တွေ့နေရတာမို့ အဆင့်မြင့်လူတွေ ဖြစ်ကြတယ်၊ ဒါကြောင့် သာသနာနဲ့တွေ့တဲ့ပုဂ္ဂိုလ်၊ ရတနာသုံးပါးနဲ့တွေ့ရတဲ့ပုဂ္ဂိုလ်များဟာ လောကမှာ ကံအကောင်းဆုံးလူများဖြစ်ပါတယ်။

ဘုရားအဆူဆူဟောခဲ့သည် သြ၀ါဒပါတိမောက် ၃- ဂါထာ

ဘုရားဆုံးမသြ၀ါဒဖြစ်တဲ့ သြ၀ါဒပါတိမောက် ၃-ဂါထာဟာ ဘုရားအဆူဆူဟောခဲ့တာပါ၊ တရားကတော့ဒါပါပဲ ဟောချိန်တော့ ကွာပါတယ်။
ဆိုကြပါစို့၊ နောက်ဆုံးပွင့်တဲ့ဘုရား ၇-ဆူမှာ ၀ိပဿီမြတ်စွာဘုရားဆိုရင် ဟောဒီ သြ၀ါဒပါတိမောက် ၃-ဂါထာကို ၇-နှစ်တစ်ကြိမ်ပဲ ဟောတယ်၊ တစ်ခါဟောလိုက်ရင် ၇-နှစ်တည်သွားတယ်၊ ထပ်ဟောစရာမလိုတော့ဘူး။ ကိလေသာ အလွန်နည်းတဲ့ခေတ် ဖြစ်တာကိုး။
ကိလေသာအလွန်နည်းတဲ့ခေတ်မှာ ဟောရတော့ မြတ်စွာဘုရားလည်း အလွန်သက်သာတယ်၊ ပြောရဆိုရတာ အင်မတန် သက်သာတယ်၊ ကျင့်ကြံကြိုးကုတ် အားထုတ်တဲ့ ပုဂ္ဂိုလ်တွေဆိုရင် အတိမ်းအစောင်းမရှိ ကျင့်ကြံကြတယ်၊ လိုက်နာကြတယ်၊ အားထုတ်ကြတယ်၊ ကောင်းကောင်းနေကြတယ်။
၇-နှစ်မှ တစ်ကြိမ် ဒီ ၃-ဂါထာဟောရုံပဲ၊ ဒီပြင်တရားတွေ ဘာမှ အထူးဟောနေစရာမလိုဘူး၊ ဒီပြင် စည်းကမ်းဥပဒေတွေဘာမှ ထုတ်နေစရာ မလိုဘူး၊ ဒီ ၃-ဂါထာကို တခါလောက်ဟောလိုက်တာနဲ့ ၇-နှစ်နောက်ထပ် ဘာမှ ပြောစရာမလိုလောက်အောင် ကိစ္စပြီးသွားတယ်တဲ့ဗျာ။
သခီမြတ်စွာဘုရား, ဝေဿဘူမြတ်စွာဘုရားတို့ကျတော့ ၆-နှစ်တစ်ကြိမ်၊ သြ၀ါဒပါတိမောက် ၃-ဂါထာကို ဟောကြတယ်၊ ၆-နှစ်မှ ၁-ခါပဲဟောတယ်၊ တစ်ခါဟောရင် ၆-နှစ်ခံတယ်၊ နောက်ထပ်ဘာမှ ပြောစရာမလိုဘူး။
ဟောရပြောရတာ အင်မတန် သက်သာတယ်၊ ကိလေသာအလွန်နည်းတဲ့ခေတ်၊ တရားကို အလွန်လေးစားတဲ့ခေတ်။
ကကုသန်မြတ်စွာဘုရား, ကောဏာဂုံမြတ်စွာဘုရားတို့ကျတော့ ၁-နှစ် တစ်ကြိမ် အဲဒီ ၃-ဂါထာကို ဟောတယ်၊ ၁-နှစ်မှာ တစ်ကြိမ်ပဲဟောတယ်၊ တစ်ခါဟောလိုက်ရင် ၁-နှစ်ခံသွား တယ်၊ နောက်ထပ် ဘာမှ ပြောစရာမလို၊ လိုက်နာကြတယ်၊ အားထုတ်ကြတယ်၊ ကျင့်ကြံကြတယ်။
ကဿပမြတ်စွာဘုရားကျတော့ ၆-လတစ်ကြိမ် သြ၀ါဒပါတိမောက် ၃-ဂါထာကို ဟော တယ်၊ တစ်ကြိမ်ဟောထားရင် ၆-လ ခံတယ်၊ နောက်ထပ် ဘာမှ ပြောစရာမလို၊ ကျင့်ကြံကြိုးကုတ် အားထုတ်ကြတယ်။

တရားဟောချိန်စိပ်လာတာ ကိလေသာထူထပ်အားကောင်းလာလို့

ဒီတော့ တရားဟောချိန် တစ်စ, တစ်စကွာလာတာတွေ့ရမယ်၊ အချိန်တွေစိပ်လာ တာတွေ့ရမယ်၊ အချိန်တွေစိပ်, စိပ်လာကတည်းက ကိလေသာတွေ တစ်စ, တစ်စ, အားကောင်း လာပြီ, ထူထပ်လာပြီ, အပူအခိုးအငွေ့တော်တော်လေးများလာပြီ။
အပူအခိုးအငွေ့များရင် များလာသလောက်, ပြောရ, ဟောရ, ဆုံးမရတာလည်း အချိန်လေးက စိပ်လာတယ်ပေါ့။
ဂေါတမမြတ်စွာဘုရားကျတော့ သြ၀ါဒပါတိမောက်ကို ပထမဗောဓိဝါ ၂၀-အတွင်း မှာ ဟောတော်မူတယ်၊ ဘုရားကိုယ်တော်တိုင် ၁၅-ရက်တစ်ကြိမ် လပြည့်တိုင်း, လကွယ်တိုင်းဟော တယ်၊ ပါတိမောက်ဟောကြားတဲ့ ရက်တွေပေါ့၊ သံဃာတော်များက နာယူကြတယ်။
ဝါ ၂၀- နောက်ပိုင်းကျတဲ့အခါ သာသနာမှာ အပြစ်အနာအဆာတွ ပေါ်လာတော့ သြ၀ါဒပါတိမောက် ၃-ဂါထာနဲ့မရတော့ဘူး၊ မလုံလောက်တော့ဘူး။

ကိလေသာကြောင့်တရားစွမ်းအားတွေ ဆုတ်ယုတ်လာတာ

လောကမှာ စကားနားထောင်ပြီး လိမ္မာတဲ့ သားကောင်းသမီးကောင်းလေးတွေရှိတဲ့ မိဘများ သိပ်ပြီးတော့ စည်းကမ်းသတ်မှတ်နေစရာလဲမလိုဘူး၊ ခြိမ်းချောက်ပြီး ငေါက်စရာလဲမလိုဘူး၊ သတိပေးစကာားလေး ရံဖန်ရံခါ ပြောလိုက်ရုံပဲ။
တစ်ခါတစ်ရံကျတော့ စကားနားမထောင်တဲ့ သားသမီးတွေပေါ်လာတဲ့အခါ, ချောက် တန်ချောက်, ငေါက်တန်ငေါက်, တုန်ပြတန်ပြ လုပ်ရတာပဲလေ။
သာသနာလည်း ဒီအတိုင်းပေါ့, ကိလေသာရဲ့သတ္တိက သူ့အစွမ်းရှိသလောက်ပြတာပဲ၊ ဆုပ်ကပ်ဆိုတာ ဘယ်သူကမှ ကန့်သတ်ပေးတာမဟုတ်ဘူး၊ သတ္တ၀ါတွေက ကိလေသာက လိုက်ကန့်သတ်သလို ဖြစ်တာ။
* ကိလေသာကြောင့်
* တရားစွမ်းအားတွေ ဆုတ်ယုတ်တာ
* တရားစွမ်းအားဆုတ်ယုတ်တော့
* သက်တမ်းတွေ ဆုတ်လာတာ
* ကောင်းတာတွေ အကုန်ဆုတ်တာ
ဒါကြောင့် ကိလေသာသတ္တိကြောင့် သြ၀ါဒပါတိမောက် ၃-ဂါထာကို မြတ်စွာဘုရားက ၁၅-ရက်တစ်ကြိမ်ဟောရုံနဲ့ မရတော့ဘူး၊ အာဏာပါတိမောက်, အမိန့်အာဏာနဲ့ ထုတ်ပြန်ရတာ။
လုပ်ရင်လုပ်, မလုပ်ရင် အာပတ်, မလုပ်ရဘူးဆို မလုပ်နဲ့, မလုပ်ပါနဲ့ပြောလျက်သားနဲ့ လုပ်ရင် အာပတ်, အဲသလို စသည်ဖြင့် စည်းကမ်းတွေ အပြစ်တွေနဲ့ အာဏာပါတိမောက် သတ်မှတ်တဲ့ အချိန်ကစပြီး မြတ်စွာဘုရားက သြ၀ါဒပါတိမောက် ၃-ဂါထာကို မဟောတော့ပါဘူး၊ ရဟန်းတော်များ ကသာ အာဏာပါတိမောက်ကို ၁၅-ရက်တစ်ကြိမ် သိမ်ထဲမှာ သံဃာပရိတ်သတ်အလယ်မှာ ရွတ်ကြပါတော့တယ်။
သြ၀ါဒပါတိမောက်ကို ဘုရားကိုယ်တော်တိုင်ဟောတယ်၊ သံဃာများ မဟောပါ၊ အာဏာပါတိမောက်ကျတော့ သံဃာများသာ ရွတ်ကြပါတယ်၊ ဘုရားက မရွတ်, မဟောတော့ပါ။
ဒါကြောင့် သြ၀ါဒပါတိမောက်သည် မြတ်စွာဘုရား၏ ပထမဗောဓိအတွင်း (အထူး အားဖြင့်တော့) သြ၀ါဒပါတိမောက် အခါတော်နေ့ရယ်လို့ ဖြစ်လာရတာ ပထမဆုံးဝါ, တပို့တွဲ လပြည့်နေ့က စခဲ့တာ။

မိဂဒါဝုန်မှ အစပြု၍

မြတ်စွာဘုရားဟာ မဟာသက္ကရာဇ် ၁၀၃-ခု ကဆုန်လပြည့်နေ့မှာ တရားလုံးစုံ အကုန်သိမြင်တဲ့ သဗ္ဗညုတဉာဏ်ရှင် ဘုရားအဖြစ်သို့ ရောက်တော်မူခဲ့ပါတယ်။
ဘုရားအဖြစ်သို့ ရောက်တော်မူပြီး ၂-လအကြာ ၀ါဆိုလပြည့်နေ့ကျတော့ ဣသိပတန မိဂဒါဝုန်တောမှာ ပဉ္စ၀ဂ္ဂီငါးဦးတို့ (နတ်တွေကတော့ အများကြီးပေါ့)ကို တရားဦးဟောခဲ့ပါတယ်။
အဲဒီလပြည့်နေ့ကစပြီး သံဃာပေါ်ပေါက်လာတယ်၊ ပြီးတော့မှ ၀ါဆိုလပြည့်ကျော် ၅-ရက် (လပြည့်နေ့နဲ့ပေါင်းရင် ၆-ရက်)အတွင်း ပဉ္စ၀ဂ္ဂီ ၅-ဦးတို့ဟာ ရဟန္တာဖြစ်ကြတယ်။
နောက်တော့ ယသသူဋ္ဌေးသားနဲ့ အပေါင်းပါ သူဋ္ဌေးသား ၅၄-ဦး၊ စုစုပေါင်း ၅၅-ဦးတို့ ကို မြတ်စွာဘုရား တရားဟောကြားတယ်။
မြတ်စွာဘုရားက ပထမဆုံးဝါကို ဣသိပတန မိဂဒါဝုန်တောမှာပဲ ၀ါကပ်တော်မူတယ်၊ အဲဒီ ပထမ၀ါအတွင်းမှာ ရဟန္တာ ၆-ကျိပ်ပေါ်လာတယ်၊ ပဉ္စ၀ဂ္ဂီ ၅-ဦးရယ်၊ ယသ သူဋ္ဌေးသားနဲ့ အပေါင်း အပါ ၅၅-ဦး၊ အားလုံးပေါင်း ရဟန္တာအပါး ၆၀၊ ပထမ၀ါမှာ မြတ်စွာဘုရား သာသနာပြုလို့ တရားဟောလို့ ရဟန္တာအပါး ၆၀- ပေါ်ပေါက်ခဲ့ပါတယ်။

တစ်ကြောင်းတည်းသောခရီးကို နှစ်ပါးမသွားနှင့်

သီတင်းကျွတ်တော့ မြတ်စွာဘုရားက သာသနာပြုကိစ္စတာဝန်ခွဲဝေတော်မူတယ်၊ ရဟန်းတော်အပါး ၆၀-ကို ဘုရားက “စရထ ဘိက္ခဝေ စာရိကံ” ရဟန်းတို့ - ဒေသစာရီ လှည့်လည်ကြ, တရားမနာသူမရှိရအောင်, တရားနဲ့ ထိုက်တန်သူတွေ မနာရမရှိရအောင်, တရားဖြန့်ကြ၊ ဒါကြောင့် ချစ်သားတို့- ခရီးထွက်ကြ, လှည့်လည်ကြ၊ တစ်ကြောင်းတည်းသော ခရီးကို နှစ်ပါးမသွားကြနှင့်၊ နှစ်ပါးသွားရင် အချိန်တွေ အပိုကုန်မယ်၊ တစ်လမ်းတစ်ပါးပဲသွားကြ၊ တရားနဲ့ထိုက်တန်တဲ့ ပုဂ္ဂိုလ်တွေတွေ့တိုင်း, တွေ့တိုင်း အင်မတန်ကောင်းမွန်တဲ့တရားတွေ ဟောကြလို့ ဘုရားက သာသနာပြုတာဝန်တွေ ခွဲဝေပေးတော်မူတယ်။
ဘုရားကိုယ်တော်တိုင်လည်း ဥရုဝေလတောကို ဦးတည်ပြီး တစ်ပါးတည်းကြွသွားပါတယ်၊ အချွေအရံ ပရိတ်သတ်မပါပါဘူး၊ ဒီအချိန်မှာ အရှင်အာနန္ဒာ အလုပ်အကျွေးမဖြစ်သေးပါဘူး၊ အလုပ်အကျွေးရာထူး ယူထားတဲ့ ရဟန်းလည်းတစ်ပါးမှ မရှိသေးပါဘူး၊ ဘုရားရှင်တစ်ပါးတည်း ဥရုဝေလတောကို ကြွပါတယ်။

ရသေ့ညီနောင် ရှင်တစ်ထောင်

တစ်ပါးတည်းကြွတော့ ကပ္ပါသိကတောအုပ်ရောက်, ဘဒ္ဒ၀ဂ္ဂီညီနောင် သုံးကျိပ်နဲ့တွေ့၊ ဘုရားက တရားဟော, သောတာပန်ဖြစ်၊ ဥရုဝေလတောဆက်လျှောက်၊ အဲဒီမှာ သီတင်းကျွတ်လပြည့်ကစပြီး ပြာသိုလပြည့်ဝန်းကျင်အထိ ၃-လကြာ သီတင်းသုံးပါတယ်။
ဥရုဝေလကဿပ အမှူးပြုတဲ့ ရသေ့ညီနောင် ရှင်တစ်ထောင်လို့ သာသနာမှာ နာမည်ကြီးတဲ့ ရသေ့အပါး တစ်ထောင်အား တရားဟောချေချွတ်လို့ အားလုံးရဟန္တာတွေဖြစ်ကြတယ်။
ရသေ့တစ်ထောင်ကို ဘုရားက ဧဟိဘိက္ခုခေါ်ပြီး ရဟန်းပြုပေးလိုက်တာ သိမ်ထဲဝင်ပြီး ရဟန်းခံပေးရတာ မဟုတ်ပါဘူး၊ အကုန်ရဟန္တာ ဖြစ်ကြတယ်။
ရသေ့ဟောင်းဖြစ်တဲ့ ရဟန္တာအပါးတစ်ထောင် ပြာသိုလပြည့်ဝန်းကျင်မှာဖြစ်ကြတော့ ရဟန်းအပါးတစ်ထောင်နဲ့အတူ မြတ်စွာဘုရား ရှေ့ဆက်လျှောက်တာ ပြာသိုလပြည်ကျော်လောက်မှာ ရာဇဂြိုလ်မြို့ကို ရောက်ပါတယ်။
ရာဇဂြိုလ်မြို့ရောက်တော့ ဗိမ္မိသာရမင်းက စောစီးစွာ ဘုရားမဖြစ်ခင်ကတည်းက “ဘုရားဖြစ်ရင် တပည့်တော်ရဲ့ နိုင်ငံကို အရင်ဆုံး ကြွပါဘုရားလို့” လျှောက်ထားခဲ့တဲ့ စကားအရ၊ မြတ်စွာဘုရားကြွလာတာပါ။
ဘုရားကြွလာတဲ့သတင်းကို ဗိမ္မိသာရမင်းကြားတော့ ဘုရားထံလာရောက်, ဘုရားနဲ့တွေ့ဆုံကြ၊ ဘုရားက တရားဟော, တရားနာ, ဗိမ္မိသာရမင်းလည်း သောတာပန် ဖြစ်ပါတယ်။
အဲဒီမှာ ဝေဠုဝန်ဥယျာဉ်ကြီးကို ဗိမ္မိသာရမင်းက ဘုရားရဲ့အရံအဖြစ် သီတင်းသုံး ရန် ကျောင်းတော်အဖြစ် ရေစက်သွန်းချလှူဒါန်းပါတယ်။ အဲဒီမှာ ဘုရားရှင် သီတင်းသုံးတယ်။
မဟာသက္ကရာဇ် ၁၀၃-ခု ပြာသိုလပြည့်ကျော်ကစပြီး တပို့တွဲလပြည့်နေ့ထိအောင် မြတ်စွာဘုရားဟာ ရာဇဂြိုလ်မြို့ ဝေဠေုဝန်ကျောင်းတော်မှာ ရသေ့ညီနောင် ရှင်တစ်ထောင်ခေါ်ရတဲ့ ရဟန္တာအပါးတစ်ထောင်နဲ့အတူ သီတင်းသုံးလျက်ရှိပါတယ်။

သွားအတူ, လာအတူ, စားအတူ အကြံတူသည့် သူငယ်ချင်းနှစ်ဦး

အဲဒီအချိန်မှာ ဥပတိဿနဲ့ ကောလိတတို့ဟာ ရာဇဂြိုလ်မှာ ရှိကြတယ်၊ သူတို့နှစ်ယောက်ဟာ ငယ်စဉ်ကလည်း အတူတူ, အရွယ်ရောက်တော့လည်း အတူတူ, သွားအတူလာအတူ, နေအတူ ထိုင်အတူ, အင်မတန်ချစ်ခင်လေးစားကြတယ်။
ရာဇဂြိုလ်မြို့မှာ တောင်ထိပ်ပွဲသဘင်ဆိုတာ မကြာ, မကြာ ကျင်းပလေ့ရှိတယ်၊ ဥပတိဿနဲ့ကောလိတတို့ဟာ လောကလူသားတွေဆိုတော့ ပွဲသွားကြည့်ကြတယ်၊ ပထမပိုင်းတော့ အများပွဲကြည့် ပရိတ်သတ်လိုပဲ ရယ်စရာရှိ တဟားဟားရယ်လိုက်ကြတာပါပဲ၊ ပူစရာရှိလည်း အများနည်းတူစိတ်မှာ အပူဟပ်တာလည်းရှိတာပေါ့၊ ပွဲကြည့်ပရိတ်သတ်ပီပီ ရိုးရိုးပဲ။
အသိဉာဏ်ရင့်လာတဲ့တစ်နေ့မှာတော့ နှစ်ယောက်သား အကြံတူဖြစ်နေကြတယ်၊
ဥပတိဿက -
“ပွဲကြည့်စင်ပေါ်က လူကလည်း အနှစ် ၁၀၀-အတွင်း သေမှာပဲ၊ ပွဲကြည့်ပရိတ်သတ်ထောင်သောင်းများစွာကလည်း ဘာထူးမှာလဲ၊ နှစ် ၁၀၀-အတွင်း အကုန်သေကုန်မှာပဲ၊ ဘာမှ အနှစ်သာရမရှိပါလား၊ ပျော်စရာဆိုတာ ဘာကို ခေါ်တာလဲ၊ ကြံကြံဖန်ဖန် ရှာဖွေပျော်နေကြတာ၊ ဒီအထဲအတွင်းက အိုတဲ့ မီးက တဟုန်းဟုန်း၊ နာတဲ့မီး တဟုန်းဟုန်း၊ သေတဲ့မီးလည်း ကိုယ့်ဘက်လောင်မလို့ မီးရှူးမီးတောက်ကြီး လာနေပြီဆိုတာ မသိကြပါလား၊ ဒါတွေမသိပဲ ပျော်စရာအောက်မေ့နေကြတယ်”
အဲသလို ရင်ထဲမှာ ပွဲကြည့်ရင်းနဲ့ အသိဉာဏ်တွေ ဖြစ်လာတယ်၊ ဒါမျိုးကို တချို့က ပြောကြတယ်, ပွဲဟာကြည့်တတ်ရင် ကုသိုလ်ရပါတယ်, တရားရပါတယ်ပေါ့၊ သူတို့ပွဲကြည့်တာတွေကို အထောက်အထားလေးနဲ့ ပြောကြတယ်။
သူတို့က သူတို့ အခုဟာက ပါရမီရှင်ကြီးတွေ, မတူဘူး -
ကောလိတကလည်း ဒီအတိုင်းပဲ တစ်ထပ်ထည်းစဉ်းစားပြီး သံဝေဂဖြစ်, အသိဉာဏ်တွေပေါ်နေတယ်။
အသိတွေပေါ်နေတော့ နှစ်ယောက်သား အပြန်အလှန် -
“သူငယ်ချင်း ...... သူငယ်ချင်းမျက်နှာ အရင်ကနဲ့ မတူပါလား ဘာဖြစ်နေတာလဲ”
“ဒီလို ဒီလိုအကြံအစည်တွေဖြစ်နေတယ်” ပြောပြတော့ -
“ဟာ ငါနဲ့ တစ်ထပ်တည်းပါလား, အဲသလိုဆိုရင်တော့ မဖြစ်ဖူးဟေ့၊ တို့တတွေလည်း အိုမီး, နာမီး, သေမီးတွေ တဟုန်းဟုန်းလောင်လို့ပဲကွ”
ပါရမီရှင်ကြီးတွေ ပါရမီက နှိုးဆော်တယ်ဆိုတာ အဲဒါပေါ့ဗျ။

လွတ်မြောက်ရေးတရားရှာခရီး

“လွတ်မြောက်ရေးတရားရှာကြစို့ သူငယ်ချင်း, မင်းက တစ်လမ်းရှာကွာ, ငါက တစ်လမ်းရှာမယ်၊ အရင်တွေ့တဲ့လူက နောက်လူကို ပြောကြစတမ်းနော်၊ မင်းအရင်တွေ့လဲ ငါ့ပြောကွာ၊ ငါအရင်တွေ့လည်း မင်းပြောမယ်ကွာ”၊
“အေး ကောင်းပြီကွာ”ဆိုပြီး နှစ်ယောက်သား လမ်းခွဲတရားရှာထွက်ကြတယ်၊ ဥပတိဿနဲ့ကောလိတတို့ကလည်း တရားရှာထွက်လိုက်ကြတာ ပထမဆုံး သိဉ္စည်းဆရာကြီးထံ ရောက်သွားကြတယ်။
သိဉ္စည်းဆရာကြီးက အဲဒီအချိန်မှာ တပည့်ပရိတ်သတ်တွေနဲ့ ဘုန်းတောက်နေတဲ့ အချိန်ပေါ့၊ ဥပတိဿနဲ့ ကောလိတဆိုတဲ့ ပါရမီရှင်တွေရောက်ပြီး တပည့်ခံတော့ ပိုပြီး ဘုန်းတောက်နာမည်ကြီး လာတယ်။
ဥပတိဿနဲ့ ကောလိတတို့က သိဉ္စည်း ဆရာကြီးထံ ၂-ရက်၊ ၃-ရက်လောက် အကျင့်တွေ နည်းလမ်းတွေ သင်ယူလိုက်တော့ အကုန်တစ်ဖက်ကမ်းခတ် တတ်သွားတယ်။
“ဆရာကြီး- ဆရာကြီးရဲ့ အနှစ်သာရက ဒါပါပဲလား၊ ဒိအပြင်မရှိတော့ဘူးလား”၊ “ဒါပဲကွာ”လို့ ပြန်ဖြေတော့ သူတို့အချင်းချင်း ......
“ဘာတဲ့လဲ လွတ်မြောက်ရေးတရား, ဘယ်မှာလဲ အပူငြိမ်းတရား, ဘာမှလဲ အဓိပ္ပာယ်မရှိဘူး၊ သူငယ်ချင်းရေ, တို့နှစ်ယောက် အနှစ်မတွေ့ပြန်ဘူး” အဲသလိုပြောပြီး ဆက်ရှာဖွေကြပြန်တယ်။ အဲဒီအချိန်မှာ တပည့် ၂၅၀-သိဉ္စည်းထံမှာ ရှိကြတယ်၊ သိဉ္စည်းရဲ့ တပည့်အပြင် ဥပတိဿနဲ့ ကောလိတတို့ရဲ့ တပည့်တွေလည်း ဖြစ်တယ်ပေါ့။

တရားရှာ တရားရှင်တွေ့

အဲသလို ရှာလိုက်တာ တပို့တွဲလဆန်း ၁-ရက်နေ့ဝန်းကျင်ရောက်တော့ ၀ါဆိုဦးက ရဟန္တာဖြစ်ခဲ့တဲ့ ပဉ္စ၀ဂ္ဂီငါးဦးထဲက တစ်ပါး အပါအ၀င် အရှင်အဿဇိမထေရ်မြတ်ဟာ သူ့သာသနာ့ခွဲတမ်းက ရာဇဂြိုလ်ကျပုံပေါက်ပါတယ်၊ အဲဒီမှာ ဆွမ်းခံကြွပါတယ်။
ဥပတိဿကလည်း ပရိဗိုဇ်ထုံးစံအတိုင်း ဆွမ်းခံကြွတယ်ဆိုပါတော့၊ သူတို့လည်း သူတို့နည်းလမ်းနဲ့ သူတို့ဆွမ်းခံကြွမှာပေါ့၊ အဲဒါနဲ့ ရာဇဂြိုလ်မြို့ထဲမှာ တွေ့ကြပါရော။
တွေ့ကြတော့ အရှင်အဿဇိက ဣနြေ္ဒနဲ့ သိက္ခာနဲ့, သပိတ်ပိုက်လို့, အချိန်မဖြုန်းဘူးလေ၊ သာသနာနဲ့ တွေ့တဲ့ပုဂ္ဂိုလ်က အချိန်ဖြုန်းတယ်လို့ မရှိဘူး၊ အချိန်မှန်သမျှ အကုန်သုံးတယ်။
လမ်းသွားတာတောင်မှ ဘယ်လှမ်းတယ်, ညာလှမ်းတယ်နဲ့၊ ဖြုန်းတာမပါ၊ နေပုံထိုင်ပုံကြည့်ရတာ တည်ငြိမ်လိုက်တာ, သွားပုံလာပုံကြည့်ရတာ တည်ငြိမ်လိုက်တာ, အေးချမ်းလိုက်တာ, မျက်နှာကြည့်တော့လည်း ကြည်လင်လို့, အပူများနည်းနည်းလေးမှ အငွေ့အသက်မပါ, ဥပတိဿက ကြည်ညိုလိုက်တာ။
“ဟာ..... ဟို ပုဂ္ဂိုလ်ဟာ တယ်ထူးပါလား၊ ငါတွေ့ဖူးတဲ့ ပုဂ္ဂိုလ်တွေထဲမှာ ဒီပုဂ္ဂိုလ်အထူးဆုံးပဲ၊ ငြိမ်သက်လှချည့်လား၊ တည်ကြည်လှချည်လား၊ အေးချမ်းလှချည်လား၊ လောကမှ ရဟန္တာဆိုတာ ဒါမျိုးပြောတာနဲ့တူတယ်၊ ငါသွားပြီး သိချင်တာလေးတွေမေးဦးမှပဲ” ဆိုပြီး အချိန်ကာလကို ချင့်ချိန်လိုက်တော့ ---
“သြော်- ဆွမ်းခံနေတုန်းမေးလို့ မတော်သေးဘူးလေ”လို့ စိတ်လျှော့လိုက်တယ်၊ ဋ္ဌာန ဋ္ဌာနကောသလ္လ, ပညာရှိများ ဒီလောက်တော့ သိတာပေါ့၊ ကိုယ်သိချင်တာလေးတစ်ခုကို မကြည့်ဘူး၊ ကာလ ချင့်ချိန်တတ်တယ်၊
“ဒီအချိန်ဟာ မေးရမယ့်အချိန်မဟုတ်ဘူး၊ ဆွမ်းခံနေတုန်း, ငါ အလိုက်သိရမှာပေါ့၊ ငါသိချင်တာတစ်ခုနဲ့ မပြီးသေးဘူးလေ၊ မေးသင့်တဲ့ အခါ မဟုတ်သေးဘူး၊ ဒါပေမယ့် မျက်ခြေအပြတ်ခံလို့တော့ မရဘူး၊ နောက်က ထက်ကြပ်မကွာလိုက်မှဖြစ်မယ်” ဆိုပြီး နောက်က တကောက်ကောက်လိုက်သွားတယ်၊ သူရှာနေတဲ့ လွတ်မြောက်ရေးတရား ဒီအရှင်မြတ်ရဲ့ သန္တာန်မှာ ရှိတယ်လို့ သူယုံကြည်တာကိုး။

ကောင်းဓာတ်လိုက်ရင် ခွာလို့မရဘူး

အဲဒါ ဓာတ်သဘာဝလေ၊ ဓာတ်လိုက်တယ်, ဓာတ်လိုက်တယ်ဆိုတာ ဒါကိုခေါ်တာပေါ့၊ မကောင်းတဲ့လူလည်း မကောင်းဓာတ်လိုက်တာပဲ၊ ကောင်းတဲ့လူလည်း ကောင်းဓာတ်လိုက်တာပဲ၊ ကောင်းဓာတ်များ လိုက်ရင်တယ်ဆိုရင် ခွာလို့မရဘူး။
ဥပတိဿက အရှင်အဿဇိရဲ့ ဓာတ်လိုက်နေပြီ၊ ဒါကြောင့် ခွာမရပဲ တကောက်ကောက် လိုက်တာပေါ့။
ဆွမ်းခံပြီးတော့ အရှင်အဿဇိကလည်း လျောက်ပတ်တဲ့နေရာမှာ ဆွမ်းများဘုဉ်းပေးတယ်၊ ဥပတိဿက ပြီးအောင်စောင့်တယ်၊ နောက်တော့မှ အနားကပ်ပြီး .......
“အရှင်ဘုရား၊ အရှင်ဘုရားတွေ့ရတာ အေးချမ်းလှချည်လား၊ အရှင်ဘုရားရဲ့ ဣနြေ္ဒတွေကလည်း သန့်စင်ကြည်လင်လှချည်လား၊ ဘာမှလဲ အပူအပင်မတွေ့ပါလား၊ ဘယ်သူ့ကို ရည်မှန်းပြီး ရဟန်းပြုတာပါလဲ၊ အရှင်ဘုရား ဆရာက ဘယ်သူပါလဲ၊ အရှင်ဘုရားက ဘယ်သူ့ တရားကို နှစ်သက်သဘောကျပြီး ရဟန်းပြုတာလဲ” ဆိုတဲ့
သိချင်တဲ့ မေးခွန်းပေါင်းများစွာကို မေးမြန်းတော့တယ်၊ အရှင်အဿဇိကလည်း မြတ်စွာဘုရားရဲ့ တပည့်ဖြစ်တဲ့အကြောင်း၊ မြတ်စွာဘုရားရဲ့ တရားကို နှစ်သက် သဘောကျတဲ့အကြောင်း မြတ်စွာဘုရားရဲ့ တရားစွမ်းအားများကို သဘောကျတဲ့အကြောင်း၊ မြတ်စွာ ဘုရားဟာ သစ္စာလေးပါးတရားကို ဟောကြားတဲ့အကြောင်းစတဲ့ ဥပတိဿမေးတာတွေကို ဖြေတယ်။

ဉာဏ်လျင်မြန်ကြီးမားတာကြောင့်

မေးခွန်းတွေကိုဖြေပြီးတော့ ဥပတိဿပရိဗိုဇ်က -
“အရှင်ဘုရား.... တပည့်တော်ကို တရားဟောပါ၊ အရှင်ဘုရားတို့ဆရာက ဘယ်လို အယူဝါဒတွေကို ဟောပါသလဲ”
“တို့များ ရဟန်းဖြစ်တာ မကြာသေးဘူး၊ လွန်ခဲ့တဲ့ ၀ါဆိုဦးကမှ ရဟန်းဖြစ်တာ၊ တရားရှည်ရှည်တော့ မဟောနိုင်ဘူး၊ အနက်အဓိပ္ပာယ် အတိုချုပ်တော့ ပြောနိုင်တယ်” ဆိုတော့ ဥပတိဿက..
“အရှင်ဘုရား စကားလုံးရေ များများပြောဖို့ မလိုပါဘူး၊ အနှစ်ချုပ်လိုရင်းသာပြောပြပါ၊ အနက် အဓိပ္ပာယ် အကျယ်ချဲ့ပြီး သိရမှာက တပည့်တော် တာဝန်ပါ”
အဲဒါနဲ့ အရှင်အဿဇိက သစ္စာလေးပါးတရားဟောပေးတယ်။
ယေ ဓမ္မာ ဟေတုပ္ပဘ၀ါ
တေသံဟေတုံ တထာဂတာ အာဟ၊
တေသဉ္စ ယောနိရောဓော
ဧ၀ံ ၀ါဒီမဟာ သမဏော၊
အဲဒီ သစ္စာလေးပါးတရားဟောတော့ ပထမ ၂-ပါဒပဲ ပြီးသေးတယ်၊ ဥပတိဿက သောတာပန်ဖြစ်သွားရော၊ တစ်ဂါထာလုံးတောင် မဆုံးသေးဘူး၊ ၄-ပါဒရှိတဲ့ ဂါထာလေးတစ်ခုကို အရှင်အဿဇိက ဟောတာ ၂-ပါဒပြီးတာနဲ့ သောတာပန်ဖြစ်တယ်၊ ဘယ်လောက်များ ဉာဏ်လျှင်မြန်ကြီးမားလိုက်ပါသလဲ။
တရားရဲ့ အတိုချုပ်က ဒုက္ခသစ္စာ, ဒုက္ခဖြစ်ကြောင်း- သမုဒယသစ္စာ, ဒုက္ခချုပ်ရာ- နိရောဓသစ္စာ ချုပ်ငြိမ်းရာ, နိဗ္ဗာန်ရောက်ကြောင်း မဂ္ဂသစ္စာ၊ အဲဒီ ၄-ပါးတရားကို ဟောပါ တယ်၊ ဟောတော့ ဥပတိဿက -
“အရှင်ဘုရား၊ ဒီလောက်ဆိုတော်ပါပြီဘုရား, အရှင်ဘုရား ဘယ်မှာ သီတင်းသုံးပါသလဲ, အရှင်ဘုရားရဲ့ ဆရာမြတ်စွာဘုရားက ဘယ်မှာ သီတင်းသုံးပါသလဲ”
“မြတ်စွာဘုရားက ရာဇဂြိုလ်မြို့ ဝေဠေုဝန်မှာ သီတင်းသုံးတယ်”ဆိုပြီး အရှင်အဿဇိက ဆက်ကြွသွားတယ်။

ကတိက၀တ်အတိုင်း

အဲဒါနဲ့ ဥပတိဿက သူငယ်ချင်းကို ပြောရမယ့် ကတိက၀တ်ရှိတော့ ခပ်သုတ်သုတ်ကို သွားတော့တာ, ကောလိတကလည်း စောင့်နေတာပဲ၊ ဥပတိဿလာတာ ခပ်လှမ်းလှမ်းက မြင်ရတယ်၊ ခါတိုင်းနဲ့ မတူဘူးဆိုတာ ချက်ခြင်း သိလိုက်တယ်။
သာသနာကို အကြောင်းပြု, ကျင့်ဝတ်ကို နားလည်းသွားတဲ့ ပုဂ္ဂိုလ်ရဲ့ စိတ်နေစိတ်ထား နေပုံ ထိုင်ပုံ သွားပုံလာပုံဆိုတာ အချိုးကျတယ်၊ ဣနြေ္ဒရတယ်လေ၊ “အင်း... ငါ့သူငယ်ချင်းကြီးတော့ ရှာတဲ့တရားတွေ့ခဲ့ပြီနဲ့တူတယ်”လို့ တွေးပြီး ဥပတိဿရောက်လာတော့.....
“ ဘယ်လိုလဲ သူငယ်ချင်း လွတ်မြောက်ရေးတရားတွေ့ခဲ့ပြီလား”
“တွေ့ခဲ့ပြီ သူငယ်ချင်းရဲ့ အဲဒါကို ပြောမလို့လာတာ”
“ပြောစမ်းပါဦး”ဆိုပြီး မေးတော့ ဥပတိဿက ဖြစ်ကြောင်းကုန်စင် အစချီပြီး နောက်ဆုံး သစ္စာလေးပါး ဂါထာထိပြောတော့၊ အဲဒီဂါထာလဲပြောပြီးရော, ကောလိတလည်း သောတာပန်ဖြစ်ပါရော။
ဉာဏ်ကြီးရှင်တွေလေ, နှစ်ပါးစလုံး မဟာသက္ကရာဇ် ၁၀၃-ခု တပို့တွဲလဆန်း ၁-ရက်နေ့မှာ သောတာပန်ဖြစ်ကြတာ။

တစ်ကိုယ်ကောင်း မဆန်ချင်ဘူး

သောတာပန်ဖြစ်သွားကြတော့ ကောလိတက .....
“မြတ်စွာဘုရားဆီသွားကြရအောင် သူငယ်ချင်း, ရာဇဂြိုလ်မြို့ ဝေဠေုဝန်မှာရှိတယ် မဟုတ်လား” ဆိုတော့ ဥပတိဿက အင်မတန် ငယ်သားတွေကို ငဲ့ညှာတတ်တဲ့ သဘောရှိတယ်၊ ဆရာသမားကိုလည်း အင်မတန် ငဲ့ညှာတတ်တဲ့ သဘောရှိတယ်။
“သူငယ်ချင်းရေ တို့တွေ တစ်ကိုယ်ကောင်းဆန်လို့မဖြစ်သေးဘူး၊ တို့မှာ တပည့် ၂၅၀- ရှိသေးတာ၊ သူတို့ကိုလဲ သွားပြောရအောင်၊ တို့ ၀တ္တရားရှိတဲ့အတိုင်း သွားပြောရင် သူတို့ လိုက်ချင် လိုက်ကြ လိမ့်မယ်၊ ပြီးတော့ တို့ရဲ့ ဆရာကြီးကိုလဲ သွားပြောကြရအောင်”
“အေးကောင်းသားပဲ” ဆိုပြီး သိဉ္စည်းပရိဗိုဇ်တို့ရဲ့ အရံကို သွားကြတယ်၊ အရင်ဆုံးတပည့် ၂၅၀-ရဲ့ အရံကို သွားတယ်။
“တပည့်တို့- ဆရာတို့တော့ လောကမှာ အနှစ်သာရတရားတွေကို လမ်းညွှန်ပေးနိုင်တဲ့ သုံးလောကထွတ်ထား မြတ်စွာဘုရားပွင့်တော်မူပြီး၊ ယခု ဝေဠေုဝန်ရောက်နေတယ်လို့ သိရတယ်၊ တို့များတော့ မြတ်စွာဘုရားထံသွားပြီး ရဟန်းပြုတော့မယ် ငါ့တပည့်တွေကော ဘယ်လိုလဲ”
“ဆရာတို့ရယ် ကျွန်တော်တို့လည်း ဆရာတို့နှစ်ဦးကို မှီခိုနေကြရတာဆိုတော့ ဆရာတို့နှစ်ဦး မြတ်စွာဘုရားသာသနာဝင် ရဟန်းပြုမယ်ဆိုရင် ကျွန်တော်တို့ နေခဲ့လို့ ဘယ်ဖြစ်မလဲ, လိုက်မှာပေါ့”
ပရိဗိုဇ် ၂၅၀-လုံး ဥပတိဿနဲ့ ကောလိတနောက် ပါသွားကြတယ်။

ဘယ်လိုဖြစ်ဖြစ် ပရိတ်သတ် များနေဦးမှာပဲ

သူတို့နှစ်ဦးဟာ ၀တ္တရားရှိတဲ့အတိုင်း သိဉ္စည်းဆရာကြီးထံ သွားကြပြန်တယ်။
“ဆရာကြီး, ကျွန်တော်တို့ မြတ်စွာဘုရားထံ သွားပြီး ရဟန်းပြုကြတော့မလို့”
“ဟာ.. တပည့်တို့... ဘယ်ဖြစ်မလဲ၊ ဒီမှာရှိတဲ့ ပရိဗိုဇ်တွေကို မင်းတို့အုပ်ချုပ်ထိန်းသိမ်းပြီးနေရတာ မင်းတို့မရှိလို့ မဖြစ်ဖူး၊ မသွားကြပါနဲ့”
“မဖြစ်ဖူး ဆရာကြီး၊ ဆရာကြီး လိုက်မှာလား၊ မလိုက်ဖူးလား”
ငါတော့ မလိုက်နိုင်ဘူးကွာ” ပြောတော့ အမျိုးမျိုး စည်းရုံးပြီးခေါ်ကြတယ်၊ သိဉ္စည်းရဲ့ နောက်ဆုံးအဖြေက -
“တပည့်တို့ - နောက်ဆုံးမေးမယ်ကွာ၊ လောကမှာ ပညာရှိနဲ့ ပညာမဲ့, လူလိမ္မာနဲ့ လူမိုက် ဘယ်သူများသလဲ”
“ပညာရှိလူလိမ္မာက နည်းတာပေါ့ ဆရာရယ်၊ ပညာမဲ့လူမိုက်က များတာပေါ့”
“အေးကွာ၊ ပညာရှိ လူလိမ္မာတွေ ရဟန်းဂေါတမဆီ သွားကြလိမ့်မယ်ပေါ့ကွာ၊ မိုက်တဲ့သူတွေ, မလိမ္မာတဲ့သူတွေ, ဘာမှမသိတဲ့လူတွေ ငါ့ဆီလာလိမ့်မယ်၊ ဘယ်လိုဖြစ်ဖြစ်, ငါတို့ ပရိတ်သတ်များနေဦးမှာပါပဲ”
စိတ်ထဲမခံချင်လို့ ပြောလိုက်ရပေမယ့် ပူလောင်လိုက်တာ၊ အဲဒါနဲ့ ဆရာကို ကျောပေးပြီး တပည့် ၂၅၀-နှင့်တကွ ဥပတိဿ, ကောလိတတို့ သွားကြပြီဗျ၊ မျက်စိတဆုံးကြည့်ပြီး ကျန်ခဲ့တဲ့ သိဉ္စည်းဆရာကြီးအဖို့ ပူလောင်လိုက်တာ, ၀မ်းနည်းလိုက်တာ။
ဥပတိဿနဲ့ ကောလိတတို့က တပည့်ဝတ္တရားကျေပါတယ်၊ သိဉ္စည်းဆရာကြီးက လက်မခံလို့ပါ။ တပည့်ကောင်း ပီသကြပါတယ်။
မျက်စိတဆုံးကြည့်ပြီး ကျန်ခဲ့တဲ့ သိဉ္စည်းကြီး နှလုံးတွေ ပူလောင်လွန်းတော့ သွေးပွက်ပွက်အန်ရှာသတဲ့။

ထိပ်တန်းတပည့်ကြီးဖြစ်မည့်သူတွေ

အဲဒါနဲ့ ဥပတိဿနဲ့ ကောလိတတို့ တပည့် ၂၅၀-နှင့် အတူ ဘုရားသီတင်းသုံးရာ ဝေဠုဝန်ကို သွားကြပြီ၊ “ခပ်လှမ်းလှမ်းက လာနေတာကို မြတ်စွာဘုရားက မြင်တော်မူတယ်၊ သံဃာပရိတ်သတ်ကြီးကို မိန့်တော်မူသတဲ့”
“ချစ်သားတို့ ဟိုမှာ ဥပတိဿနဲ့ကောလိတတို့ လာကြပြီ၊ သူတို့ဟာ ငါဘုရားရဲ့ သာသနာမှာ ထိပ်တန်းတပည့်ကြီး နှစ်ဦးဖြစ်ကြမှာ” အဲသလို စသည်ဖြင့် မိန့်ကြားတယ်။
ဥပတိဿနဲ့ ကောလိတတို့လည်း တပည့် ၂၅၀-နှင့် အတူတကွရောက်လာကြပြီး မြတ်စွာဘုရားထံရောက်၊ တရားနာ၊ ရဟန်းပြုခွင့်တောင်း ဘုရားက ဧဟိဘိက္ခုဆိုတဲ့ စကားနဲ့ ရဟန်းပြုပေး လိုက်တယ်။
အတိတ်ဘ၀များစွာက သင်္ကန်း, သပိတ်, ပရိက္ခရာ လှူဒါန်းခဲ့ဖူးတဲ့ပုဂ္ဂိုလ်တွေ ၀ိဝဋ, နိဿိတကောင်းမှုပါတဲ့ ပုဂ္ဂိုလ်တွေ, ဘုရားရဲ့ ဧဟိဘိက္ခုဆိုတဲ့ စကားနဲ့ပဲ အကုန်လုံး ရဟန်း ဖြစ်သွားကြတယ်။
ဘုရားက ဒီစကားသုံးလိုက်တာနဲ့ ကုသိုလ်ကံ တန်ခိုးကြောင့် သပိတ်သင်္ကန်းတွေ အလိုလို ပေါ်လာရတယ်၊ ဘယ်သူမှ ခေါင်းတွေ မတုံးရဘူး၊ အလိုအလျောက် ကတုံးဖြစ်သွားတယ်။ ဘယ်သူမှ ပေးလှူစရာမလိုပဲ အလိုအလျောက် သင်္ကန်းတွေ ပေါ်လာတယ်၊ အကုန်လုံးဣနြေ္ဒ သိက္ခာအပြည့်နဲ့ ရဟန်းဖြစ်သွားတယ်။
မကြာခင် မြတ်စွာဘုရားက ၀ိပဿနာတရား, သစ္စာလေးပါးတရားဟောတော့ တပည့် ၂၅၀-က အကုန် ရဟန္တာဖြစ်သွားတယ်၊ ဆရာနှစ်ယောက်ကတော့ သောတာပန်ပဲ ရှိသေးတယ်၊ တပည့်တွေကတော့ ရဟန္တာ ဖြစ်သွားကြပြီ။

အဂ္ဂသာဝက အသိဉာဏ်ရ၍

အဲဒါနဲ့ တပို့တွဲလဆန်း ၁-ရက်မှာ အရှင်မဟာမောဂ္ဂလာန်လောင်းလျာ ကောလိတဟာ မဂဓတိုင်း ရာဇဂြိုလ်အနီး ကလ၀ါလပုတ္တရွာငယ်လေးအနီး တောအုပ်တစ်ခုထဲဝင် တရားအလုပ် အားထုတ်ပါတယ်။
တရားအလုပ် အားထုတ်လိုက်တာ မနေမနား စင်္ကြန်လျှောက်၊ ငါဟဲ့ ယောက်ျား ဘာလို့ မဖြစ်ပဲနေရမှာတုန်း၊ စိတ်ကို အားတင်းပြီး စင်္ကြန်လျှောက် တရားရှုမှတ်ပွားများ အားထုတ်လိုက်တာ ၇-ရက်သာကြာရော ဘာမှမဖြစ်ဖူး။
တပို့တွဲလဆန်း ၇-ရက်ရောက်လာတယ်၊ မနေမနား ကြိုးစားအားထုတ်တော့ ခန္ဓာကိုယ် ပင်ပန်းနွမ်းနယ် ညောင်းညာလာတယ်။
ညောင်းညာပင်ပန်းလွန်းလို့ စင်္ကြန်လျှောက်တဲ့ စင်္ကြန်ဦးမှာ ခဏလေး ထိုင်လိုက်တာ အိပ်ငိုက်သွားတယ်။
အိပ်ငိုက်သွားတော့ မြတ်စွာဘုရားက ထိတ်လန့်သွားအောင် တရားပြလိုက်တယ်၊ တရားပြလိုက်ပြီး ဓာတ်ကမ္မဋ္ဌာန်း တရားဟောကြားလိုက်တဲ့အခါ ခန္ဓာဉာဏ်စိုက် ၀ိပဿနာပွားများ အားထုတ်လိုက်တာ အရှင်မဟာမောဂ္ဂလာန်သည် တပို့တွဲလဆန်း(၇)ရက်နေ့မှာ သာဝကပါရမီဉာဏ် အထွတ်အထိပ်ရောက်၍ အဂ္ဂသာဝက ဉာဏ်ရပြီး ရဟန္တာဖြစ်သွားခဲ့တယ်။

ဉာဏ်ပရိကံ အလုပ်တွေ ကြီးမားကျယ်ပြန့်လွန်းလို့

အရှင်သာရိပုတ္တရာကြီးက သောတာပန်ပဲရှိသေးတယ်၊ ဉာဏ်ပညာကြီးလျက်နဲ့ ဘာကြောင့်ရဟန္တာဖြစ်နောက်ကျနေရသလဲဆိုတော့ အလုပ်ပရိကံက အင်မတန်ကြီးမားလွန်းပြီး အရှင်မဟာမောဂ္ဂလာန်ထက် သူက အသေးစိတ် လုပ်ရတယ်၊ တစ်ခုချင်း, တစ်ခုချင်း ၀ိပဿနာပွားပြီး ကြိုးစားအားထုတ်လုပ်တာ တပို့တွဲလပြည့်နေ့ရောက်လာတယ်။
မဟာသက္ကရာဇ် ၁၀၃-ခု တပို့တွဲလပြည့်နေ့ရောက်လာတော့ မြတ်စွာဘုရားနှင့် အတူတကွ, ရာဇဂြိုဟ်ပြည် ဂိဇ္ဈာကုဋ်တောင် သူကရခတလိုဏ်ဂူ (၀က်တူးလိုဏ်)မှာသွားပြီးနေတဲ့ သူ့ရဲ့တူအရင်းဖြစ်သူ ဒီဃနခ (လက်သည်းရှည်ကိုယ်တော်ကြီးလို့ ခေါ်ရမှာပေါ့) သာသနာပပရိဗိုဇ်ရဲ့ မဂ်ဖိုလ်ရမယ့်အကြောင်းတရားကို ဘုရားက မြင်တော်မူတာနဲ့ အဲဒီနေရာကိုသွားပြီး တရားဟောတယ်၊ အရှင်သာရိပုတ္တရာလည်း အတူလိုက်သွားတယ်။
မြတ်စွာဘုရားက ဒီဃနခပရိဗိုဇ်ကြီးကို ဝေဒနာ ပရိဂ္ဂဟသုတ္တန်ခေါ်ဆိုရတဲ့ ဒီဃနခ သုတ်ကို ဟောတယ်။
ဒီဃနခသုတ်မှာ ဝေဒနာပွားပုံ, ရှုမှတ်ပုံတွေပါတယ်၊ ဟောတာကတော့ ဒီဃနခပရိဗိုဇ်ကြီး ကို ဟောတာ၊ ရှင်သာရိပုတ္တရာကို ဟောတာမဟုတ်ဘူး၊ အရှင်သာရိပုတ္တရာကလည်း သူ့ကိုဟောတဲ့တရား ငါလည်းနာမှပဲဆိုပြီး နာနေတာတဲ့။

ဝိပဿနာပြတယ်ဆိုတာ

အဲဒါနဲ့ ဝေဒနာပရိဂ္ဂဟသုတ္တန်ဆိုတဲ့ ဒီဃနခသုတ္တန်ကို ဘုရားက ၀ိပဿနာတရားတွေပြ၊ ဝေဒနာသိမ်းဆည်းပုံတွေ သေသေချာချာ ဟောပြတယ်။ ၀ိပဿနာပြတယ်ဆိုတာ လောကရဲ့ ခေတ်စကားနဲ့ ပြောမယ်ဆိုရင် တီဗွီဖွင့်ပြတာ၊ ခန္ဓာရုပ်မြင်နာမ်ကြားစက်ကြီး ဖွင့်ပြတာ။
ခန္ဓာက သူ့ရှိတာ အကုန်ပြနေတာ၊ “ကျွန်တော့်မှာ ရုပ်ရှိပါတယ်ခင်ဗျာ, နာမ်ရှိပါတယ်ခင်ဗျာ, ခင်ဗျားတို့ ပြောနေတဲ့ငါပဲ, ငါ့ဟာပဲဆိုတာ ကျွန်တော်တို့ထဲမှာ မပါပါဘူးခင်ဗျ၊ ကျွန်တော်တို့ အကြောင်းရှိလို့ ဖြစ်ရတာပါခင်ဗျာ၊ အကြောင်းရှိသလောက် ဖြစ်ရတာပါခင်ဗျာ၊ အချိန်စေ့ရင် ပျက်ကြရပါတယ်၊ ပျက်တိုင်း နှိပ်စက်ကြပါတယ်။ ဆိုင်ခွင့်သာပေးပြီး အပိုင်ပေးတာ တစ်ခုမှ မပါပါဘူး၊ ဆိုင်ခွင့်ကို ဆိုင်ရုံနဲ့ကျေနပ်ပါ၊ ဆိုင်ခွင့်ကို အပိုင်းသိမ်းချင်ရင် ပိုင်ချင်သလောက် ငိုရပါလိမ့်မယ်” စသည်ဖြင့် အဲသလို ခန္ဓာက ကိုယ့်ကိုအမြဲပြတယ်၊ သို့ပေမယ် မသိကြဘူး။
သူပြတာ ကိုယ်က မသိကြတာ၊ တချို့လဲ မကြည့်ဖြစ်ကြတာပါ၊ အဲသလို မြတ်စွာဘုရားက ခန္ဓာတီဗွီဖွင့်ပြတယ်။
ဝေဒနာပရိဂ္ဂဟသုတ္တန် တရားဟောပြီး ခန္ဓာတီဗွီ, ခန္ဓာဗွီဒီယိုကြီးဖွင့်ပြလိုက်တာ၊ ဒီဃနခ ပရိဗိုဇ်ကြီး ခန္ဓာဉာဏ်စိုက်ပြီး ၀ိပဿနာပွားပြီး သောတာပန်ဖြစ်သွားတယ်။
သောတာပန်ဖြစ်သွားတော့ “ဟယ် ငါ့ပုံစံကြီးက တရားနဲ့ ထိုက်တန်တဲ့ပုံစံလည်းမဟုတ်, ဆံပင်ကြီးက ဖိုးရိုးဖားယား၊ လက်သည်းကြီးကရှည်နေတယ်”ဆိုပြီး သောတာပန်ဖြစ်တဲ့အခါကျတော့ ပုံစံပြောင်းလိုက်တယ်ပေါ့။

သူများခူးထားတဲ့ ထမင်းပွဲဝင်စားလိုက်ရသလို

အဲဒီမှာ တရားနာနေတာက အရှင်သာရိပုတ္တရာ၊ သူများခူးထားတဲ့ ထမင်းပန်းကန်ပြားဝင်စားလိုက်သလိုပဲ၊ သူ့ဟောတာလဲမဟုတ်၊ သူ့တူကိုဟောတဲ့တရား ၀င်နာလိုက်တာ၊ အရှင်သာရိပုတ္တရာကြီးမှာ ခန္ဓာဉာဏ်စိုက်ဝိပဿနာတွေရှုမှတ်ရင်းနဲ့ ပြတ်သားစွာမြင်ပြီး ရဟန္တာ ဖြစ်သွားတယ်။
အရှင်သာရိပုတ္တရာသည် ဂိဇ္ဈကုဋ်တောင် ၀က်တူးလိုဏ်မှာနေတဲ့ သူ့တူကို မြတ်စွာဘုရားဟောကြားတဲ့ ဝေဒနာပရိဂ္ဂဟသုတ္တန်ကို ၀င်နာရင်း အဲဒီဒေသနာအတိုင်း ရှုမှတ်ပွားများလိုက်တာ ရဟန္တာဖြစ်သွားတယ်။ တပို့တွဲ လပြည့်နေ့ညရောက်သွားပြီ၊ မြတ်စွာဘုရားလည်း ဝေဠေုဝန်ကျောင်းတော်ကို ကောင်းကင်ကကြွတယ်၊ မကြာခင် အရှင်သာရိပုတ္တရာလည်း ဘုရားသီတင်းသုံးရာ ဝေဠေုဝန်ကို ကောင်းကင်ခရီးနဲ့ကြွတယ်။

ပထမဆုံးအကြိမ် သံဃာစည်းဝေးပွဲကြီး

မဟာသက္ကရာဇ် ၁၀၃-ခု တပို့တွဲလပြည့်နေ့ ညချမ်းအချိန်ရောက်သွားပြီ၊ အဲဒီအချိန်မှာ ရသေ့ညီနောင် ရှင်တစ်ထောင်လို့ခေါ်ဆိုရတဲ့ ရသေ့ဟောင်းဖြစ်ခဲ့တဲ့ ရဟန္တာက အပါး ၁၀၀၀၊ အရှင်သာရိပုတ္တရာနဲ့ အရှင်မဟာမောဂ္ဂလာန်တို့ရဲ့ တပည့် ရဟန္တာအပါး ၂၅၀- ရဟန္တာချည်း ၁၂၅၀၊ အဲဒီမှာ အင်္ဂါ ၄-ချက်နဲ့ ပြည့်စုံသော ပထမ သန္တိပါတ၊ ပထမဆုံးအကြိမ် သံဃာစည်းဝေးပွဲကြီးကို ဒီဘုရားလက်ထက်မှာ မှတ်တမ်းတင်ထားတယ်။
ဒီလို အင်မတန် အံ့သြဖွယ်ရာကောင်းတဲ့ သံဃာ စည်းဝေးပွဲကြီးက ဒီဘုရားလက်ထက်မှာ ဒီတစ်ကြိမ်ထဲပါ၊ နောက်ထပ် ဒါမျိုး မဖြစ်ပါဘူး၊ ထူးခြားတဲ့ အံ့သြဖွယ် အင်္ဂါ ၄-ချက်ဆိုတာ --
၁။ တပို့တွဲလပြည့်နေ့ဖြစ်ခြင်း၊( ဥပုသ်နေ့ဖြစ်တယ်ပေါ့ဗျာ၊ ဥပုသ်နေ့ဆိုရင် သြ၀ါဒပါတိမောက်ဟောနေကျ ပြရတာကိုး။)

၂။ ရဟန္တာအပါး ၁၂၅၀-ဟာ ဘယ်သူကမှ ပင့်ရတာမဟုတ် ဖိတ်ကြားရတာမဟုတ်ဘဲ၊ အလိုအလျောက်အားဖြင့် ရောက်ရှိခြင်း။

၃။ ရဟန္တာအပါး ၁၂၅၀-တို့ဟာ ဧဟိဘိက္ခု ရဟန်းချည်း ဖြစ်ရခြင်း၊ (သိမ်ထဲဝင်ပြီး ရဟန်းခံ တစ်ပါးမှ မပါဘူး၊ ဧဟိဘိက္ခုခေါ်တဲ့ အတိတ်ကံတန်ခိုးနဲ့ ရဟန်းဖြစ်တယ်၊ ရဟန္တာတွေချည်း ဖြစ်ကြတယ်။

၎။ ရဟန္တာအပါး ၁၂၅၀-လုံးပင် တန်ခိုးကြောင့်ဖြစ်သော သပိတ်သင်္ကန်းရှိခြင်း (သို့မဟုတ်) ဆဠာဘိညရဟန္တာတွေချည်းဖြစ်ခြင်းဆိုတော့ အင်္ဂါ ၄-ပါးနဲ့ ပြည့်စုံတဲ့ သံဃသန္တိပါတကြီးပေါ့။

အဲဒီ သံဃသန္တိပါတ အစည်းအဝေးကြီးမှာ မြတ်စွာဘုရားက သြ၀ါဒပါတိမောက် ၃-ဂါထာကို ဟောတော်မူပါတယ်။
သြ၀ါဒပါတိမောက် ၃-ဂါထာအကြောင်းကတော့ မင်္ဂလာဗျူဟာ ပရိတ်သတ်အပေါင်း သူတော်ကောင်းတွေအတွက် ဘာမှ အကျယ်ချဲ့ ပြောနေစရာမလိုဘူး၊ မိမိတို့လုပ်နေတာဟာ မသိလို့ လုပ်တာမှ မဟုတ်ဘဲ၊ အထိမ်းအမှတ်လုပ်နေတာ၊ အထူးချဲ့ပြောနေစရာမလိုဘူး။

ပထမဂါထာနှင့် အနက်အဓိပ္ပါယ်

ပထမဂါထာက -
ခန္တီ ပရမံ တပါတိတိက္ခာ
နိဗ္ဗာနံ ပရမံ ၀ဒန္တိ ဗုဒ္ဓါ
နဟိ ပဗ္ဗဇိတော ပရူပဃာတီ
နသမဏော ဟောတိပရံ ၀ိဟေဌယန္တော။
ခန္တီဆိုသော သည်းခံခြင်းဟာ အကျင့်တွေထဲမှာ အမြတ်ဆုံး(ဒါက ပထမစကား)၊ နိဗ္ဗာန်ကို ဘုရားပစ္စေက ဗုဒ္ဓါတို့ အမြတ်ဆုံးလို့ ညွှန်းပါတယ်။ သူတစ်ပါးကို သတ်ဖြတ်ညှဉ်းဆဲတတ်တဲ့သူဟာ မကောင်းမှုကို ပယ်ရှားတဲ့ သူတော်ကောင်းလို့ နာမည်မရပါဘူး၊ သူများကိုညှဉ်းဆဲတတ်တဲ့ ပုဂ္ဂိုလ်, နှောင့်ယှက်တတ်တဲ့ ပုဂ္ဂိုလ်ဟာ ငြိမ်းအေးအောင်ကျင့်တတ်တဲ့ သူတော်ကောင်းဆိုတဲ့ နာမည်မရပါဘူးတဲ့၊ စကား ၄-ခွန်း မိန့်ကြားတယ်၊ နောက်စကား ၂-ခွန်းက အတ္တာပန္နပေါ့လေ။
သူများကို သတ်ဖြတ်ညှဉ်းဆဲတတ်တဲ့ ပုဂ္ဂိုလ်ဟာ သူတော်ကောင်းမဟုတ်ဘူးဆိုလိုက်တာနဲ့ သူများကို သတ်ဖြတ်ညှဉ်းဆဲခြင်းမှ ရှောင်ကြဉ်ပြီးတော့ သနားကြင်နာတတ်တဲ့ ပုဂ္ဂိုလ်ဟာ မကောင်းမှုကို ပယ်ရှားတဲ့သူတော်ကောင်းဖြစ်တယ်။ သူများကို နှောင့်ယှက်ညှဉ်းဆဲတဲ့ ပုဂ္ဂိုလ်သည် ငြိမ်းအေးအောင်နေတဲ့ ပုဂ္ဂိုလ် မဟုတ်ဘူးဆိုရင် သူများကို နှောင့်ယှက်ခြင်းမပြုဘဲ အများအပေါ်မှာ မေတ္တာစေတနာနဲ့ ကောင်းတဲ့စိတ်ထားနိုင်သူ, ကောင်းကျိုးကို ဆောင်ရွက်ပေးနိုင်သူဟာ ငြိမ်းအေးအောင်နေတဲ့ သူတော်ကောင်းဆိုတဲ့ အမည်ကိုရတယ်၊ အဲသလို ယူရမှာပေါ့။

သည်းခံခြင်းသည် အမြင့်မြတ်ဆုံးသောအကျင့်

ဒါကြောင့် သည်းခံမှုသည် အမြင့်မြတ်ဆုံးသောအကျင့် ဘာ့ကြောင့်လဲဆိုတော့ ကျင့်ဝတ်အားလုံးသည် ခန္တီအရင်းခံတယ်၊ သီလ, သမာဓိ, ပညာမှာ ခန္တီပဓာန။ သီလ, သမာဓိ, ပညာဆိုတဲ့ ကောင်းမှုသုံးမျိုး၊ ဒါမှမဟုတ်, ဒါန, သီလ, ဘာဝနာဆိုတဲ့ ကောင်းမှုသုံးမျိုးဟာ သည်းခံခွင့်လွတ်အောင့်အည်းနိုင်တဲ့ ခန္တီကြောင့်သာ ပေါ်လာတာ။
သာသနာမှာလည်း ဒီအတိုင်းပေါ့၊ (၁) ရှင်ရဟန်းရဲ့ ခွန်အားသည် ခန္တီတရား၊ (၂) ရှင်ရဟန်းရဲ့ အလုပ်သည် ငြိမ်ငြိမ်နေ, ငြိမ်းအောင်ကျင့်၊ (၃) ရှင်ရဟန်းရဲ့ ကျက်သရေသည် ဣနြေ္ဒသိက္ခာဆိုတော့ သာသနာမှာ ကောင်းတာလုပ်တဲ့ ပုဂ္ဂိုလ်မှန်သမျှ ခန္တီဟာ အရေးကြီးဆုံးလို့ ပြောတာပေါ့။
ဒါကြောင့် -
* သည်းခံခွင့်လွှတ်၊ အောင့်အည်းတတ်၊
မြင့်မြတ်အကျင့်ပေါ်လာသည်။
သည်းခံတတ်တယ်၊ ခွင့်လွှတ်တတ်တယ်၊ အနစ်နာခံတတ်တယ်၊ စွန့်လွှတ်တတ်တယ်၊ ဒါနလိုချင်ရင် ဒါနနဲ့တန်အောင် အနစ်နာခံတတ်ရတယ်၊ သီလလိုချင်တဲ့ပုဂ္ဂိုလ် သီလတန်အောင် အနစ်နာခံနိုင်ရတယ်။ ငါးပါးလိုချင်ရင် ငါးပါးနဲ့တန်အောင်၊ ရှစ်ပါးလိုချင်ရင် ရှစ်ပါးနဲ့တန်အောင်၊ ရှင်ရဟန်းရဲ့ သီလလိုချင်ရင် ရှင်ရဟန်းရဲ့ သီလနဲ့တန်အောင် အနစ်နာခံ စွန့်လွှတ်အောင့်အည်း ချုပ်တည်းရမယ်။
သမာဓိကို လိုချင်ရင် သမာဓိနဲ့တန်အောင် အနစ်နာခံနိုင်ရမယ်၊ ၀ိပဿနာလိုချင်ရင် ၀ိပဿနာနဲ့တန်အောင် အနစ်နာခံနိုင်ရမယ်၊ အဲသလို အနစ်နာခံနိုင်မှ စွမ်းအားပေါ်ကြမှာ။
* ကောင်းမှုသုံးတန်၊ အကျင့်မှန်၊
သည်းခံနိုင်မှတိုးပွားသည်။
သီလ, သမာဓိ, ပညာ သို့မဟုတ် ဒါန, သီလ, ဘာဝနာ ကောင်းသုံးမျိုးဟာ သည်းခံနိုင် အနစ်နာခံနိုင်မှ ပေါ်ပါတယ်။
* ကြီးသောချမ်းသာ၊ တောင့်တရှာ၊
ချမ်းသာငယ်ကို စွန့်ပါမည်။
ခန္တီရဲ့ သဘောက ကြီးတဲ့ ချမ်းသာလိုချင်ရင် သေးတဲ့ချမ်းသာကို စွန့်လိုက်၊ အရေအတွက် မထားနဲ့။
* ကြီးသောဆင်းရဲ, ကြောက်လျှင်လည်း(လဲ)
ဆင်းရဲငယ်ကို သည်းခံမည်။
အင်မတန်ကြီးတဲ့ အိုဘေးကြီးတွေ, နာဘေးကြီး, သေဘေးကြီးတွေ, အဲသလို ဆင်းရဲကြီးတွေကို ကြောက်လှပါတယ်ဆိုရင်, ဘာမဟုတ်တဲ့ တရားထိုင်လို့ရတဲ့ ဒုက္ခတွေကို အရေအတွက်မထားနဲ့၊ ဥပုသ်စောင့်လို့ရတဲ့ဒုက္ခတွေကို ဘာမှ အရေအတွက်မထားနဲ့၊ ဘာလို့တုန်းဆိုတော့ အနစ်နာခံလို့ ရောက်ရတဲ့ဒုက္ခက ဘာမှ မပြောပလောက်ဘူး၊ ဒါတွေကို သည်းခံအောင့်အည်းလိုက်။
* သည်းခံသလောက်၊ စွမ်းအားရောက်၊
ထွန်းတောက်အာဇာနည်။
သည်းခံသလောက် အနစ်နာခံသလောက် စွမ်းအားဟာ သာသနာမှာ အံ့သြစရာကောင်းလောက်အောင်ကိုပဲရတယ်၊ ဒါကိုပဲ အာဇာနည်လို့ ခေါ်ပါတယ်။

* သည်းခံခွင့်လွှတ်၊ အောင့်အည်းတတ်၊
မြင့်မြတ်အကျင့်ပေါ်လာသည်။
* ကောင်းမှုသုံးတန်၊ အကျင့်မှန်၊
သည်းခံနိုင်မှတိုးပွားသည်။
* ကြီးသောချမ်းသာ၊ တောင့်တရှာ၊
ချမ်းသာငယ်ကို စွန့်ပါမည်။
* ကြီးသောဆင်းရဲ၊ ကြောက်လျှင်လည်း(လဲ)
ဆင်းရဲငယ်ကို သည်းခံမည်။
* သည်းခံသလောက်၊ စွမ်းအားရောက်၊
ထွန်းတောက်အာဇာနည်။

ဒါကြောင့် တရားအားလုံး ရချင်ရင် သည်းခံအနစ်နာခံနိုင်မှ ရနိုင်တာဖြစ်သောကြောင့် ခန္တီဟာ အကျင့်တွေထဲမှာ အမြင့်ဆုံး၊ နိဗ္ဗာန်ဟာချမ်းသာတွေထဲမှာ အမြတ်ဆုံး၊ မကောင်းမှုပယ်ရှားတဲ့ ပုဂ္ဂိုလ်ဆိုတာ သူများကို သတ်ဖြတ်ညှဉ်းဆဲခြင်း မပြုရဘူး၊ ငြိမ်းအေးအောင် ကျင့်တဲ့ပုဂ္ဂိုလ်ဆိုတာ သူများကို မနှောင့်ယှက် မညှဉ်းဆဲရဘူး။

မကောင်းမှုရှောင်, ကောင်းမှုဆောင် ဖြူအောင်စိတ်ကိုထား၊

ဒုတိယဂါထာက -
သဗ္ဗပါပဿ အကရဏံ၊
ကုသလဿ ဥပသမ္ပဒါ၊
သစိတ္တ ပရိယောဒပနံ၊
ဧတံ ဗုဒ္ဓါန သာသနံ။

(၁) မကောင်းမှုကို မလုပ်ရဘူး၊ (၂) ကောင်းတဲ့ကုသိုလ်တရားတွေကို အမြဲကြိုးစားပြုကျင့် အားထုတ်နေရမယ်၊ (၃) ကိုယ့်စိတ်ကို အရဟတ္တမဂ်, အရဟတ္တဖိုလ်အထိ ဦးတည်ချက် ထားပြီးတော့ နီဝရဏတွေကင်းအောင် ဖြူစင်အောင် အမြဲထားရမယ်၊ ဒီ ၃-ချက်ဟာ ဘုရား အဆူဆူရဲ့ အဆုံးအမဂါထာ။

စွပ်စွဲ, ညှင်းဆဲပြောဆိုမှု ၀ါစာသီလထိန်းပါ၊

တတိယဂါထာက-
အနုပ၀ါဒေါ အနုပဃာတော
ပါတိမောက္ခေစ သံဝရော
မတ္တညုတာ စ ဘတ္တသ္မိံ
ပန္တဉ္စ သယနာသနံ
အဓိစိတ္တေစ အာယောဂေါ
ဧတံ ဗုဒ္ဓါန သာသနံ။

(၁) သူများကို နှုတ်နဲ့ မစွပ်စွဲရဘူး၊ ဒါက ၀ါစာသီလ, နှုတ်သီလ။
(၂) သူများကို ကိုယ်နဲ့ မနှောင့်ယှက်ရဘူး၊ မညှင်းဆဲရဘူး၊ ဒါက ကာယိကသီလ, ကိုယ်နဲ့ထိန်းရမယ့် သီလ။
(၃) ပါတိမောက်လသံဝရ အကျဉ်း ၂၂၇ သွယ်၊ အကျယ်ကုဋေ ၉-ထောင်ကျော်ပေါ့၊ အဲဒါ လုံခြုံအောင် စောင့်ထိန်းတဲ့၊ လူတွေမှာတော့ ငါးပါးသီလ စသည်ပေါ့၊ အဲဒီတရားက ဣန္ဒြိယသံဝရနဲ့ ပါတိမောက်က္ခသံဝရ သီလနှစ်မျိုးကို ပြောတယ်။
(၄) အစားအသောက်မှာ, ခံယူသုံးဆောင်မှုမှာ, အတိုင်းအရှည်ကို သိရမယ်၊ အဲဒါက အာဇီဝပါရိ သုဒ္ဓိသီလနဲ့ ပစ္စယသန္နိဿိတသီလ နှစ်ပါးကိုဆိုလိုတယ်။
(၅) ဆိတ်ငြိမ်ရာ ကာယ၀ိဝေကဖြစ်တဲ့နေရာမှာ တရားစွမ်းအားရအောင် နေထိုင်ကျင့်သုံးဖို့ပြတယ်။
(၆) ၀ိပဿနာရဲ့ အခြေခံ, စိတ်တည်ငြိမ်အောင်ကြိုးစားအားထုတ်ပါတဲ့၊ အဲဒါ ဘုရားအဆူဆူရဲ့ သြ၀ါဒ။
မင်္ဂလာဗျူဟာ ပရိတ်သတ်တွေကို အကျယ်ချဲ့ပြောစရာ ဘာမှမလိုပါဘူး၊ အားလုံခြုံကြည့်ရင်တော့ သိက္ခာသုံးပါးကို ပြောတာ၊ သိက္ခာသုံးပါးရဲ့ အချုပ်ကလည်း နောက်ဆုံးတော့ အပ္ပမာဒလို့ခေါ်တဲ့ သတိပဲ၊ ဒါကြောင့် -
အပ္ပမာဒံ ပသံသန္တိပုညကြိယာသုပဏ္ဍိတာ
ပဏ္ဍိတာ- ဘုရားအစရှိသော ပညာရှိသူတော်ကောင်းတို့သည်၊ ပုညကြိယာတိ- ကောင်းမှုတရားကို ကြိုးစားပြုလုပ်အားထုတ်ခြင်းတို့၌၊ အပ္ပမာဒံ- မမေ့မလျော့ပေါ့မတန် ထက်သန်ထူးခြား အပ္ပမာဒ သတိတရားကို၊ ပသံသန္တိ- မြတ်စွာဗုဒ္ဓ, ဆုံးမစကား မြတ်တရားကြောင့် ထူးခြားလှစွာကောင်းစွာမသွေ ချီးမွမ်းတော်မူကြလေကုန်သတည်း။
ဤသို့လျှင် ဗုဒ္ဓလမ်းညွှန်အကျင့်မှန် တရားနာကြားကြရတဲ့ ဓမ္မသ၀နမင်္ဂလာနှင့် ကောင်းမှု စွမ်းအား မြတ်တရားတွေကြောင့် ဘေးရန်အပူခပ်သိမ်းလွတ်ငြိမ်းကြ၍ ကောင်းကျိုးချမ်းသာများ ကြီးပွားတိုးတက် ပြည့်စုံကြပြီးလျှင်၊ ကျန်းကျန်းမာမာ, ချမ်းချမ်းသာသာ ပျော်ပျော်ရွှင်ရွှင် အားကိုးစရာ ကောင်းမှုကိုယ်ပိုင်တရားများကို အိုနာသေထက် ကိုယ်ကလက်ဦးရအောင် အပ္ပမာဒ သတိတရားရှေ့ထားပြိး ကြိုးစားအားထုတ်နိုင်လွယ်ကြလျက်၊ အရှင်သာရိပုတ္တရာ, အရှင်မဟာမောဂ္ဂလာန်မထေရ်မြတ်ကြီးတို့ ၀င်စံရာ နိဗ္ဗာန်မြတ်ကို လွယ်ကူသောအကျင့် လျင်မြန်သော အသိဉာဏ်ဖြင့် အရဟတ္တဖိုလ်ပေါက် မျက်မှောက်ပြုလွယ် ရလွယ်နိုင်ကြပါစေကုန်သတည်း။

တိပိဋကဓရမ္မဘဏ္ဍာဂါရိက (ယော)ဆရာတော်
(သာသနာတော်နှစ် ၂၅၄၂-ခု၊ ကောဇာသက္ကရာဇ် ၁၃၆၀-ပြည့်နှစ် တပို့တွဲလပြည့်နေ့၊ ခရစ်နှစ် ၁၉၉၉-ခု၊ ဇန်န၀ါရီလ ၃-ရက် တနင်္ဂနွေနေ့တွင် ရန်ကုန်မြို့ အာဇာနည်ဗိမာန်လမ်း မင်္ဂလာဗျူဟာအသင်းတိုက်ကြီး၌၊ မင်္ဂလာဗျူ အသင်းချုပ်ကြီး၏ ၃၈-ကြိမ်မြောက် သြ၀ါဒပါတိမောက် အခါတော်နေ့ကို အကြောင်းပြု၍၊ ကောင်းမှုတရားကြိုးစားပြုလုပ်အားထုတ်ရာတွင် အမှတ်ရဖွယ် အဖြစ်ဖြင့် ဟောကြားအပ်သောတရားတော်ဖြစ်သည်။)

Views: 108

ဘလော့အမျိုးအစား(တရားတော်)

မှတ်ချက်ပေးရန်.--(ဗုဒ္ဓ၏ အဆုံးအမကိုလိုက်နာသောလူသားတစ်ယောက်ဖြစ်ပါစေ။)

☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺ သို့အဖွဲ့ဝင်ပြီးမှ မှတ်ချက်များကိုရေးသားနိုင်မှာဖြစ်ပါသည်။

Join ☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺

zin mar win သည် February 20, 2012 က 9:58amတွင် မှတ်ချက်ရေးသားသွားပါသည်။

သာဓု သာဓု သာဓု ပိတိ ဖြစ်မိပါတယ်။

mmt သည် February 20, 2012 က 12:51amတွင် မှတ်ချက်ရေးသားသွားပါသည်။

ဆ၇ာတော်ကြီး၏ အလွန်ကောင်းမွန်သောတ၇ားကို နာကြား ဖတ်မှတ်၇ခြင်းကြောင့် ကျေးဇူးလည်းတင်ပါသည်။

စတင်တည်ထောင်သူ

Android phone (ဗုဒ္ဓကမ္ဘာ)

................................................


anigif anigif1 anigif2 2anigif 4anigif anigif

အသစ်တင်တိုင်းပို့ပေးပါမယ်။

သင့်မေးချန်ထားခဲ့ပါ

http://s10.postimage.org/cmzjkbrol/0002064_D.gif

Delivered by FeedBurner

လေ့လာရန်

အဖွဲ့ဝင်များအားသိစေရန်


☺☺☺သာသနာပရဟိတ☺☺☺
ကိုလှူဒါန်းလိုပါက

အဖွဲ့ဒုဥက္ကဌ=ကိုလှိုင်ကျော်ထွေး

နေရပ်လိပ်စာ =အမှတ်(733)၊ကုန်းဘောင်(၁၆)လမ်း။ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။

ငွေလွှဲပို့ လှူဒါန်းရန် လမ်းညွှန်= Account No.0451210053098(Kan bawza bank ltd.Botahtaung)

Name of Account. U HLAING KYAW HTWE

NRC/CRC No(s).12/AUKATA(N) 148171 သို့တိုက်ရိုက်လွှဲပို့၍ဖြစ်စေ

ရန်ကုန်မြို့နယ် ၊ ဗိုလ်အောင်ကျော် လမ်းမပေါ်ရှိ ရိုးမဘဏ်(ကျောက်တံတား ဘဏ်ခွဲ) သို့

လှိုင်ကျော်ထွေး ၊မှတ်ပုံတင်နံပါတ်.12/ဥကတ(နိုင်) 148171 ၊ ဖုန်းနံပါတ် . 09420251552 လိပ်မူပေးပို့၍ဖြစ်စေ လှူဒါန်းနိုင်ပါကြောင်း နိုးဆော် အသိပေးအပ်ပါသည်။

အဖွဲဝင်များ

  • moemoe ယခု “ ဗုဒ္ဓ ကမ္ဘာ ”ဆိုဒ်ထဲတွင်ရှိနေပါသည်။

  • ucandima ယခု “ ဗုဒ္ဓ ကမ္ဘာ ”ဆိုဒ်ထဲတွင်ရှိနေပါသည်။

နေ့စဉ်ဘလော့များ

အထူးထင်ရှားသောဘလော့ဂ်များ

နောက်ဆုံးလုပ်ဆောင်ချက်များ..

whitecolor posted a blog post

လောကဓံမုန်တိုင်းများ နှင့် ကြံ့ခိုင်သည့်စိတ်ထား

လောကဓံမုန်တိုင်းများ နှင့် ကြံ့ခိုင်သည့်စိတ်ထား“လောကဓံမုန်တိုင်းများနှင့် ကြံ့ခိုင်သည့်စိတ်ထား”…See More
34 minutes ago
မူကြိုဆရာ posted blog posts
1 hour ago
whitecolor and အရှင်ပဏ္ဍိတ(ဒေါင်းဖြူ) are now friends
1 hour ago
mun mun aung shared dimplemit's blog post on Facebook
1 hour ago
mun mun aung liked dimplemit's blog post 'တရားဆေးသောက် ရောဂါပျောက်'
1 hour ago
KO KO liked မူကြိုဆရာ's blog post '"ဗုဒ္ဓဘာသာဝင်တိုင်းသိထားသင့်သည့် ဘုရားဟူသည်"'
1 hour ago
မောင်သုည commented on မောင်သုည's blog post '၀မ်းစာ'
"အမှားပြင်ချက် ထမီလေးတစ်ထည်အကြောင်းပြောသူမှာ နုနုရည်အင်းဝဖြစ်ပါသည် ( မြသွေးနီဟုမှားယွင်းဖေါ်ပြမိပါသည်…"
2 hours ago
dimplemit left a comment for naing
"ဓမ္မမိတ်ဆွေ၏ ဤနေ့၌ ကျရောက်သောမွေးနေ့မှသည် နောင်သံသရာဆုံးထိတိုင် ကိုယ်စိတ်နှစ်ဖြာငြိမ်းအေးစွာဖြင့်…"
3 hours ago
hla moe 24 commented on မောင်သုည's blog post '၀မ်းစာ'
"နှောင်အခါ အဲ့လိုမျိုးကြုံခဲ့ရင် ကျွန်တော်ကိုဆက်သွယ်ပေးပါ.တတ်နိုင်သလောက် ကုသိုလ်ပါဝင်ချင်ပါတယ်"
3 hours ago
dimplemit left a comment for mintunkyaw09
"ဓမ္မမိတ်ဆွေ၏ ဤနေ့၌ ကျရောက်သောမွေးနေ့မှသည် နောင်သံသရာဆုံးထိတိုင် ကိုယ်စိတ်နှစ်ဖြာငြိမ်းအေးစွာဖြင့်…"
3 hours ago
hla moe 24 commented on မောင်သုည's blog post '၀မ်းစာ'
"လေးနက်စွာ သာဓုခေါပါ၏...သာဓု သာဓု သာဓု"
3 hours ago
dimplemit left a comment for Nwe Ni Aung
"ဓမ္မမိတ်ဆွေ၏ ဤနေ့၌ ကျရောက်သောမွေးနေ့မှသည် နောင်သံသရာဆုံးထိတိုင် ကိုယ်စိတ်နှစ်ဖြာငြိမ်းအေးစွာဖြင့်…"
3 hours ago

© 2013   Created by ကောင်းမြတ်မင်း.   Powered by

Badges  |  Report an Issue  |  Terms of Service

; Related Posts Plugin for WordPress, Blogger...