☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺သည်( ၂၀၁၁ )ခုနှစ်ဖေဖော်ဝါရီလ(၉)ရက်နေ့တွင်စတင်တည်ထောင်ခဲ့ပါသည်။

 

 

☺☺☺ဗုဒ္ဓကမ္ဘာသာသနာပရဟိတအသင်း☺☺☺

ဗုဒ္ဓကမ္ဘာဆိုဒ်အတွင်းသို့ရောက်ရှိလာကြကုန်သောဓမ္မမိတ်ဆွေများသည်(လောဘ၊ဒေါသ၊မောဟ) ကင်းကွာပြီး စိတ်ချမ်းသာစွာဖြင့်တရားဓမ္မများကို(ရှာဖွေ၊ဆွေးနွေး၊လေ့လာ၊)နိုင်ကြပါစေသတည်း။

MSN Icon  Google Talk Icon Twitter Icon Facebook Chat Icon Bonjour Icon IRC IconAIM Icon  MobileMe Icon MySpace IM Icon LJ Talk Icon StatusNet Icon Lotus Sametime Icon Novell Groupwise Icon Gadu-Gadu Icon

ကမ္ဘာပေါ်တွင်ရှိကြကုန်သော... ခရစ်ယာန်ဘာသာဝင်များ... အစ္စလာမ်ဘာသာဝင်များ... ဟိန္ဒူဘာသာဝင်များအားလုံး... ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေလို့... ဗုဒ္ဓဘာသာဝင်များအားလုံးကိုယ်စား... ကျွန်တော်တို့ (Buddhismworld's Admins) မှ ... ဆုတောင်းမေတ္တာပို့သလိုက်ပါသည်။ ကမ္ဘာပေါ်မှ လူသားများအားလုံးနှင့် (၃၁)ဘုံတွင်ရှိကြကုန်သော... သတ္တ၀ါအားလုံးကိုယ်စိတ်နှစ်ဖြာ ကျန်းမာကြပါစေ... သတ္တ၀ါတိုင်းတရားကိန်းငြိမ်းအေးနိုင်ကြပါစေ...

အရေးကြီးတာ သူ

ဝိသာခက အမေးသမား၊ ဓမ္မဒိန္နာက အဖြေသမား။ အမေးသမားက အနာဂါမ်လို့ မှတ်ရမယ်။ အဖြေသမားက ရဟန္တာမလို့ မှတ်ရမယ်။

သက္ကာယဒိဋ္ဌိ

သူ ဒီနေ့ ဘာမေးသတုံးလို့ ဆိုလို့ ရှိရင် သက္ကာယ ဒိဋ္ဌိဟာ ဘာကြောင့် ဖြစ်သတုံး။ ဒါကို မေးပါတယ်။ ၀ိသာခက မေးလိုက်တယ်။ သက္ကာယ ဒိဋ္ဌိ၊ သက္ကာယဒိဋ္ဌိဆိုတာ ဘယ်အကြောင်းကြောင့် ဖြစ်ပါလိမ့်မလဲ။ မေးလိုက်တဲ့ အခါ ကျတော့ ဒကာ ဒကာမတွေ မှတ်ဖို့ရာက ရှေးကတော့ အရိယာတွေ ရှိလို့ အရိယာတွေ မဆည်းကပ်၊ မကိုးကွယ်လို့။ အရိယာတရား မနာရလို့ သက္ကာယဒိဋ္ဌိဖြစ်တယ်။ ယခုအခါမှာတော့ ဒီလိုယူကြ သူတော်ကောင်း တရားကို မနာရ မသိရလို့ သက္ကာရ ဒိဋ္ဌိ ဖြစ်တယ်လို့ မှတ်ရမယ် … (မှန်ပ့ါဘုရား)။ ရှေးအခါတုန်းကတော့ ရဟန္တာတွေ ရှိတော့ ရဟန္တာတွေ တရားကို မနာရ မပြုရ အရိယာ သာဝကတွေ … (မှန်ပါ့)။ အခုတော့ဖြင့် သူတော်ကောင်း တရား မနာရလို့ ဖြစ်တယ်လို့ မှတ်ရမယ်နော် … (မှန်ပါ့)။

အလွန်အရေးကြီးတဲ့တရား

သူတော်ကောင်းတရား မာနရပြီ ဆိုမှဖြင့် သက္ကာယဒိဋ္ဌိ ဆိုတဲ့ တရားဟာ ဘယ်တော့မှ ၀မ်းထဲမှာ အမြစ်မပြတ် ပါဘူး။ ဒါကြောင့် သက္ကာယဒိဋ္ဌိသည် အလွန်အရေးကြီးတဲ့ တရားလို့ မှတ်ကြစမ်းပါ … (မှန်ပါ့ဘုရား)။ သက္ကာယဒိဋ္ဌိလောက် အရေးကြီးတာ မရှိဘူးနော်။ မှတ်ရမယ်နော် … (မှန်ပါ့)။ သူတော်ကောာင်းတရား မနာရလို့ ရှိရင်၊ သပ္ပုရိသာနံ အဒဿာဝီ သူတော်ကောင်း တရားကို မကြားရ မနာရလို့ ရှိရင် တစ်ခါတည်း သက္ကာယဒိဋ္ဌိက ဘယ်အခါမှ မပြုတ်ဘူးဆိုတဲ့ ဥစ္စာ မှတ်ထား ရမယ် … (မှန်ပါ့)။ ဒါဖြင့် သက္ကာယဒိဋ္ဌိ သူတော်ကောင်း တရားကို အခု ဟောတော့မယ်တဲ့။ ခန္ဓာငါးပါး မသိလို့ ပေါ်တဲ့ အချိန်မှာ မသိလို့ သက္ကာယ ဒိဋ္ဌိဖြစ်ရတယ်လို့ မှတ်ထား … (မှန်ပါ့)။ ပေါ်တဲ့အချိန်မှာ မသိလို့ သက္ကာယဒိဋ္ဌိ ဖြစ်ရ တယ်။ ပေါ်တဲ့အချိန်မှာ မသိလို့နော် … (မှန်ပါ့)။ ပေါ်တဲ့ အချိန်က ဥပမာမယ် တောင့်တယ်၊ တင်းတယ်၊ ခန္ဓာကိုယ်ထဲမှာ တောင့်တင်းတယ်။ ဟာ… ငါ တောင့်တယ်။ ငါတင်းတယ် လို့ဆိုတော့ သူတော်ကောင်းတရား မနာရတော့ ၀ါယောဓါတ်ကို ပင်လျှင် ငါတောင့်တယ်။ ငါတင်းတယ် ဖြစ်လာတယ် … (မှန်ပါ့)။

သူတော်ကောင်းတရား နာရတဲ့ ပုဂ္ဂိုလ်ကတော့၊ ဟာ .. ၀ါယောဓာတ် ဖောက်ပြန်တာပဲ။ ဒီလို သိသွားရတယ် … (မှန်လှပါဘုရား)။ ၀ါယောဓာတ်ဆိုတာ ဖောက်ပြန်တာပဲလို့ သိသွားပြန်တော့လည်း ဟင် … ၀ါယောဓာတ်၊ ၀ါယောဓာတ်လို့ သိသောကြောင့် သက္ကာယဒိဋ္ဌိ မဖြစ်နိုင်ဘူး။ ဒါ ငါနဲ့ မရောတော့ဘူး။ ၀ါယောဓာတ်ဟာ ၀ါယောဓာတ်ပဲ … (မှန်ပါ့)။ ပူလာတယ်၊ အေးလာတယ်။ ငါပူလာတယ်၊ ငါအေးလာပြန်ပြီ၊ ငါ ခက်တာပဲ အစရှိသည်နဲ့ သူတော်ကောင်း တရားမနာရတော့ တေဇောဓာတ်ကို ငါထင် လိုက်တယ် … (မှန်လှပါဘုရား)။

ငါ့ အသားတွေ လှုပ်လာပြီ။ ငါအသားတွေ ဘာများ ဖြစ်ချင်လို့လဲ မပြောတတ်ပါဘူး၊ သွက်ချာပါဒများ လေဖြတ်ချင်လိ့များ အစရှိသည်နဲ့ ဒီလိုတွေး ကြတယ်။ စင်စစ်တော့ ဘာမှ မဟုတ်ပါဘူး။ ၀ါယောဓာတ်က လှုပ်ပြီးသကာလ နေတာ။ ငြိမ်နေပြန်လဲ ၀ါယောဓာတ်က ငြိမ်နေတဲ့ ဥစ္စာကို ၀ါယောဓာတ်ဆီ မရောက်ဘဲနဲ့ ငါလှုပ်တာ ဘာဖြစ်လို့ ပါလိမ့်။ အဲဒီတော့ ၀ါယောဓာတ်ကို ငါစွဲတယ်နော် …။

ဓာတ်လေးပါးကို ငါစွဲနေတယ်

ဥပမာ ဆီးလွန်တယ်၊ ဆီးချုပ်တယ်။ ငါ ဘာဖြစ်လို့ပါလိမ့်မလဲ။ ဆီးကို ငါလုပ်တာပဲ … (မှန်ပါ့)။ စင်စစ် အာပေါဓာတ်ကို ငါလုပ်နေတာ … (မှန်ပါ)။ သူတော်ကောင်း တရားမနာရတဲ့ ပုဂ္ဂိုလ်ကတော့ အားလုံး ငါချည်း ဖြစ်နေမှာပဲ … (မှန်ပါ့ဘုရား)။ အဲဒီတော့ ရုပ်ကို ငါထင်လို့ ရှိရင်လဲ သူတော်ကောင်း တရား မနာရလို့ ရှိရင် သက္ကာယဒိဋ္ဌိ ဖြစ်ပါတယ် … (မှန်ပါ့)။

ရူပံ အတ္တတော သမနုပဿတိ၊ ရူပ၀နံ္တ၀ါ အတ္တာနံ။ ရူပံ ရုပ်ကို၊ အတ္တတော ငါဟူ၍၊ သမနုပဿတိ ရှုနေ၏။ ဒါ ငါပဲ၊ ငါတော့ ခက်တာပဲ၊ ငါတော့ ဒါနဲ့ သေရမှာပဲ။ အစရှိသည်နဲ့ သက္ကာယဒိဋ္ဌိက သူတော်ကောင်း တရားမနာရတော့ ဓာတ်လေးပါးကို ငါလုပ်တယ် … (မှန်ပါ့)။ ဝေဒနာက္ခန္ဓာဘက်က လာပြန်လဲ၊ နာပြန်လဲ ငါ၊ ယားပြန်လည်းငါ။ ငါ ယားကုန်ပြီ၊ ငါ နာကုန်ပြီ ဆိုလို့ ရှိရင်လဲ သူတော်ကောင်း တရား မနာရလို့ ရှိရင် ဝေဒနာက္ခန္ဓာ ပေါ်တာ မသိဘူး၊ ဝေဒနာက္ခန္ဓာ ပျက်တာလည်း မသိတော့ ဒါ သက္ကာယဒိဋ္ဌိ ဖြစ်ရမှာပဲ … (မှန်ပါ့)။

သညာကလည်း ငါ မေ့တတ်လိုက်တာ။ ငါ ဘာဖြစ်တယ် မသိဘူး၊ သညာပျောက်သွားတယ်။ အပြီးသတ်ကျတော့ … (မှန်ပါ့)။ သညာကလေး ရှိနေတာ သညာကလေးပျောက်သွားတော့ ငါမေ့တယ်။ စင်စစ်တော့ဖြင့် သညာရှိနေလို့ ရှိရင် မှတ်တာက သညာက မှတ်တာကိုး။ ငါမမှတ်ပါဘူး။ ငါမှာ အမှတ် သည်းခြေ မရှိဘူး။ သညာ ငါလုပ် ပစ်လိုက်တယ် … (မှန်ပါ့)။ ငါမှာ အမှတ်သည်းခြေ မရှိပါဘူးတဲ့။ ဒါ သညာ ငါလုပ် ပစ်လိုက်တာ … (မှန်ပါ့)။ မေ့သွားတဲ့ အခါကျတော့ သညာ ချုပ်သွားတာကိုပင် သူ မသိလိုက်တော့ ငါ မေ့ပြန်ပြီ။ ငါ ဒီလိုသာမေ့နေမယ် ဆိုရင်တော့ ငါ့စီးပွားရေးနဲ့ငါနဲ့ ခက်ပါသေးရဲ့  ဆိုတော့ သညာပျောက်သွား တာကို သူမသိ တဲ့အတွက်၊ သညာ ပေါ်မှု ပျောက်မှုကိုလဲ သူမသိတဲ့အတွက်တဲ့ .. ဦးသံဒိုင်ရေ ဒါ ငါလုပ်ပြန်တာပဲ … (မှန်ပါ့)။ ငါမေ့သွားတယ်။ ငါ မေ့သွားတာ မဟုတ်ပါဘူးတဲ့၊ သညာပျောက်သွားတာ … (မှန်ပါ့၊ သညာပျောက်သွားတာပါဘုရား)။ ပေါ်လာပြန်တော့ သူတို့က ငါမှတ်ထားတာ ဘယ်သူ ယူသွားပါလိမ့်။ သညာပေါ် လာပြန် တော့လဲ ငါ လုပ်ပစ် လိုက်တယ် … (မှန်ပါ့)။

သညာ ပျောက်သွားတော့လဲ ငါ မေ့ မေ့လွန်းလှတယ် ..ဆိုပြီး ကိုယ့် ကိုယ်ကို များ စိတ်ဆိုးလိုက်သေး … (မှန်ပါ့)။ ဟိုက သညာက အနတ္တ သဘောလို့ ပြောလိုက်တာ … (မှန်ပါ့)။ အနတ္တ သဘော ပြောလိုက်လို့ ရှိရင် သူက စိတ်ဆိုးတယ် … (မှန်ပါ့)။ သဘောကျပြီလား … (ကျပါပြီ)။ သင်္ခါရ ဆိုတဲ့ ဥစ္စာသည်ကား လို့ဆိုရင်ဖြင့် ဝေဒနာ သညာမှတစ်ပါး စေတနာတို့ ထိနမိဒ္ဓတို့ ဒါတွေဟာ သင်္ခါရတွေပဲ … (မှန်ပါ)။ အို … ငါ အိပ်ချင်လိုက်တာ။ ငါ ငိုက် ငိုက်နေတယ်ဆိုတာတော့ ထိနမိဒ္ဓကို ငါထင်လိုက်တယ်။ သင်္ခါရက္ခန္ဓာ ငါထင်လိုက်တယ် … (မှန်ပါ)။ ဒါဖြင့် သင်္ခါရေ အတ္တတော သမနုပဿတိ ဆိုတော့ ဥစ္ဆေဒဒိဋ္ဌိ ဖြစ်နေတယ် … (မှန်ပါ့)။ သက္ကာယဒိဋ္ဌိလဲ ဖြစ်တယ်၊ ဥစ္ဆေဒဒိဋ္ဌိလဲ ဖြစ်တယ်လို့ ဒကာ ဒကာမတွေက မှတ်ထားပါ … (မှန်ပါ့)။ ငါ့စိတ် မစမ်းနဲ့လို့ ဆိုလို့ ရှိရင်လည်း စိတ်ကို ၀ိညာဏက္ခန္ဓာ ငါထင်တာပဲ … (မှန်ပါ့)။ ငါစိတ် ဖောက်ပြန် နေတယ်ထင်တယ် ဆိုတော့ ဖောက်ပြန်တဲ့ စိတ်ကိုလဲ ငါလုပ်ပြန်တာပဲ … (မှန်ပါ့ဘုရား)။ အဲဒါကြောင့် သူတော်ကောင်း တရား မနာရလို့ ရှိရင် ပရမတ်တွေ ပေါ်တိုင် ပေါ်တိုင်း ဒိဋ္ဌိဖြစ်တယ် … (မှန်ပါ့)။ သူတော်ကောင်း တရား မနာရရင် … (ပရမတ်တွေ ပေါ်တိုင်း ပေါ်တိုင်း ဒိဋ္ဌိ ဖြစ်ပါတယ် ဘုရား)။ ဒါဖြင့် ခင်ဗျားတို့ သန္တာန် ပရမတ်နဲ့လဲ အတူတူ နေရပြန်၊ ပေါ်တိုင်းလဲ ဒိဋ္ဌိဖြစ်နေမယ် ဆိုလို့ ရှိရင်ဖြင့် ငရဲအိုး မျက်စပစ်နေတာ တစ်နေ့ ဘယ်နှစ်ကြိမ်တုံး မေးရင် ဘယ့်နှယ် ဖြေကြမယ် … (အကြိမ်ပေါင်း မရေတွက်နိုင်ပါဘုရား)။ အဲဒီတော့ ဓမ္မဒိန္နာက ပြောလို့ ဒီလို စွဲတာတွေဟာ သက္ကာယဒိဋ္ဌိ ဖြစ်ပါတယ်။

သက္ကာယဒိဋ္ဌိ မရှိတာပြောပါ

ဒါဖြင့် သညာ ငါစွဲတာတွေ၊ ဝေဒနာ ငါစွဲတာတွေ၊ ခန္ဓာငါးပါး တစ်ခုခု ပေါ်လာတိုင်း ငါ စွဲတာ သက္ကာယဒိဋ္ဌိဆိုတာ သဘောကျတယ် … (မှန်ပါ့)။ သက္ကာယဒိဋ္ဌိ မရှိတာ ပြောစမ်းပါဦးတဲ့။ သက္ကာယဒိဋ္ဌိဟာ ဘယ်လု မရှိတာတုံး… တဲ့။ ဓမ္မဒိန္နာက အို .. ဥပမာ ရုပ်ပေါ်လာတယ်။ ခုနင်ကလိုပဲ တောင့်တယ်၊ တင်းတယ် ပေါ်လာတယ်။ အဲဒါကို နေတံမမ နေသော ဟသ္မိ၊ နမေသော အတ္တာ ငါ့ကိုယ် ငါ့ဟာ ငါ့ဥစ္စာမဟုတ် ဘူးလို့ ယူလိုက်လို့ ရှိရင် ဒါ သက္ကာယ ဒိဋ္ဌိ ပြုတ်တာပဲ … (မှန်ပါ)။ ဝေဒနာကလေး ပေါ်လာတာလဲ ငါ့ ကိုယ်လည်း မဟုတ်ဘူး။ ငါ့ ဟာလည်း မဟုတ်ဘူး။ ငါ့ ဥစ္စာလည်း မဟုတ်ဘူး ဒီလို ယူနိုင်လို့ ရှိရင် ဒါဟာ သက္ကာယ ဒိဋ္ဌိ ပြုတ်သွားတာပဲတဲ့ … (မှန်ပါ့)။ ဒါ ဓမ္မဒိန္နာ ရဟန္တာမက ဟောနေတာ … (မှန်ပါ့)။ ဝေဒနာပေါ် လာတာလဲ ငါ့ကိုယ်၊ ငါ့ ဟာ၊ ငါဥစ္စာ မဟုတ်ပါဘူး။ ဒီဥစ္စာ အနိစ္စ၊ ဒုက္ခ၊ အနတ္တပါပဲလို့ ရှုနိုင်လို့ ရှိရင်လဲ သက္ကာယဒိဋ္ဌိ ပြုတ်သွားတာပဲလို့ သူ့ခင်ပွန်းသည်ကို ဟောနေတယ် … (မှန်ပါ့ဘုရား)။ စိတ်တွေ ပေါ်လာလဲ ဘယ်စိတ်ပေါ်ပေါ် သြော် .. စိတ်ဟာ စိတ်ပဲ၊ ငါ့ကိုယ်၊ ငါ့ဟာ၊ ငါဥစ္စာ မဟုတ်ဘူး။ အနိစ္စ၊ ဒုက္ခ၊ အနတ္တတွေသာ အစစ်ပဲလို့ ဒီလို ဝေဖန်နိုင်လို့ ရှိရင်လဲ သက္ကာယဒိဋ္ဌိ မဖြစ်ပါဘူး … (မှန်ပါ့)။ ဒါဖြင့် သက္ကာယဒိဋ္ဌိ ဖြစ်ခြင်း၏ အကြောင်းက ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာ ထင်ရင် … (သက္ကာယ ဒိဋ္ဌိ ဖြစ်ပါတယ်ဘုရား)။ ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာ မဟုတ်ဘူးထင်ရင် … (သက္ကာယဒိဋ္ဌိ ချုပ်ပါတယ် ဘုရား)။ အဲဒါကြောင့် ဒကာ ဒကာမတွေမှာ ဘယ်အခါမဆို ၀ိပဿနာ နှလုံးသွင်းတဲ့ အခါကျလို့ ရှိရင် ဒီဥစ္စာ ငါ့ကိုယ်လဲ မဟုတ်ဘူး၊ ငါ့ဟာလည်း မဟုတ်ဘူး၊ ငါ့ ဥစ္စာလည်း မဟုတ်ဘူး။ ဓမ္မ သဘောအတိုင်း ဝေဒနာဓမ္မဖြင့် ဝေဒနာဓမ္မ ပေါ်ပြီး ပျက်နေတာပဲ ဆိုတာကို ဉာဏ်က ဦးတည့် ကြပါ … (မှန်ပါ့ဘုရား)။ ဉာဏ်က ဦးတည့်လိုက်လို့ ရှိရင်တော့ သက္ကာယ ဒိဋ္ဌိ ပြုတ်သွားတယ် … (မှန်ပါ့)။

သက္ကာယဒိဋ္ဌိ ပြုတ်သွားတဲ့ ပုဂ္ဂိုလ် မှန်လို့ ရှိရင်ဖြင့် ..တဲ့ အပါယ်လေးပါး တော့ မကျတာ အမှန်ပဲ ဆိုတာ သေသေချာချာ မှတ်ပါ … (မှန်ပါ့)။ ကောင်းပြီ .. ဒါဖြင့် သက္ကာယဒိဋ္ဌိကို ဓမ္မဒိန္နာ ဘယ်လိုတရားနဲ့ ရှုမှ သက္ကာယဒိဋ္ဌိ ပြုတ်ပါလိမ့်မလဲ။ ဒါ ဆက်မေးပြန်တယ် … (မှန်ပါ့)။ အို … သက္ကာယဒိဋ္ဌိ ပြုတ်တယ်ဆိုတာ မဂ္ဂင်ရှစ်ပါး နဲ့ ရှုမှ ပြုတ်တယ်။ အဲဒါ မှတ်ထားကြ … (မှန်ပါ့)။ သက္ကာယဒိဋ္ဌိ ပြုတ်တယ်ဆိုတာ ဘာတုံး …. (မဂ္ဂင်ရှစ်ပါးနဲ့ ရှုမှ ပြုတ်တာပါဘုရား)။ ကောင်းပြီ..။ မဂ္ဂင်ရှစ်ပါးနဲ့ ရှုမှ သက္ကာယဒိဋ္ဌိ ပြုတ်တယ် ဆိုတာတော့ သဘောကျပြီ။ ဒီ မဂ္ဂင်တွေဟာ အကွဲအပြား မရှိဘူးလားလို့ တစ်ခါ ဆက်မေး ပြန်တယ် … (မှန်ပါ့)။ ဟာ .. ရှိတယ်တဲ့။ သီလမဂ္ဂင်၊ သမာဓိမဂ္ဂင်၊ ပညာမဂ္ဂင်ရယ်လို့ ရှိသေးတယ်။ ဒါ မှတ်ထားရမယ်နော် … (မှန်ပါ့)။ သီလ မဂ္ဂင်၊ သမာဓိမဂ္ဂင်၊ ပညာမဂ္ဂင်လို့ မဂ္ဂင်သည် သုံးပါး ရှိတယ်လို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက မှတ်ထားရမယ် … (မှန်ပါ့)။ သီလ မဂ္ဂင်၊ သမာဓိမဂ္ဂင်၊ ပညာမဂ္ဂင်လို့ မဂ္ဂင် ဘယ်နှစ်ပါး ရှိသတုံး … (သုံးပါးရှိပါတယ် ဘုရား)။ သုံးပါး ရှိတယ်လို့ မှတ်ထားကြပါ။

သီလမဂ္ဂင်

နို့.. သီလမဂ္ဂင်က ဘာတုံးလို့ မေးတဲ့ အခါ သမ္မာဝါစာ သမ္မာကမ္မန္တ သမ္မာအာဇီဝ သမ္မာဝါစာဆိုတဲ့ ဥစ္စာ မုသားမပြောတာ သမ္မာဝါစာ … (မှန်ပါ့)။ စကားဆိုတာ မဟုတ်ပါဘူး။ မုသားကြဉ်ရှောင်ရင် သမ္မာဝါစာ။ ပါဏာတိပါတ, အဒိန္နာဒါန, ကာမေသု မိစ္ဆာစာရ ကို မကျူးလွန်ရင် သမ္မာကမ္မန္တ၊ လိမ်လည်ကောက်ကျစ်ပြီး အသက်မမွေးလို့ ရှိရင် သမ္မာအာဇီဝ။ ဒါ သီလမဂ္ဂင်ပါပဲ ဖြေလိုက်တယ်။

သမာဓိမဂ္ဂင်

ကောင်းပြီ.. ဒါဖြင့် သီလမဂ္ဂင်တော့ ကျေနပ်ပါပြီ။ သမာဓိမဂ္ဂင်တော့ ဘယ်နှစ်ပါး ရှိသတုံး… တဲ့။ အို… သမ္မာဝါယမ, သမ္မာသတိ, သမ္မာသမာဓိပေါ့ တဲ့။ ဟုတ်ပြီ … ဓမ္မဒိန္နာ။ ဒါတော့ ကျေနပ်ပါပြီ။ ဘယ့်နှယ့်ကြောင့် ဒီသုံးခု ဖြစ်နေရသတုံး.. လို့။ ဟာ … ဒီသုံးခု ဖြစ်နေတာ တခြားမဟုတ်ဘူး။ သူတို့ တစ်ခုတည်းနဲ့ ကိစ္စတစ်ခုကို ပြီးအောင်မလုပ်နိုင်လို့။ ဒါမှတ်ထားကြပါ … (မှန်ပါ့)။ သုံးခုရှိနေတာ … (တစ်ခုတည်းနဲ့ ကိစ္စပြီးအောင် မလုပ်နိုင်လို့ပါ ဘုရား)။ အဲ.. တစ်ခုတည်းနဲ့ ကိစ္စပြီးအောင် မလုပ်နိုင်ဘူး။ သမာဓိ တည်ပါတယ်ဆိုမှဖြင့် ၀ီရိယလဲ ပါဦးမှ။ သတိလဲ ပါဦးမှ တည်နိုင်ပါတယ် … (မှန်ပါ့)။ ရှင်းပြီ … (ရှင်းပါပြီဘုရား)။ ၀ီရိယကော … (ပါဦးမှပါ)။ သတိကော … (ပါဦးမှပါ)။ အဲ ..ဒါမှ သမာဓိ တည်နိုင်တယ်တဲ့။ သမာဓိ တည်ဖို့ အရေးကြီးတယ်။ သမာဓိတည်ဖို့ အရေးကြီးတယ် ဆိုပေမယ့်လဲ ၀ီရိယနဲ့ သတိ မပါရင် မတည်နိုင်ပါဘူး ဆိုပြီး နောက် သူတို့ အာဘော်အတိုင်း အဋ္ဌကထာ ဆရာက ဥပမာ ပေးလိုက်တယ်။ မမှီ့တမှီပန်းကို ကောင်းကင်မှာ၊ အထက်မှာ မမီ့တမီ ပန်းတပွင့်ရှိတယ်တဲ့။ အဲဒီ မမှီ့တမှီ ပန်းတစ်ပွင့် ရှိနေတဲ့ အခါ ကျလို့ရှိရင် ဘယ်လိုလုပ် ဆွတ်မလဲ တဲ့။ ဒီပန်းကို ခူးမလဲ။ တစ်ယောက်က ကုန်းပေးရမယ်။ တစ်ယောက်က ကုန်းတဲ့အပေါ်မှာ တက်ရမယ်။ တစ်ယောက်က ဘေးကနေပြီး ပခုံးပေးရမယ်။ တက်တဲ့လူ လက်ကိုင်ဖို့ … (မှန်ပါ့)။ ထို့အတူပဲတဲ့။ တစ်ယောက်က ကုန်းပေးရမယ်။ တစ်ယောက်က အနားနားက ရပ်။ တစ်ယောက်က အပေါ်တက်ပြီး ရပ်တဲ့လူ ပခုံကိုင်ပြီးမှ လက်တစ်ဖက်က နေပြီး လိုတဲ့ ပန်းကို ဆွတ်ရမယ် … (မှန်ပါ့)။ မမီ့တမီ ပန်းမှာ ဒီသုံးယောက် ပေါင်းမိမှ ပန်းတစ်ပွင့်ကို ဣနြေ္ဒ ရရ ဆွတ်ခူးနိုင်မယ် ဆိုတဲ့ ဥပမာ မှတ်ကြရမယ် … (မှန်လှပါဘုရား)။

ကဲ.. ဒါဖြင့် မမီ့တမီ ပန်း ဆွတ်ပုံသည် ဘာကြောင့်တုံး.. ဆိုတော့။ ရပ်နေတဲ့ ပုဂ္ဂိုလ်က ပန်းမဆွတ်နိုင်ဘူး … (မှန်ပါ့)။ ကုန်းနေတဲ့ ပုဂ္ဂိုလ်ကလဲ … (မဆွတ်နိုင်ပါ ဘုရား)။ အပေါ်တက်နေတဲ့ ပုဂ္ဂိုလ်ကကော … (ဆွတ်နိုင်ပါတယ် ဘုရား)။ အပေါ်တက်တဲ့ ပုဂ္ဂိုလ်ကလည်း ယိမ်းယိုင်နွဲ့နေမယ် ဆိုလို့ ရှိရင်လဲ မဆွတ်နိုင်ဘူး။ သဘောကျပြီလား … ။

ပန်းတစ်ပွင့်ရဖို့ သုံးယောက်ကူရတယ်။ ထို့အတူပဲ ..တဲ့။ ၀ိပဿနာ အလုပ်,လုပ်တဲ့ ပုဂ္ဂိုလ်များမှာ သမ္မာဝါယမ ဆိုတဲ့ ၀ီရိယမဂ္ဂင်က ကုန်းပေးတဲ့ လူနဲ့တူတယ် … (မှန်ပါ့)။ သတိဆိုတဲ့ ပုဂ္ဂိုလ်က ပခုံးလေးနဲ့ အနားနားက ကပ်ပြီး ရပ်နေတဲ့ ပုဂ္ဂိုလ်နဲ့ တူပါတယ် … (မှနပါ့)။ သမာဓိ ဆိုတဲ့ ပုဂ္ဂိုလ်က ကုန်းတဲ့ အပေါ်တက်ပြီး ခုနက ပခုံးကိုင်ပြီး သကာလ ဣနြေ္ဒရ,ရ အပေါ်က ပန်းကို ဆွတ်နိုင်တဲ့ ပုဂ္ဂိုလ်နဲ့ တူပါတယ် … (မှန်ပါဘုရား)။ ဒါဖြင့် ပန်းတစ်ပွင့် ရဖို့ ဘယ်နှစ်ယောက် ကူရသလဲ … (သုံးယောက်ကူ ရပါတယ်ဘုရား)။ သုံးယောက်ကူမှ ပန်းတစ်ပွင့် ရသလို ဒီမှာလည်း ၀ိပဿနာ အလုပ် အားထုတ်တဲ့ ပုဂ္ဂိုလ်များမှာ ဒီသုံးခု မပါလို့ ရှိရင် ဖြစ်ကို မဖြစ်နိုင်တဲ့ အတွက် သူတို့သည် သမာဓိ အခြံအရံ ၀ီရိယနဲ့ သတိဟာ သမာဓိ အားပေးမှု တစ်ခုလို့ မှတ်ကြစမ်းပါ … (မှန်ပါ့)။ ၀ီရိယနဲ့ သတိဟာ …. (သမာဓိ အားပေးမှု တစ်ခုပါဘုရား)။

သမာဓိ အားပေးမှု တစ်ခုဆိုတော့ ဒါက ဒကာ ဒကာမတွေမှာ သြော် .. ၀ီရိယလဲ ပါဦးမှကိုး။ သတိကလဲ ဘေးက ငြိမ်ငြိမ် ပန်းဆွတ်နိုင်အောင် ကိုင်ရသလို ဒါမှ သမာဓိ ဆိုတဲ့ ပုဂ္ဂိုလ်က အပေါ်ကနေ ပန်းဆွတ်နိုင်သလို ကိုယ့်မှာလဲ ၀ိပဿနာ ရှုတော့မယ်ဆို ၀ီရိယ လွှတ်လို့လည်း မရဘူး။ သတိမထားရင်လဲ … (မရပါဘုရား)။ သမာဓိ မပါလို့ ရှိရင်လဲ ..တဲ့၊ အာရုံက စိုက်ခနဲ၊ စိုက်ခနဲ့ မသွားဘူး … (မှန်ပါ့)။ ရှင်းပြီ … (ရှင်းပါပြီဘုရား)။ ဒါဖြင့် သမာဓိ မဂ္ဂင် သုံးခု ရှိနေတဲ့ အကြောင်းဟာဖြင့် ဒီဥပမာနဲ့ပဲ ဦးသံဒိုင် ရှင်းလောက်ပါပြီ … (မှန်ပါ့ဘုရား)။ သမာဓိမဂ္ဂင်မှာ သုံးယောက်ပေါင်းမှ ကိစ္စတစ်ခုပြီးတယ် … (မှန်ပါ့ဘုရား)။ သုံးယောက်ပေါင်းမှ … (ကိစ္စတစ်ခု ပြီးပါတယ် ဘုရား)။

ထို့အတူပဲ ..တဲ့။ ခင်ဗျားတို့ ၀ိပဿနာ အားထုတ်တဲ့ ပုဂ္ဂိုလ်များ၌ သမာဓိ တည်ချင်လို့ ရှိရင် သတိကို လက်မလွှတ်နဲ့၊ ၀ီရိယ မလျှော့နဲ့ … (မှန်ပါ့)။ ဒါမှသာလျှင် သမာဓိ လိုရာပန်းကို ဆွတ်နိုင်သလို ခုနက အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဆိုတဲ့ ဝေဒနာ ဖြစ်ပျက်၊ စိတ် ဖြစ်ပျက်တွေကို သူ ကောင်းကောင်းမွန်မွန် မိအောင် ဖမ်းနိုင်တယ် … (မှန်ပါ့ဘုရား)။ သဘောကျပြီ … (ကျပါပြီ ဘုရား)။ ကောင်းကောင်းမွန်မွန် ဖမ်းနိုင်တာသည် သူတို့ သုံးယောက် ပေါင်းမှ ကိစ္စပြီးတယ် ဆိုတဲ့ဥစ္စာ သုံခုသော ဓမ္မ ပေါင်းမှ ကိစ္စပြီးနိုင်တယ် ဆိုတဲ့ ဥစ္စာ မမြင်သေးဘူး ဆိုလို့ ရှိရင် ဒီသုံးခုထဲက တစ်ခုခုလို့ မှတ်ပေတော့ … (မှန်ပါ့ဘုရား)။ မမြင်သေဘူး ဆိုရင် … (ဒီသုံးခုထဲက တစ်ခုခု လိုနေလို့ ပါဘုရား)။

အဲ.. ဖြစ်ပျက်ကို မမြင်သေးပါဘူး။ ကျုပ်တို့ဖြင့် ရှုနေတာ ကြာပြီ ဆိုလို့ရှိရင် အောက်က ကုန်းပေးတဲ့ ၀ီရိယ နည်းနေတာ ရင်လည်း ဖြစ်ရမယ် … (မှန်ပါ့)။ ဘေးကရပ်ပြီး ပခုံးလေး ပေးတဲ့ ပုဂ္ဂိုလ်လို တစ်ယောက်သော ပုဂ္ဂိုလ် လက်ကိုင်ဖို့ရာ … (မှန်ပါ့) အဲဒီ ပုဂ္ဂိုလ်ရင်လည်း အညံ့ ဖြစ်ရမယ် … (မှန်ပါ့)။ သတိရင်လဲ ချို့ ယွင်းနေရမယ်။ ဒါကြောင့် သမာဓိသည် တဲ့.. ဖြစ်ပျက် ရှိရာသို့ စိုက်ခနဲ၊ စိုက်ခနဲ မသွားဘူး … (မှန်ပါ့)။ ရှင်းပလား … (ရှင်းပါပြီဘုရား)။ ဒါဖြင့် ဖြစ်ပျက် ရှိရာ စိုက်ခနဲ၊ စိုက်ခနဲ သွားချင်ရင် ဒီသုံးခုလဲ အရေးကြီးတယ် … (မှန်ပါ့ဘုရား)။

ဒါကြောင့် သမာဓိမဂ္ဂင်ဆိုပြီး ဘယ့်နှယ်ကြောင့် သတိ ၀ီရိယ ထည့်ရပါလိမ့် မတုံး ဆိုတော့ ပန်းခူးတဲ့ ဥပမာနဲ့ ပြလိုက်တယ် … (မှန်ပါ့)။ ရှင်းပလား … (ရှင်းပါပြီဘုရား)။ သမာဓိမဂ္ဂင်ဆိုပြီး သမာဓိကလေး တစ်လုံးတည်း နေပါတော့လား ဆိုတော့ အို .. သမာဓိ သူ့ချည်းသက်သက် ဘာမှ မလုပ်နိုင်ဘူး … (မှန်ပါ့ဘုရား)။ ၀ီရိယကလဲ နောက်က တွန်းပေးမှ … (မှန်ပါ့)။ သတိကလဲ ဒီနေရာ ဆွတ်ပါ။ ဒီနေရာ ဆွတ်ပါ။ ဒီနေရာ ခူးပါ။ ဒီနေရာ ရှုပါဆိုတာ သူကလဲ အကူအညီ ပေးဦးမှ … (မှန်လှပါ)။ ရှင်းပြီလား။

ချို့ ယွင်းတာကို သိအောင်လုပ်

ဒါဖြင့် ဒကာ ဒကာမတွေမှာ ဖြစ်ပျက်ဆီကို စိုက်ခနဲ၊ စိုက်ခနဲ မသွာခြင်းဟာ သြော် .. ဒီသုံးခု တစ်ခုခု၊ သုံးခု ပေါင်းမှ ဖြစ်တဲ့ ဥစ္စာကို တို့ တစ်ခုခု ချို့ ယွင်းနေတယ် ဆိုပြီး သကာလ ချို့ ယွင်းတာကို ကိုယ်တိုင် သိအောင် လုပ်ရမယ် … (မှန်ပါ့ဘုရား)။ ချို့ ယွင်းတာ ကိုယ်တိုင် သိအောင်လုပ်လို့ ရှိရင်ဖြင့်တဲ့ … ခင်ဗျားတို့ အလိုရှိတဲ့ ဖြစ်ပျက်ဆီသို့ တဲ့၊ သမာဓိသည် ဦးတည် ပါလိမ့်မယ် … (မှန်ပါ့)။ ရှင်းပြီနော် … (ရှင်းပါပြီဘုရား)။ ဒါဖြင် သမာဓိသည် ဦးတည်ပြီး သကာလ နေလို့ ရှိရင် သူက မြင်လားလို့ မေးတော့ သမာဓိဟာ ဒီနေရာနဲ့ တည့်တာပဲ ရှိတာပဲ … (မှန်ပါ့)။ ဖြစ်မှု ပျက်မှုကို တော့ သူမက မမြင်ပြန်ဘူး … (မှန်ပါ့)။ သတိက မြင်သလား လို့ မေးတော့ သတိကလည်း မြင်တာ မဟုတ်ဘူး။ အကူအညီပဲ။ သမာဓိကို တည့်ပေးတာပဲ ရှိတာပဲ … (မှန်လှပါ)။ ဖြစ်မှု ပျက်မှုကိုတော့ သူက မမြင်ပါဘူး … (မှန်ပါ့)။ သမာဓိ ဒီလိုချင်တဲ့ ဘက်ကို စိုက်ထားတာကလေးက သမာဓိ… (မှန်ပါ့)။ ဖြစ်ပျက် သူက မြင်သလားဆိုတော့ .. အို.. ဖြစ်ပျက်ကိုတော့ ဉာဏ်ကမှ မြင်ရမှာ။ သူနဲ့ ဘာမှ မဆိုင်ဘူး။ သဘောကျပြီလား … (ကျပါပြီဘုရား)။ သတိမြင်သလားလို့ မေးတော့ သတိကလဲ မဟုတ်ဘူး။ အကူအညီပဲ။ သမာဓိကို တည့်ပေးတာပဲ ရှိတာပဲ … (မှန်ပါ့)။ ၀ီရိယကော မင်း မြင်သလားလို့ မေးလိုက်လို့ ရှိရင်ဖြင့် ၀ီရိယကလဲ သူချည်းသက်သက် မမြင်ပါဘူး။ ရှင်းပလား။

အလုပ်သမားမှာ အရေးကြီးတယ်

ဒါဖြင့် သူတို့ သုံးခုသည် သမာဓိကို သူတို့ သုံးခုပေါင်းပြီး အလုပ်,လုပ်မှ သာလျှင် အာရုံ တစ်ခုဆီသို့ တည့်တာပဲ ရှိတယ်။ ၎င်းအာရုံ ဘာဖြစ်နေတယ် သူတို့က မသိကြဘူး … (မှန်ပါ့)။ ဒါသေသေ ချာချာ မှတ်ပါ … (မှန်ပါ့)။ အလုပ်သမားမှာ အရေး ကြီးတယ်။ ဓမ္မဒိန္နာက ဖြေတာပါပဲ တဲ့။

ဒါဖြင့် သမာဓိ မဂ္ဂင် သုံးပါး ရှိထိုက် မရှိထိုက် … (ရှိထိုက်ပါတယ်ဘုရား)။ သုံးခုပေါင်း မှပဲ ကိစ္စတစ်ခု ပြီးမှာပဲ … (မှန်ပါ့) ။ သုံးခု မပေါင်းလို့ ရှိရင် … (မပြီးပါဘုရား)။ ၀ီရိယကလဲ ပန်းဆွတ် ပုဂ္ဂိုလ်မှာ သူမမီတော့ ကုန်းပေးရတယ်။ သတိကလဲ ကုန်းနေတဲ့ ပုဂ္ဂိုလ် ကနေ ရပ်ပြီး သကာလ အပေါ်တက်တဲ့ ပုဂ္ဂိုလ် ငြိမ်ဆိမ်မှ၊ သဘောကျပြီလား …. (ကျပါပြီ)။ အပေါ် တက်တဲ့ ပုဂ္ဂိုလ် ငြိမ်ဆိမ် မှသာလျှင် လိုရာပန်းကို သူသည် မီနိုင်တယ် … (မှန်ပါ့)။ ပန်းတို့၏ အကောင်းအဆိုးကို ရွေးတတ် သလားလို့ မေးတဲ့ အခါ ကျတော့ သမာဓိက ပန်းမီတာ ပဲ ရှိတယ်။ အကောင်းအဆိုး မရွေးတတ်ဘူး … (မှန်ပါ့)။ ဘာဖြစ်လို့ တုံး။ သူက တည်ကြည်မှု တစ်ခုသာလျှင် ဒီအာရုံရှိရာသို့ တည့်ပေးတာပဲ ရှိတာပဲ။ သူက ထိုးထွင်းပြီးသကာလ ဟောဒါ အဖြစ်ပဲ။ ဟောဒါ အပျက်ပဲ။ ဟောဒါက သင်္ခါရပဲ။ ဟောဒါက … (အနိစ္စပဲ)။ ဒါတော့ သူနဲ့ မဆိုင်ဘူး … (မှန်ပါ့)။ ရှင်းပြီလား … (ရှင်းပါပြီဘုရား)။ ဒါဖြင့် သူနဲ့ မဆိုင်တာကို ဘယ့်နှယ်ကြောင့်တုံးလို့ မေးတဲ့ အခါကျလို့ ရှိဖြင့်တဲ့ သူဟာ ပညာ မဂ္ဂင်၏ အကူ အညီပဲလို့ မှတ်ရမယ် … (မှန်လှပါဘုရား)။ ပညာမဂ္ဂင်၏ အကူအညီ ပေးတဲ့ တရားသုံးခု … (မှန်ပါ့)။ ရှင်းပလား … (ရှင်းပါပြီဘုရား)။ ဘာ.. အားပေးပါလိမ့် … (ပညာမဂ္ဂင်ကို အကူအညီ အားပေးပါတယ်ဘုရား)။ ပညာမဂ္ဂင်ကို အကူအညီ ပေးတဲ့ တရားသုံးခု လို့ မှတ်ရမယ် … (မှန်ပါ့)။

ဒါဖြင့် ဓမ္မဒိန္နာ သိပါပြီတဲ့။ သမာဓိ ဆိုတဲ့ ဥစ္စာ.. သြော် .. သုံးယောက်ပေါင်းမှပဲ ကိစ္စကြီး တစ်ခုကို တည့်ပေးနိုင်တဲ့ စွမ်းရည် သတ္တိရှိတယ် ဆိုတာ ကျေနပ်ပါပြီ။ ပညာမဂ္ဂင် ပြောစမ်းပါဦး ဆိုတော့။ အို .. သမ္မာဒိဋ္ဌိနဲ့ သမ္မာသင်္ကပ္ပ ပေါ့။ ဒါပဲ ဖြေလိုက်တယ် … (မှန်ပါ့)။

ပညာမဂ္ဂင်

သမ္မာဒိဋ္ဌိနဲ့ သမ္မာသင်္ကပ္ပ ပေါ့လို့ ဖြေလိုက်တယ်။ နို့.. ဘာဖြစ်လို့ ပညာတစ်ခုတည်းမှာ သမ္မာသင်္ကပ္ပက တွဲနေရ သေးသလဲ လို့ မေးဖို့ အချိန် ရောက်လာတယ် … (မှန်ပါ့)။ မရောက်သေးဘူးလား … (ရောက်ပါတယ်ဘုရား)။ ရောက်တော့ကို ဒီလိုပါတဲ့။ ဥပမာမယ်တဲ့ .. ဟိုဘက် ဒီဘက် အကောင်းအဆိုး ရွေးချင်တဲ့ ပုဂ္ဂိုလ်ကို ဥပမာ မျက်လုံးကတော့ ပါ,ပါရဲ့ တဲ့။ ဟိုဘက် ဒီဘက် အကောင်းအဆိုး ဆိုတဲ့ ဥစ္စာကတော့ ဟိုဘက် ဒီဘက် လှည့်လှန် ပေးတဲ့ တရားတစ်ခု အကူအညီ လိုသေးတယ် … (မှန်ပါ့ဘုရား)။ သဘောကျပလား … (ကျပါပြီဘုရား)။ ဥပမာမယ် ဒီကနေ မျက်လုံးနဲ့ ကြည့်လိုက်တယ်။ မျက်လုံးနဲ့ ကြည့်လိုက်တော့ တစ်ဖက်တွင် သိရတယ်။ ဟိုတစ်ဖက် ဘာဖြစ်တယ်လို့ သိရပါ့မလား … (မသိပါဘုရား)။ ဆိုတော့ ဟိုဘက် ဒီဘက် လှန်ပေးတဲ့ ဥစ္စာ မလိုဘူးလား … (လိုပါတယ်ဘုရား)။ လိုတယ်။ သြော် ဒီဘက်က တစ်မျိုး ပါလား။ ဒီဘက်က တစ်မျိုးပါလား ဆိုတာလိုပဲ ..တဲ့။ သမ္မာသင်္ကပ္ပက သူက ဟိုဘက် ဒီဘက် မြင်ကွင်းကို အကွက် ဖော်ပေး တယ် … (မှန်လှပါဘုရား)။ ရိပ်မိပလား … (ရိပ်မိပါပြီဘုရား)။ သမ္မာသင်္ကပ္ပက … (မြင်ကွင်းကို အကွက် ဖော်ပေးပါတယ်)။

အဲ .. မြင်ဖို့ရာ အကွက်ဖော်ပေးတယ်။ ဖြစ်တဲ့ အကွကကိုလဲ သူဖော်ပေးတယ် … (မှန်ပါ့)။ ပျက်တဲ့အကွက်ကိုလဲ … (သူဖော်ပေး ပါတယ်ဘုရား)။ သူဖော်ပေး တယ်ဆိုတော့ သူဖော်ပေးတာက ပညာက စိုက်ပြီး ကြည့်တာပဲ … (မှန်ပ့ါ)။ သူက တစ်ဖက်တည်း ပြလို့ ရှိရင် သူကမှ လှန်လှောပြီး သကာလ ရုပ်နာမ်ဓမ္မ တို့ကို အင်း.. ဖြစ်ပုံက တစ်မျိုး၊ ပျက်ပုံက တစ်မျိုးလို့ သူကမှ လှန်လှော မပြလို့ ရှိရင် ပညာချည်း သက်သက်ကလဲ လှန်လှောနိုင်တဲ့ စွမ်းရည်သတ္တိ မရှိဘူး … (မှန်ပါ့)။ ပညာကလဲ သူသည်ကား ဆိုလို့ရှိရင် ဒါ ဖြစ်မှုနဲ့ ပျက်မှု။ သူ ဖြစ်မှု ပြထားရင် ဖြစ်မှုပဲ မြင်မှာပဲ … (မှန်ပါ့)။ ပျက်မှု ပြထားရင် … (ပျက်မှုပဲ မြင်မှာပါ ဘုရား)။ ဟိုက လှန်လှောပေး တတ်တဲ့ ပုဂ္ဂိုလ် သမ္မာသင်္ကပ္ပ ရှိပြီ ဆိုမှဖြင့် သြော်.. ဖြစ်မှုက ဒီလိုပါလား၊ ပျက်မှုက ဒီလိုပါလားလို့ ဟိုက ဖလှယ်ပေးတဲ့ အတိုင်း ဒီကကြည့်ရတယ် … (မှန်ပါ့ဘုရား)။ ရှင်းပလား … (ရှင်းပါပြီ ဘုရား)။ ဒါဖြင့် အဖြစ်သာ မြင်၍ အပျက်မမြင်သေး။ အပျက်သာမြင်၍ အဖြစ် မမြင်သေး ဖြစ်ခဲ့သော် သမ္မာသင်္ကပ္ပ ညံ့တယ် … (မှန်ပါ့)။ သဘောပါကြ ပလား … (ပါ,ပါပြီဘုရား)။ အဖြစ်သာ မြင်၍ အပျက် မမြင်သေးရင် … (သမ္မာသင်္ကပ္ပ ညံ့ပါတယ်)။ အပျက်သာ မြင်၍ အဖြစ် မမြင်သေးရင် … (သမ္မာသင်္ကပ္ပညံ့ ပါတယ်ဘုရား)။ သမ္မာသင်္ကပ္ပညံ့ တယ်။ သမ္မာက မှန်ကန်တာ။ သင်္ကပ္ပက လှည့်ပြီး ကြံစည်ပေးတာ … (မှန်ပါ့ဘုရား)။ ဒီကြည့်ကွက်ကို ဖော်ပေးတာ … (မှန်ပါ့)။ အဲဒါက စာမှာ လာတဲ့ ဥပမာ။ ဘုန်းကြီးတို့ ပေးတဲ့ ဥပမာက ဒီလို မပေးပါဘူးတဲ့။ မျက်မှန်မှာ ပါဝါ Power ထည့်ပေးပါ … (မှန်ပါ့)။ ပါဝါ Power ထည့်ပေး လိုက်တဲ့ အခါကျတော့ လူငယ်လိုပဲ သူမြင်လိမ့်မယ် … (မှန်ပါ့) သဘောကျ ပြီလား … (ကျပါပြီ ဘုရား)။ ဒါဖြင့် လူငယ်လိုပဲ သူမြင်တယ် ဆိုတော့ သူ့မျက်လုံးချည်း သက်သက် မြင်သလား။ မျက်မှန် အကူအညီ ရမှ သူသည် ရှင်းရှင်းလင်းလင်း မြင်သလားဆိုတာ အကဲခတ်ပါ … (မျက်မှန်အကူအညီ ရမှ ရှင်းရှင်းလင်းလင်း မြင်ပါတယ် ဘုရား)။ အဲ .. မျက်မှန်ဆိုတဲ့ အကူအညီ ကင်းမဲ့နေလို့ ရှိရင် သူသည် မြင်တော့ မြင်ပါရဲ့  ..တဲ့။ ရှင်းရှင်းလင်းလင်း မမြင်ဘူး … (မှန်ပါ့)။ သဘောပါကြ ပြီလား … (ပါပါပြီဘုရား)။

မြင်တော့ … (မြင်ပါတယ်။ ရှင်းရှင်းလင်းလင်းမမြင် ပါဘုရား)။ ရှင်းရှင်းလင်းလင်း မမြင်တော့ ရှင်းရှင်း လင်းလင်း မြင်ရအောင် ကိုယ်နဲ့ ထိုက်တန်တဲ့ ပါဝါ Power သူပေးတဲ့ မျက်မှန်နဲ့ ကြည့် … (မှန်ပါ)။ ကြည့်လိုက်တဲ့ အခါကျတော့ ပင်ကိုယ် ကြည့်တဲ့ မျက်လုံးအတိုင်း ရှေးမြင်တုန်းက ရှိလာတဲ့ မျက်လုံးအတိုင်း၊ မမွဲခင်က ရှိတဲ့ မျက်လုံးအတိုင်း သူသည်ကား ဆိုလို့ရှိရင် မမြင်ပေဘူးလား … (မြင်ပါတယ်ဘုရား)။ ဒါဖြင့် မျက်မှန်က သမ္မာသင်္ကပ္ပနဲ့ တူတယ် … (မှန်ပါ)။ မျက်လုံးက သမ္မာဒိဋ္ဌိနဲ့ တူတယ် … (မှန်ပါ)။ မျက်မှန်နဲ့ …(သမ္မာသင်္ကပ္ပနဲ့ တူပါတယ်ဘုရား)။ မျက်လုံးနဲ့ … (သမ္မာဒိဋ္ဌိ နဲ့ တူပါတယ်ဘုရား)။ သမ္မာဒိဋ္ဌိနဲ့ တူတယ်လို့ မှတ်ထားတော့ သြော် .. သူတို့ နှစ်ခု ကင်းလို့ မဖြစ်ပါလား … (မှန်ပါ့)။ ပေါ်ကြပြီလား … (ပေါ်ပါပြီဘုရား)။ သူတို့နှစ်ခုလဲ … (ကင်းလို့ မဖြစ်ပါဘုရား)။

တစ်ခုကင်းရင် ဟိုက တော်ရုံပဲ မြင်လိမ့်မယ် … (မှန်ပါ့)။ မျက်လုံးနဲ့တူတဲ့ သမ္မာဒိဋ္ဌိက မြင်ကွက်ကို အများကြီး ဖော်ပေး လိုက်မယ်ဆိုလိှု့ရှိရင် မြင်စရာ ရှိတာ အကုန် မြင်မှာပဲ … (မှန်ပါ့)။ သဘောပါကြပလား … (ပါ,ပါပြီဘုရား)။ ဒါဖြင့် မြင်စရာ ရှိတာ အကုန် မမြင်တဲ့ အခါကျလို့ ရှိရင် ဒကာ ဒကာမတွေက သမ္မာသင်္ကပ္ပ အကူပေးလိုက်။ ၀ိတက်ကို … (မှန်ပါ့)။ ၀ိတက် ဆိုတာ ရှုတဲ့ ဘက်မှာလဲ သူသည် အားကူ ပေးတဲ့ သဘောပါပဲ … (မှန်ပါ့)။ ဒါဖြင့် ဒကာ ဒကာမတွေ သြော် ပညာမှာလည်း အကူအညီပါဦးမှ … (မှန်ပါ့)။ သမာဓိမှာလည်း … (အကူအညီ ပါဦးမှပါဘုရား)။ အကူအညီ ပါဦးမှ … တဲ့။ နို့ .. ပြန်လှည့်လိုက်၊ သီလ မဂ္ဂင်ကျတော့ သူတို့ ဘယ့်နှယ်ကြောင့် သုံးပါး ပြားနေရ သတုံးလို့ မေးဖို့ မလိုဘူးလား … (လိုပါတယ် ဘုရား)။ အို .. သူတို့က တစ်ခု လုပ်နေရင် နှစ်ခု မပါဘူး … (မှန်ပါ့)။

သီလမဂ္ဂင်၏ထူးခြားချက်

တစ်ခုလုပ်နေရင် … (နှစ်ခု မပါ,ပါဘုရား)။ ဘာကြောင့်တုံး ဆိုတော့ သမ္မာဝါစာကလဲ မုသာဝါဒ, ပိသုဏ၀ါစာ, ဖရုသ၀ါစာ, သမ္ဖပ္ပလာပ၊ လိမ်လည် ကောက်ကျစ်မှု ကြဉ်ရှောင်တယ်။ ကြမ်းတမ်းမှုကို ကြဉ်ရှောင်တယ်။ ရယ်မောစရာ ပြောဆိုမှုကို ကြဉ်ရှောင်တယ်၊ မဟုတ်ဘူးလား … (မှန်ပါ့)။ အင်း ..သူကြဉ်ရှောင်ပုံကတခြား … (မှန်ပ့ါ)။ သမ္မာဝါစာက ၀စီကံ လေးပါးသာ သူ ကြဉ်ရှောင်တယ်။ သဘောကျပြီလား … (ကျပါပြီဘုရား)။ သမ္မာကမ္မန္တကလဲ ကာယကံ သုံးပါး ကြဉ်ရှောင်တယ် ဆိုတော့ သူတို့ ပြုလုပ်တာကိုက တစ်မျိုးစီ ပြုလုပ်ကြတယ် … (မှန်ပ့ါ)။ အဲဒီတော့ တစ်ခု လုပ်နေတဲ့ အလုပ်ကို တစ်ခုက ၀င်ခွင့် မရဘူး … (မရပါဘုရား)။ ရှင်းပလား … (ရှင်းပါပြီဘုရား)။ တစ်ခု လုပ်နေတဲ့ အတွက်ကို … (တစ်ခုက ၀င်ခွင့်မရပါ ဘုရား)။ အဲ .. သမ္မာကမ္မန္တ လုပ်နေတဲ့ ပါဏာတိပါတ, အဒိန္နာဒါန, ကာမေသု မိစ္ဆာစာရ ဆိုတဲ့ သူ ကြဉ်ရှောင် နေတုန်းကို သမ္မာဝါစာက ကြဉ်ရှောင်စရာ တရား မပါပြန်ဘူး … (မှန်ပါ့)။ ပါသေးရဲ့ လား … (မပါ,ပါဘုရား)။ သမ္မာဝါစာ ကြဉ်ရှောင် နေတုန်းကို သမ္မာကမ္မန္တ ကြဉ်ရှောင် စရာက ပါရဲ့ လား … (မပါ,ပါဘုရား)။ အဲဒါကြောင့် သူတို့က နဂိုကိုက ကာယကံ, ၀စီကံ, မနောကံ ဖြစ်နေတယ် … (မှန်ပါ့)။ ရှင်းပလား … (ရှင်းပါပြီဘုရား)။ သူတို့က နဂိုက ဘာဖြစ်နေ သတုံး … (ကာယကံ, ၀စီကံ, မနောကံ ဖြစ်နေပါတယ် ဘုရား)။ ကာယကံ, ၀စီကံ, မနောကံ ဖြစ်နေတော့ ရှောင်ကြဉ်ပုံ တူ လို့သာ သီလလို့ နာမည် ပေးလိုက်ပါတယ်။ အလုပ် မတူဘူး … (မှန်ပါ့)။ ဒါကြောင့် သူတို့ တော့ဖြင့် မဂ္ဂင် ရှစ်ပါးထဲမှာ သူတို့ သည်ကားလို့ ဆိုရင် လောကီမဂ္ဂင် လုပ်နေတဲ့ ပုဂ္ဂိုလ်မှာ တစ်ခါတလေ ငါးပါး၊ တစ်ခါတလေ ခြောက်ပါး … (မှန်ပါ့)။ ခြောက်ပါး ဆိုလို့ ရှိရင် သမ္မာကမ္မန္တ ၀င်လာလို့ရှိရင် ဟိုနှစ်ခုက ထွက်သွားတယ် … (မှန်ပါ့)။

ဒါဖြင့် ၀ိပဿနာ ရှုတဲ့ ပုဂ္ဂိုလ်များမှာ သမ္မာကမ္မန္တ ၀င်လာလို့ ရှိရင် ဟိုနှစ်ခု ထွက်သွားတယ် … (မှန်ပါ့)။ ဒါဖြင့် ၀ိပဿနာ ရှုတဲ့ ပုဂ္ဂိုလ်များမှာ သမာဓိနဲ့ ပညာကတော့ တွဲဝင်မယ်ဆို ၀င်နိုင်တယ် … (မှန်ပါ့တရား)။ သီလမဂ္ဂင် သုံးပါးကတော့ တစ်ခုစီသာ ၀င်နေတော့ မြဲရဲ့ လား … (မမြဲပါဘုရား)။ မမြဲတော့ကိုတဲ့ သူတို့က ကာယကံ ကြဉ်ရှောင်နေရင် ၀စီကံ, မနောကံက မပါ ပြန်ဘူး။ မနောကံ ကြဉ်ရှောင်နေပြန်တော့လည်း ကာယကံ, ၀စီကံက မပါပြန်ဘူး။ ပါကြရဲ့ လား … (မပါ, ပါဘုရား)။ မပါတော့ သူတို့သည် မမြဲတဲ့ တရားတွေ ဖြစ်နေတယ်။ ဒါကြောင့် သူတို့ ကတော့ဖြင့် တစ်ယောက်နဲ့ တစ်ယောက် အကူအညီ ပေးတယ်လို့ မရှိဘူး …. (မှန်ပါ့)။ ရှင်းပလား … (ရှင်းပါပြီဘုရား)။ တစ်ယောက်နဲ့ တစ်ယောက် … (အကူအညီ ပေးတယ်လို့ မရှိပါ ဘုရား)။ အေး .. တစ်ပါးနဲ့ တစ်ပါး အကူအညီ ပေးတယ်လို့ မရှိဘူး.. တဲ့ … (မှန်ပါ့)။ အဲဒီတော့ကိုတဲ့ ဘာလို့ အကူအညီ မပေးနိုင်သတုံး ဆိုတော့ တစ်ယောက်က ပန်းထိမ်တတ်တယ်။ တစ်ယောက် ယက္ကန်း တတ်တယ်။ မဟုတ်ဘူးလား … (မှန်ပါ့ဘုရား)။ တစ်ယောက်က စက်မောင်းတတ်တယ်။ ဘယ့်နှယ်လုပ် အကူအညီ ပေးကြ မလဲ … (မပေးနိုင်ပါဘုရား)။ မပေးနိုင်ဘူး။ ပန်းထိမ်သမားကို စက်မောင်းသမားက အကူအညီ ပေးရမှာကလည်း တခြားစီ … (မှန်ပါ့)။ စက်မောင်းသမားက ယက္ကန်းခတ်နေတဲ့ လူကို ပိုးမျှင်တွေ အမျိုးမျိုး အဖုံဖုံ ဖောက်ပြန် နေတာတွေ ဘယ့်နှယ်လုပ် အကူအညီ ပေးရ မတုံး … (မပေးနိုင်ပါဘုရား)။ အဲ… သူတို့ ကလဲ တစ်ယောက်နဲ့ တစ်ယောက် အကူအညီ မရှိဘူးတဲ့။ တစ်ယောက် လုပ်နေတဲ့ အလုပ်ရှိရင် နှစ်ယောက်က ထိုင်ကြည့်နေတာပဲ … (မှန်ပါ့)။ မဆိုင်ဘူးတဲ့။ ဒါကြောင့် သူတို့ သည်ကားလို့ ဆိုလို့ ရှိရင်ဖြင့် သီလမဂ္ဂင်တော့ ခေါ်ရပါတယ် ..တဲ့။ ခေါ်တာတော့ ဘယ်လိုကြောင့် ခေါ်ရသတုံး။ ကြဉ်ရှောင်တာလေး တစ်ခုပဲ တူတယ်။ အလုပ်က မတူဘူး … (မှန်ပါ့ဘုရား)။ အဆုံးမှာတော့ သွားတူတယ်နော် … (မှန်ပါ့)။ အင်း.. မနောကံ ကြဉ်ရှောင်တယ်။ ကာယကံ ကြဉ်ရှောင်တယ်။ ၀စီကံ ကြဉ်ရှောင်တယ် ဆိုတော့ ကြဉ်ရှောင် ပုံကလေး တစ်ခုပဲ တူတယ် … (မှန်ပါ့)။ အလုပ်,လုပ်နေတာက … (မတူပါဘုရား)။ မတူဘူးဆိုတာ သေချာ ကြပလား … (သေချာပါပြီ)။ အဲဒါကြောင့် ခင်ဗျားတို့ ၀ိပဿနာ ရှုနေတဲ့ အခါမှာ သူတို့ဟာက မပါနိုင်ဘူး … (မှန်ပါ့)။ သဘောကျပြီလား … (ကျပါပြီ)။ သူတို့က ဘာဖြစ်လို့ မပါနိုင်သတုံး ဆိုရင် တစ်ခုပါလို့ ရှိရင် နှစ်ခု ထွက်သွားတာကိုး … (မှန်ပါ့)။ နှစ်ခုစလုံး ပြိုင်ဝင်တယ်လို့ သူတို့က မရှိဘူး။ ၀ိပဿနာ ရှုနေတဲ့ အချိန်မှာ … (မှန်ပါ)။ သဘောပါကြ ပလား … (ပါ,ပါပြီ)။

ဘယ်ကျမှ ပြိုင်ဝင်မှာတုံး

ဒါဖြင့် ဘယ်ကျမှ ပြိုင်ဝင်မှာတုံးလို့ မေးတဲ့ အခါကျတော့မှ တစ်ခါတည်း နိဗ္ဗာန် အာရုံ ပြုတော့မှပဲ ပြိုင်ဝင်လာတယ် … (မှန်ပါ့ဘုရား)။ နို့မဟုတ် လို့ရှိရင် ပြိုင် ဘယ်တော့မှ မ၀င်ဘူး ဆိုတာ မှတ်ထားပါ … (မှန်ပါ့ဘုရား)။ ဒါကြောင့် ဘုန်းကြီး ပြောနေတယ်။ ဒကာ ဒကာမတွေ ခင်ဗျားတို့ ဆောက်တည်တဲ့ သီလ ကတော့ ပါဏာတိပါတာ ဝေရမဏိ ခင်ဗျားတို့ ဆိုတော့ ဆိုတာပဲ။ အဒိန္နာဒါနာ ဝေရမဏိ ဆိုတာပဲ။ မုသာဝါဒါဝေရမဏိ ဆိုတာပဲ။ ကာယကံလည်း ဆောက်တည်တယ်။ ၀စီကံလည်း ဆောက်တည်တယ်။ မနောကံ ကတော ခင်ဗျားတို့ ဆောက်တည်ရာ မရလို့ ထားပါတော့။

သီလမမြဲတာ အလုပ်မတူလို့

အဲဒါကြောင့် သီလဟာ မမြဲဘူးဆိုတဲ့ ဥစ္စာသည် အလုပ်မတူ လို့ ဆိုတဲ့ အဓိပ္ပာယ် ရှင်းထားကြ … (မှန်ပါ့)။ အလုပ်က … (မတူလို့ပါဘုရား)။ မတူဘူး။ ကာယကံ ကြဉ်ရှောင်တာနဲ့ ၀စီကံ ကြဉ်ရှောင်တာနဲ့ဟာ ဦးသံဒိုင် တခြားစီ … (မှန်ပါ့)။ အဲဒါကြောင့် သူတို့သည် အနိယတ စေတသိက်လို့ သဂြုင်္ိလ်မှာ ရေးတယ်နော် … (မှန်ပါ့) ။ ၀ိရတီစေတသိက် လို့လဲ ရေးတယ်။ အနိယတ စေတသိက် ဆိုတာ တစ်ခုဝင်ရင် တစ်ခု မရှိဘူးဟေ့။ မမြဲဘူးကွ … (မှန်ပါ့)။ ၀ိရတီစေတသိက် ဆိုတာကတော့ ပေါင်းပြီး ခေါ်လိုက်တာ။ အကုန် ကြဉ်ရှောင်တဲ့ တရားတွေ ကွတဲ့ … (မှန်ပါ့)။ သဘောကျပြီလား … (ကျပါပြီ)။ ဒါဖြင့် သြော် ..သူတို့ ကတော့ဖြင့် ထွက်ဝင်ပေမယ့် မဂ်အစစ် ရမှပဲ ပြိုင်ဝင်မှာပဲ ဆိုတာ စောစောစီးစီး မှတ်ထားပါ … (မှန်ပါ့)။ မဂ်ရလို့ ရှိရင်တော့ ပါဏာတိပါတလဲ မလွန်ကျူး၊ မုသာဝါဒလဲ မလွန်ကျူး၊ မိစ္ဆာဒိဋ္ဌိ ဆိုတာလဲ မလာတော့ဘူး။ သူက ပါဏာတိပါတ, အဒိန္နဒါန, ကာမေသုမိစ္ဆာစာရ ကာယကံသုံးပါး။ မုသာဝါဒ, ပိသုစ၀ါစာ, ဖရုသ၀ါစာ, သမ္ဖပ္ပလာပ ၀စီကံ လေးပါး … (မှန်ပါ့)။ မနောကံ ကတော့ဖြင့် အဘဇ္ဈာ, ဗျာပါဒ, မိစ္ဆာဒိဋ္ဌိ ဒါ မနောကံ သုံးပါး … (မှန်ပါ့)။ အဲဒီတော့ ဒီနေ့ည ရှင်းရှင်းကလေး ပြောလိုက်တော့ သဘောပါတဲ့ လူတွေ အားလုံးပဲ နားထောင်ကြပါ။ မိစ္ဆာဒိဋ္ဌိ တစ်လုံးပယ်လိုက်လို့ ရှိရင် အကုန် သီလလဲ လုံသွားတယ် … (မှန်ပါ့)။ သမာဓိကော … (လုံသွားပါတယ်)။

သြော်..ဒါဖြင့် ကာယကံလဲ လုံတယ်။ ၀စီကံလဲ လုံတယ်။ မိစ္ဆာဒိဋ္ဌိ တစ်လုံး ပယ်လိုက်တာနဲ့ အဘိဇ္ဈာ, ဗျာပါဒ တွေလဲ လုံဆိုတော့ သမ္မာဒိဋ္ဌိ မဖြစ်လာ သရွေ့  ကာလပတ်လုံး ဟာဖြင့် သီလလဲ မမြဲဘူး…(မှန်ပါ့)။ ရှင်းပလား… (ရှင်းပါပြီဘုရား)။ သမ္မာဒိဋ္ဌိ မဖြစ်လာ သေးသရွေ့ ကာလပတ်လုံး … (သီလလဲ မမြဲပါဘုရား)။

ဒိဋ္ဌိပယ်နိုင်မှ သီလမြဲတယ်

ကဲ.. သမ္မာဒိဋ္ဌိ ဖြစ်သွားပြီ။ အစစ် ဖြစ်သွားပြီ ဆိုလို့ ရှိရင် ခင်ဗျားတို့ သီလဟာ မြဲပြီ … (မှန်ပါ့)။ ဒါဖြင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဟောတဲ့ အတိုင် ခင်ဗျားတို့ ဖြစ်စဉ် အတိုင်း ဒိဋ္ဌိ ပယ်နိုင်ရင် သီလမြဲတယ် … (မှန်ပါ့)။ ဒိဋ္ဌိ မပယ်နိုင်သေးရင် … (သီလမမြဲပါဘုရား)။ ဒိဋ္ဌိဟာ သီလ ပျက်စေတာလဲ ဒိဋ္ဌိပဲ … (မှန်ပါ့)။ ရှင်းပလား … (ရှင်းပါပြီ)။ သမာဓိ ပျက်စေတာလဲ … (ဒိဋ္ဌိပါဘုရား)။ ၀ိပဿနာ ပျက်စေတာလဲ … (ဒိဋ္ဌိပါဘုရား) ။ ဒိဋ္ဌိပဲ။ သောတာပန်တည် သွားတော့ ၊ ဒိဋ္ဌိတစ်လုံးပယ်ရင် ၀ိစိကိစ္ဆာ အလိုလို သွားတာပဲ … (မှန်ပါ့)။ ရှင်းပလား … (ရှင်းပါပြီ)။ အဲဒီတော့ သူ တစ်လုံး ပယ်လိုက်လို့ ရှိရင် သီလကလဲ မြဲတယ် … (မှန်ပါ့)။ သမာဓိကလည်း … (မြဲပါတယ်ဘုရား)။ ပညာကလည်း … (မြဲပါတယ် ဘုရား)။

ပညာဆိုတော့ သူက သမ္မာဒိဋ္ဌိ ၀င်လာကတည်းက မိစ္ဆာဒိဋ္ဌိ ကလည်း ပြေးရတာကိုး … (မှန်ပါ့)။ သဘောပါကြ ပလား … (ပါ,ပါပြီ)။ သြော်..ဒါဖြင့် မဂ္ဂင် ရှစ်ပါးမှာ ငါတို့သည်ကား လို့ ဆိုရင်ဖြင့် အပါယ်ရောက်ကြောင်း မှာဖြင့် ဒီ ဒိဋ္ဌိ မပြုတ်သရွေ့  ကာလပတ်လုံး ဘယ်သီလ မှလဲ အားကိုးလို့ မရသေးပါ ကလား … (မှန်ပါ့)။ ပေါ်လာတယ် … (ပေါ်ပါတယ် ဘုရား)။ ဘယ်သီလမှ … (အားကိုးလို့ မရသေးပါ ဘုရား)။ အားကိုးလို့ မရဘူး။ ပျက်နိုင်တာ ချည်းပဲ… (မှန်ပါ့)။ မိစ္ဆာဒိဋ္ဌိ ရှိနေရင် …(ပျက်စီးနိုင် တာချည်းပါဘုရား)။ ပျက်စီး နိုင်တာချည်း ပဲ ဆိုသောကြောင့် ခင်ဗျားတို့ အသေအချာ မှတ်ပါတဲ့။ သီလ ၀ိသုဒ္ဓိ ဖြစ်ရုံနဲ့ ဘာမှ မလုံလောက် သေးဘူး ဆိုတာ မှတ်ထားရမယ် … (မှန်ပါ့)။ လုံလောက် လို့ ရှိရင် ဒိဋ္ဌိ ၀ိသုဒ္ဓိလို့ နောက်ထပ် ဘုရား ဟောဖို့ မလိုဘူး … (မှန်ပါ့)။ လိုသေးသလား … (မလိုပါဘုရား)။ ပေါ်ကြပလား … (ပေါ်ပါပြီဘုရား)။ သီလ၀ိသုဒ္ဓိ ပြီးတော့ ဒိဋ္ဌိ ၀ိသုဒ္ဓိ ဘုရားဟောတယ်။ အဲဒါ ဘာဖြစ်လို့ ဟောပါလိမ့်။ အို ..ငါ ဟောရမယ် ကွတဲ့။ ဒီဟာ ကျင့်စဉ်တဲ့ … (မှန်ပါ့)။ ရှင်းပလား … (ရှင်းပါပြီ)။ သီလ ၀ိသုဒ္ဓိပြီးရင် ဘာဟော ရမတုံး … (ဒိဋ္ဌိဝိသုဒ္ဓိ ဟော ရပါမယ်ဘုရား)။ ဒိဋ္ဌိဝိသုဒ္ဓိ ဟောရမယ်တဲ့။ ဘာ ကြောင့်တုံး ဆိုတော့ သီလ၀ိသုဒ္ဓိနဲ့က ဘာမှ အပါယ်လေးပါး တံခါး ပိတ်တဲ့ တရားက မပါ သေးဘူးကွ တဲ့ … (မှန်ပါ့)။ ဒိဋ္ဌိက ကျန်နေသေးတယ် … (မှန်ပါ့)။ ဒိဋ္ဌိကြောင့် အပါယ် ကျရတာကိုး..။

ဧရကပတ္တ နဂါးကြီး

ဒါဖြင့် ဒိဋ္ဌိဝိသုဒ္ဓိကို ဦးသံဒိုင် တက်ရလိမ့်မယ် … (မှန်ပါ့)။ မတက်ရင် … (မဖြစ်ပါဘုရား)။ မဖြစ်ဘူး ..တဲ့။ ဟို ..ဧရကပတ္တ တို့ ကြည့်ပါလား။ နှစ်ပေါင်း နှစ်သောင်း ရဟန်းတရား ဖြူစင်ပါတယ်နော် … (မှန်ပါ့)။ သို့သော်လည်း ဒိဋ္ဌိ မပြုတ်တော့ကို ခုနင်က သံသယကုက္ကုစ္စ က နေပြီးတော့ တိရစ္ဆာန်ဘုံ တွန်းချလိုက်တယ် … (မှန်ပါ့)။ တွန်းချလိုက်တယ်။ ဒါ..ဒိဋ္ဌိမပြုတ်လို့ …(မှန်ပါ့)။ ဒိဋ္ဌိ မပြုတ်တဲ့အတွက် နဂါး ဖြစ်ရ ရှာတယ်။ တိဿရဟန်းကြီး သန်းဖြစ်ရတယ်။ ဒါ ဒိဋ္ဌိ မပြုတ်လို့ … (မှန်ပါ့)။ ဒိဋ္ဌိသာ ပြုတ်ရင် သန်းဖြစ်စရာ အကြောင်း မရှိဘူး … (မရှိပါဘုရား)။ မရှိဘူးတဲ့။ နို့.. သီလ မရှိဘူးလား ဆိုတော့ သီလတော့ သူ အနှစ် နှစ်သောင်း ကြိုးစားထားတာ … (မှန်ပါ့) သို့သော် ဒိဋ္ဌိက မပြုတ်သေးတော့ ၀ိစိကိစ္ဆာ ကုက္ကုစ္စတွေက လာတော့ တာပဲ … (မှန်ပါ့)။ သူ့ အဖော်တွေကိုး … (မှန်ပါ့)။ အဲဒါ ဒိဋ္ဌိရှိလို့ ဒါတွေလာတာ …(မှန်ပါ့)။ ဒိဋ္ဌိမရှိရင် … (မလာပါဘုရား)။

သီလနဲ့ စိတ်မချရသေး

အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ယနေ့ အရေးတကြီး ပြောလာတာက ဒကာ ဒကာမတို့ ဒိဋ္ဌိ ဖြုတ်ကြနော် … (မှန်ပါ့)။ သီလနဲ့ စိတ်မချရသေးဘူး … (မှန်ပါ့)။ သဘောပါပလား … (ပါ,ပါပြီဘုရား)။ သီလနဲ့ … (စိတ်မချ ရသေးပါ ဘုရား)။ အနှစ် နှစ်သောင်း အားထုတ် ထားတဲ့ သီလဟာ ဒိဋ္ဌိ ရှိနေတာနဲ့ ဦးသံဒိုင် ခုနင်က နဂါးကြီး ဖြစ်သွားတယ် … (မှန်ပါ့)။ ဘုရား ကျောင်းတော်မှာ နေတဲ့ တိဿရဟန်းကြီးဟာ တစ်ခါတည်း ဒိဋ္ဌိ မပြုတ်သေး တာနဲ့ စုတေသည်နှင့် တစ်ပြိုင်နက်တည်း သန်း သွားဖြစ်တယ် … (မှန်ပါ့ဘုရား)။ မဖြစ်ဘူးလား … (ဖြစ်ပါတယ်ဘုရား)။ ဒါတွေကို ထောက်ကြည့် လိုက်တဲ့အခါ ကျတော့ သြော် … စတူဟာ ပါယေဟိစ ၀ိပ္ပမုတ္တော အပါယ်လေးပါးမှ လွတ်တယ် ဆိုတာ ဒိဋ္ဌိ ပြုတ်မှ ပါလား … (မှန်ပါ့)။ ပေါ်ကြပလား … (ပေါ်ပါပြီဘုရား)။ အပါယ်လေးပါး လွတ်ဖို့ဆိုတာ … (ဒိဋ္ဌိပြုတ်မှ ပါ)။ ဒိဋ္ဌိ မျိုးစေ့လို့ ဘုန်းကြီးက နေ့တိုင်း လိုလို ပြောတဲ့ဥစ္စာက ခင်ဗျားတို့ ရှင်းသွားပြီ … (ရှင်းသွားပါပြီ)။ ရှင်းသွားပြီတဲ့။

သက္ကာယဒိဋ္ဌိ အရင်ခွာ

ဒါဖြင့် ဒီ့ပြင် အလုပ်တဲ့။ ဘယ် အလုပ်ကို တို့ ပိုမိုပြီး အရေးတကြီး ခွာရမလဲ၊ ရှင်းရမလဲ လို့ မေးလို့ ရှိရင် ဒိဋ္ဌိပဲ … (မှန်ပါ့)။ သက္ကာယဒိဋ္ဌိ၊ ရှင်းပလား … (ရှင်းပါပြီ ဘုရား)။ သက္ကာယဒိဋ္ဌိ ခွာပြီးလို့ ရှိရင် သဿတ ဥစ္ဆေဒလဲ မလာဘူး … (မှန်ပါ့)။ သဘော ပါပလား … (ပါ,ပါပြီဘုရား)။ သက္ကာယ မပြုတ်သေး လို့ရှိရင် ပွားလာတာပဲ … (မှန်ပါ့)။ သဿတ ရင်လဲ လာပစ်လိုက်တာပဲ။ ဥစ္ဆေဒရင်ကော … (လာပါတယ်ဘုရား)။ ဒါ ဘယ်သူက မူတည်လိုက် တာတုံး … (သက္ကာယက မူတည် တာပါဘုရား)။ ဒွါသဋ္ဌိ ဒိဋ္ဌိယော ဥပ္ပဇ္ဇမာနာ သက္ကာယဒိဋ္ဌိ ပမုခေနေ၀ ဥပ္ပဇ္ဇန္တိ တဲ့၊ အဋ္ဌကထာက … (မှန်ပါ့)။ ဒွါသဋ္ဌိ ဒိဋ္ဌိယော ခြောက်ဆယ့် နှစ် ပါးသော ဒိဋ္ဌိတို့သည်၊ ဥပ္ပဇ္ဇမာနာ ဖြစ်ကုန်သည် ရှိသော်၊ သက္ကာယ ဒိဋ္ဌိ ပမု ခေနေ၀ သက္ကာယ ဒိဋ္ဌိ အဦး ရှိသဖြင့် သာလျှင်၊ ဥပ္ပဇ္ဇန္တိ ဖြစ်ကုန်၏..တဲ့ … (မှန်ပါ့)။ ခြောက်ဆယ့် နှစ်ပါးသော ဒိဋ္ဌိဟာ သူရှိလို့ ဖြစ်လာတာ … (မှန်ပါ့)။ ရှင်းပလား … (ရှင်းပါပြီဘုရား)။

အရေးကြီးတာသူ

ခြောက်ဆယ့် နှစ်ပါးသော ဒိဋ္ဌိတို့သည် … (သက္ကာယဒိဋ္ဌိကြောင့် ဖြစ်ပါတယ်)။ အေး..ဒါကြောင့် ဒွါသဋ္ဌိ ဒိဋ္ဌိယော ဥပ္ပဇ္ဇမာနာ သက္ကာယဒိဋ္ဌိ ပမုခေနေ၀ ဥပ္ပဇ္ဇန္တိ သက္ကာယ ဒိဋ္ဌိ ခေါင်းဆောင် ရှိမှ ဖြစ်တယ်ကွ .. တဲ့ … (မှန်ပါ့)။ သဘောကျပလား … (ကျပါပြီဘုရား)။ ဒါဖြင့် သီလကလေး ဆောက်တည်ယုံနဲ့ ၀မ်းထဲလဲ ဒိဋ္ဌိ မပြုတ်သေးတော့ သြော် … ငရဲ မျိုးစေ့ ငါ့ဝမ်းထဲ ရှိသေး တယ်မှတ် … (မှန်ပါ့)။ သဘောပါကြပလား … (ပါ,ပါပြီဘုရား)။ ဒါန ပြုရုံနဲ့ ၀မ်းထဲလဲ သက္ကာယ ဒိဋ္ဌိ မပြုတ်သေးရင် ငါ့ ၀မ်းထဲ ငရဲ မျိုးစေ့ ရှိသေးတယ်မှတ် … (မှန်ပါ့)။ ပြုတ်ပလား ၊ ငရဲမျိုးစေ့ … (မပြုတ်သေးပါ ဘုရား)။ မပြုတ်သေး တော့ကို မထမမဂ်မှာ အဋ္ဌကထာ ဆရာများ ဖွင့်တာ သိပ်ကောင်းတယ်. ပထမမဂ် ဟာကွာ … ဘာကြောင့် နိဗ္ဗာန်ရတယ် ဆိုတာ ငါ ရှည်ရှည် မပြောချင်ပါဘူး။ ဒိဋ္ဌိ ဖြုတ်လို့ ရသွားတာဟေ့ … (မှန်ပါ့)။ ကဲ ..မရှင်းကြ သေးဘူးလား … (ရှင်းပါပြီဘုရား)။ ပထမ မဂ် ဘယ့်နှယ်ကြောင့် ရသတုံး … (ဒိဋ္ဌိ ပြုတ်လို့ ရပါတယ် ဘုရား)။ ပထမ မဂ် ရခြင်း၏ အကြောင်း ဟာဖြင့် ဒီ့ပြင် ဟာကြောင့် ရတယ် မင်းတို့ မယူနဲ့တဲ့။ ဒိဋ္ဌိနိရောဓော နိဗ္ဗာန် ပဲကွတဲ့ … (မှန်ပါ့)။ ဒိဋ္ဌိ ချုပ်လို့ ရသွားတာ … (မှန်ပါ့)။ ဒိဋ္ဌိ မချုပ်ရင် … (မရပါဘုရား)။ အဲဒါကြောင့် ဒီ ဒကာ ဒကာမတွေမှာ ထပ်ပြန် တလဲလဲ ပြောတယ်လို့ ခင်ဗျားတို့ မယူဘဲနဲ့ သြော် .. အရေးကြီးတာ သူပါလား ဆိုတာကို ဆုံးဖြတ်ချက် ချပါ … (မှန်ပါ့)။ ဘယ်လို မှတ်ကြမယ် … (အရေးကြီးတာ သူပါဘုရား)။ အရေးကြီးတာ သူပါလား။ သူ မပြုတ်သေး သရွေ့  ကာလ ပတ်လုံးဖြင့် အင်း .. ငါ့သီလ ဆိုတဲ့ သဘောမျိုးကိုပဲ ငါ့ အားကိုး ရှိပြီ ဆိုတာ မျိုးကို မယူပါနဲ့ … (မှန်လှပါ)။ ငါ့ ဒါန အတော် ခရီးပေါက်နေပြီလို့ သူမပြုတ်ဘဲနဲ့ မယူလိုက်ပါနဲ့ … (မှန်ပါ့ဘုရား)။ တစ်နေ့က ပြောသလိုပဲ ကောင်းကင်ပျံတက်တဲ့ ငှက် အဆိပ်ပါသွားရင် ပြန်ကျမယ်လို့ … (မှန်ပါ)။ လန့်ပျံ သာပျံမယ်။ အကျ မလွတ်ဘူး … (မှန်လှပါ)။ ရှင်းပလား … (ရှင်းပါပြီဘုရား)။ လန့်ပျံတော့ … (အကျ မလွတ်ပါ)။ မြားကလေးနဲ့ ပစ်လိုက်တဲ့ အခါ အဆိပ်ကလေးက ထိသွားတော့ လန့်တော့ ပျံနိုင်တာပေါ့။ အဆိပ် ကလေးက ပြန့်မှ မပြန့် သေးဘဲ … (မှန်ပါ့)။ မပြန့်တဲ့ အချိန် ပျံနိုင်တယ်။ ပြန့်တဲ့ အချိန် ပြန်ကျမယ်။ သဘောကျပြီလား … (ကျပါပြီ ဘုရား)။ အဲဒါကြောင့် ဘာကို အရေးတကြီး ဖြုတ်ရမယ်ဆိုတာ … (သက္ကာယဒိဋ္ဌိ အရေးတကြီး ဖြုတ်ရ ပါမယ် ဘုရား)။ သက္ကာယဒိဋ္ဌိ အရေး တကြီးဖြုတ် … (မှန်ပါ့)။

သက္ကာယဒိဋ္ဌိ ဖြုတ်နည်း

သက္ကာယဒိဋ္ဌိဖြုတ်နည်းက တစ်ခုသော ဓမ္မကလေး ပေါ်လာလို့ ရှိရင် အနိစ္စ, ဒုက္ခ, အနတ္တတွေပဲ။ ငါ့ကိုယ်, ငါ့ဟာ, ငါ့ဥစ္စာ မဟုတ်ပါလား။ ဒီလို ခင်ဗျားတို့ သူ အနိစ္စ ပြလို့ သြော် ... ဒါကြောင့် မာနစင် ရတယ်။ ဒုက္ခပြရင် လောဘစင်တယ်။ အနတ္တ ပြရင် ဒိဋ္ဌိစင်တယ်။ သဘောကျ ပြီလား … (မှန်ပါ့)။ အဲဒီတော့ သူပြုတ်သွား လို့ရှိရင် ပပဉ္စက ပြုတ်တယ် … (မှန်ပါ့)။ ရှင်းပလား … (ရှင်းပါပြီဘုရား)။ သက္ကာယ ဒိဋ္ဌိ ပြုတ်သွားရင် … (ပပဉ္စပြုတ်ပါတယ် ဘုရား)။ အဲ .. ငါ့ကိုယ်, ငါ့ဟာ, ငါ့ဥစ္စာ မဟုတ်ဘူးဆိုတာ ရှုနိုင်ရမယ် … (မှန်ပါ့)။ ဖြစ်ပျက် တရားတွေကို ငါ့ ကိုယ်လဲ မဟုတ်ဘူး။ ငါ့ဟာလဲ မဟုတ်ဘူး။ ငါ့ဥစ္စာလဲ မဟုတ်ဘူး ရှုနိုင်ရမယ်။ ရှုနိုင်လို့ ရှိရင်ဖြင့် ဒါ သပ္ပုရိသာနံ အဒဿာဝီ ဆိုတဲ့ အတိုင်း သူတော်ကောင်းကို မမြင်သေးဘူး ဆိုငြား သော်လဲ ဒီလို ရှုတတ်တဲ့ ပုဂ္ဂိုလ်ကျတော့ သူတော်ကောင်းတရား မြင်သွားပြီ … (မှန်ပါ့)။ ပေါ်ကြပြီလား … (ပေါ်ပါပြီုဘုရား)။ သူတော်ကောင်း တရား မြင်သွားပါပြီတဲ့။ ဒါဖြင့် သက္ကာယဒိဋ္ဌိလောက် အရေးကြီးတဲ့ တရားကဖြင့် မရှိဘူး ဆိုတဲ့ ဥစ္စာ သူ ဖြုတ်ပြီးလို့ ရှိရင်လဲ ဥပမာ … ဦးသံဒိုင်တို့ မှတ်စရာက ခင်ဗျားတို့ အိပ်နေ၊ သု့ကို တကယ်သာ မဂ်နဲ့ ဖြုတ်ပြီး သကာလ အိပ်သာနေတော့ သူမရှိလို့ ရှိရင် အထက် နိဗ္ဗာန်ကို တားမည့် တရား ကို မရှိဘူး … (မရှိပါဘုရား)။

အထက်နိဗ္ဗာန်တွေကို … (တားမည့်တရား မရှိပါဘုရား)။ သကဒါဂါမ်မြင်တဲ့ နိဗ္ဗာန်၊ အနာဂါမ် မြင်တဲ့ နိဗ္ဗာန်၊ ရဟန္တာမြင်တဲ့ နိဗ္ဗာန်၊ နိဗ္ဗာန်ကလည်း ရှိသေးတာကိုး … (မှန်ပါ့)။ အဲဒီ နိဗ္ဗာန်တွေကို ဘယ်နည်းနဲ့မှ မတားဘူး။ သူ့ဟာသူပဲ တက်သွား တာပဲ … (မှန်ပါ့ဘုရား)။ ကိုယ်ကလည်း အားထုတ်ချင်တဲ့ စိတ်ကလဲ ပေါ်လာတာပဲ။ မပေါ်ပါနဲ့ ဆိုလို့ မရဘူး။ ဒိဋ္ဌိ ပြုတ် ပြီးသား လူက … (မှန်ပါ့)။ သူ့ဟာသူ ပေါ်သွားတာ။ အထက်မဂ် တွေကို၊ အရှင်ဘုရား တပည့်တော်ကို အထက်မဂ် ရကြောင်း တရား ဟောပါဦးလို့ မလိုဘူးတဲ့။ ဒိဋ္ဌိပြုတ် ပြီးသား ပုဂ္ဂိုလ် … (မှန်ပါ့)။ ဘာဖြစ်လို့တုံး။ သောတာပတ္တိမဂ်သာ ရခြင်း၏ အကြောင်း လေးပါး ဟောတာကိုး … (မှန်ပါ့)။ သကဒါဂါမိမဂ် ရခြင်း၏ အကြောင်းလေးပါးလို့ ဘုရားက မဟောတော့ ပါဘူး… (မှန်ပါ့)။ အနာဂါမိမဂ် ရခြင်း၏ အကြောင်း၊ ရဟန္တာဖြစ်ခြင်းအကြောင်း …(လေးပါးလို့ မဟောပါ ဘုရား)။ အဲ … သောတာပန် ဖြစ်ခြင်း၏ အကြောင်းသာ လေးပါး ဟောပါတယ် … (မှန်ပါ့)။

သောတာပန် ဖြစ်ဖို့ အကြောင်းလေးပါး

သူတော်ကောင်းနဲ့ ပေါင်းရမယ်။ သဘောကျပြီလား … (ကျပါပြီဘုရား)။ တရားနာ ရမယ် … (မှန်ပါ့)။ နှလုံးသွင်း ကောင်းရ မယ် … (မှန်ပါ့)။ အပျက်နဲ့ မဂ်နဲ့ ကိုက်ရမယ် … (မှန်ပါ့)။ ဒါ ဘယ်မှာ ဟောတာတုံး။ သောတာပန် တည်ခြင်း အကြောင်း ဟောတာ … (မှန်ပါ့ဘုရား)။ သကဒါဂါမ် တည်ခြင်း၏ အကြောင်း ငါ မဟောပါဘူးတဲ့ … (မှန်ပါ့)။ အနာဂါမ် တည်ခြင်း အကြောင်း … (မဟောပါဘုရား)။ ရဟန္တာ ဖြစ်ခြင်း၏ အကြောင်း … (မဟောပါ ဘုရား)။ လေးပါးရှိ သေးတယ်ကွ။ လေးပါး ရှိသေးတယ်ကွနဲ့ ထပ်ထပ် မလာဘူး … (မှန်ပါ့ဘုရား)။ လာရဲ့ လား … (မလာပါ ဘုရား)။ ဒါဖြင့် သောတာပန် တည်တာ ကလဲ ဒိဋ္ဌိ ပြုတ်လို့ တည်တာ … (မှန်ပါ့)။ ဒိဋ္ဌိ ပြုတ်ရင် ယနေ့ ထူးထူးခြားခြား မှတ်ပါ၊ ၀ိစိကိစ္ဆာ မကျန်ဘူး … (မှန်ပါ့)။ ဒိဋ္ဌိ ပြုတ်ရင် … (၀ိစိကိစ္ဆာ မကျန်ပါ ဘုရား)။ အင်္ဂုတ္တိုရ်မှာ သေသေ ချာချာ လာတယ်။ ဒိဋ္ဌိ ပြုတ်တဲ့ ပုဂ္ဂိုလ် ၀ိစိကိစ္ဆာ မကျန်ပါ ဘူး တဲ့။ စာမှာသာ ရေးထားတာပါတဲ့။ ဒိဋ္ဌိပြုတ်ရင် ၀ိစိကိစ္ဆာ အလိုလို ပြုတ်တယ် … (မှန်ပါ့)။ သဘော ပါ,ပလား … (ပါ,ပါ ပြီဘုရား)။ ဒိဋ္ဌိ ပြုတ်ရင် … (၀ိစိကိစ္ဆာ အလိုလို ပြုတ်ပါတယ် ဘုရား)။ အဲ.. ၀ိစိကိစ္ဆာ အလိုလို ပြုတ်တယ်လို့ မှတ်ထားလိုက် ပါဆိုတော့ သြော်.. ဒါဖြင့် ဒိဋ္ဌိ ပြုတ်တဲ့ ပုဂ္ဂိုလ်များမှာ အထက် ကျင့်စရာ ဘယ်နှစ်ပါး ရှိသေးသတုံးလို့ မမေးနဲ့တော့ … (မှန်ပါ့)။ ဒိဋ္ဌိ ပြုတ်တယ် ဆိုလို့ ရှိရင် သူ့ဟာသူ နှိုးဆော် သွားတယ် … (မှန်ပါ့)။

ရဲရင့်သွားတယ်

ကဲ ...တစ်ခါ ဝေသာရဇ္ဇပတ္တော .. ဆိုတဲ့ ဥစ္စာက ရဲရင့် သွားတယ် လို့ ပြောတယ် … (မှန်ပါ့)။ ဒိဋ္ဌိ ပြုတ်ပြီးသား ပုဂ္ဂိုလ် ကျတော့လဲ သူသည် အထက်မဂ်, အထက်ဖိုလ်သာ လဲလျောင်းရာ ရှိတော့တယ် ဆိုတဲ့ ဥစ္စာက ဘုရားက သေသေချာချာ ဟောတယ် … (မှန်ပါ့)။ ဒိဋ္ဌိ ပြုတ်ရင် အထက်မဂ်, အထက်ဖိုလ်သာ သူရဖို့ ရှိတော့တယ်။ မရပါနဲ့ လို့ တားရင်ကော … (မရပါဘုရား)။ မရဘူးတဲ့။ ဒါဖြင့် နဂို တားထားတာ ဒိဋ္ဌိပဲ … (မှန်ပါ့)။ မပေါ် သေးဘူးလား … (ပေါ်ပါပြီ ဘုရား)။ နဂို တားထားတာ … (ဒိဋ္ဌိပါ ဘုရား)။ ကဲ ..အားလုံးသော ပုဂ္ဂိုလ်တို့မှာ ဒိဋ္ဌိ အရေးကြီးပုံကို မဂ်လေးပါးနဲ့ ဆင်ပြလိုက်တော့မှ သောတာပန် ပုဂ္ဂိုလ်ဟာ ဒိဋ္ဌိ ပယ်ပြီးသား ဖြစ်တော့ အထက်မဂ်သာ လဲလျောင်းရာ ရှိတော့ တယ်လို့ ဘုရားက ဟော လိုက်တယ် … (မှန်ပါ့)။ သောတာပန် တည်ပြီးသား ပုဂ္ဂိုလ်များ … (အထက်မဂ်သာ လဲလျောင်းရာ ရှိပါ တော့တယ်ဘုရား)။ အထက်မဂ်သာ ရဖို့ ရှိတော့တယ် ပြောတာ။ စာလိုသုံးလို့ လဲလျောင်းရာ ရှိတော့ တယ်ပြော နေတာ … (မှန်ပါ့)။ သေသေချာချာ ဆိုတော့ သူဟာ အထက်မဂ် သာလျှင် သွားဖို့ ရှိတော့တယ် လို့ ပြောလိုက်ခြင်းသည် ဒိဋ္ဌိ ပြုတ်ပြီးသား ပုဂ္ဂိုလ်မို့ ရဲ,ရဲ တင်းတင်း ဟောတာ … (မှန်ပါ့ဘုရား)။ ရှင်းကြပလား … (ရှင်းပါပြီ ဘုရား)။ ဒါဖြင့် ဘာ အရေးကြီး ပါလိမ့် … (သက္ကာယဒိဋ္ဌိ ပြုတ်ဖို့ အရေး ကြီး ပါတယ် ဘုရား)။ အေး.. သက္ကာယဒိဋ္ဌိ ပြုတ်ဖို့ပဲ အရေးကြီးတယ် … (မှန်ပါ့)။ သက္ကာယ ဒိဋ္ဌိ ပြုတ်လို့ ရှိရင် သကဒါဂါမ် ဖြစ်ရ ပါလို၏ ဆုမတောင်းနဲ့ … (မှန်ပါ့)။ အနာဂါမ် ဖြစ်ရ ပါလို၏… (ဆုမတောင်း ရပါဘုရား)။ ဆုမတောင်းနဲ့ ဒီမဂ်က ဆောင်သွားလိမ့်မယ် … (မှန်ပါ့)။ ရဟန္တာ ဖြစ်အောင်လည်း သူပဲ ဆောင်တော့မယ်..။

ဝါသာခါ ခုနှစ်ဘဝ

ဒါဖြင့် မဂ် လေးခု စလုံးမှာ ဒကာ ဒကာမတို့ တားနိုင်တာ ကဖြင့် ဒိဋ္ဌိပဲ … (မှန်ပါ့)။ မဂ်လေးခု စလုံး တားနိုင်တာ … (ဒိဋ္ဌိပါ ဘုရား)။ သူ့လဲ ပယ် ပြီးပါရော အထက်မဂ်တွေ အတွက် တရားအားထုတ်စရာ၊ ပယ်စရာ၊ ဒီ့ပြင် ဟာတွေကို ရပ်နားပြီး သကာလ ကိုယ်နေချင်သလို နေတန် နေရမယ်။ နောက်ဆုံးပိတ်တစ်နေ့ နေလို့ မရတဲ့ဆီ ပြန်ရောက်တယ်… (မှန်ပါ့)။ သဘောပါ ပလား … (ပါ,ပါပြီ)။ ၀ိသာခါ ကိလော ထူပြောတဲ့ ပုဂ္ဂိုလ်မို့ ခုနစ်ဘ၀ ကနေ ခုနစ်ဘ၀ထက် ပိုနေလို့ ရသေး သလား ဆိုတော့ ဒိဋ္ဌိ ပြုတ်ပြီးသား ပုဂ္ဂိုလ်မို့ နေလို့ကို မရဘူး … (မှန်ပါ့)။ ရှင်းပလား … (ရှင်းပါ ပြီဘုရား)။ ကောင်းပြီ ..၊ ဒါဖြင့် ဘာအရေး ကြီးသတုံး … (ဒိဋ္ဌိပြုတ်ဖို့ အရေး ကြီးပါတယ် ဘုရား)။ ဒိဋ္ဌိ ပြုတ်ဖို့ အရေးကြီးတယ် ဆိုတာ ပေါ်လာကြပြီ … (ပေါ်လာပါပြီ ဘုရား)။ ကောင်းပြီ ..၊ ဒိဋ္ဌိ ပြုတ်ချင်လို့ ရှိရင် ခင်ဗျားတို့ လွယ်ပါတယ်။ ပရမတ် တွေ့တိုင်း, တွေ့တိုင်း သြော် .. ငါ့ကိုယ်, ငါ့ဟာ, ငါ့ဥစ္စာ မဟုတ်ဘူးလို့ ရှု,ရှုပေး … (မှန်ပါ့)။ ပရမတ်ကလေး တစ်ခု တွေ့တိုင်း, တွေ့တိုင်း … (ငါ့ကိုယ်, ငါ့ဟာ, ငါ့ဥစ္စာ မဟုတ်ဘူးလို့ ရှုပေးရ ပါမယ် ဘုရား)။ အဲ.. ငါ့ကိုယ် ဆိုတာ တဏှာ၊ ငါ့ဟာ ဆိုတာ မာန၊ ငါ့ဟာ မထိနဲ့ လာတာကိုး … (မှန်ပါ့)။ ဒါကြောင့် မာန ပြောလိုက်တယ် … (မှန်ပါ့)။ ငါ့ဥစ္စာ ဆိုတာက တကယ် သိမ်းပိုက် တာမို့ ဒိဋ္ဌိ … (မှန်ပါ့)။ ဒါဖြင့် တစ်ခုသော တရားထဲကို ငါ့ကိုယ်, ငါ့ဟာ, ငါ့ဥစ္စာ မဟုတ်ဘူး။ ဒါကလေးဟာ ဖြစ်ပြီး ပျက်တတ်တဲ့ သဘော သက်သက်ပဲလို့သာ ခင်ဗျားတို့ ဉာဏ်ထဲမှာ ရှုနေကြမယ် ဆိုလို့ ရှိရင်ဖြင့်တဲ့၊ ဒါ ဒိဋ္ဌိ မဖြစ်တာပဲ လို့ ဓမ္မဒိန္နာက သေသေ ချာချာ ဟောတယ် … (မှန်ပါ့ဘုရား)။ သဘောပါကြပလား … (ပါ,ပါပြီဘုရား)။ ဒိဋ္ဌိ ဖြစ်တဲ့ ပုဂ္ဂိုလ်ကတော့ ငါ့ကိုယ်, ငါ့ဟာ, ငါ့ဥစ္စာ ထင်နေလို့ ဒိဋ္ဌိဖြစ်တာ … (မှန်ပါ့ဘုရား)။ ရှင်းပလား … (ရှင်းပါပြီဘုရား)။

ဒိဋ္ဌိ မဖြစ်တဲ့ ပုဂ္ဂိုလ်ကတော့ ဒီတရား ကလေးဟာ ငါ့ကိုယ်, ငါ့ဟာ, ငါ့ဥစ္စာ မဟုတ်ဘူး။ နေတံမမ နေသောဟမသ္မိ နမေ သောအတ္တာ လို့ ပါဠိ လိုဆိုတာကိုး … (မှန်ပါ့)။ မြန်မာလို ပြန်တော့ ငါ့ကိုယ်, ငါ့ဟာ, ငါ့ဥစ္စာ မဟုတ်ဘူးလို့ ယူနိုင်လို့ ရှိရင် ဒါ ဒိဋ္ဌိ ပြုတ်ပြီ … (မှန်ပါ့)။ ဒိဋ္ဌိတင် မကဘူး။ တဏှာရော မာနရော ရောပြုတ်တယ် … (မှန်ပါ့)။ သဘောပါကြ ပလား … (ပါ,ပါပြီ ဘုရား)။ ဒါဖြင့် ဘာအရေး ကြီးပါလိမ့် မလဲလို့ မေးတဲ့ အခါ ကျလို့ ရှိရင်ဖြင့် ဒီနေ့ည တရားမှာ ဒိဋ္ဌိ ဖြုတ်ဖို့ကို အရေးတကြီး ပြောတာပဲ … (မှန်ပါ့)။

ဒိဋ္ဌိ ဘယ်မှာ ကပ်သလဲ

ဒိဋ္ဌိ ဘယ်မှာ ကပ်နေပါ လိမ့်မတုံးလို့ တစ်ခါ ဆက်မေးတော့ ဒိဋ္ဌိက ခန္ဓာမှာ ကပ်တာပဲ … (မှန်ပါ့)။ ဒိဋ္ဌိက … (ခန္ဓာမှာ ကပ်နေ ပါတယ်ဘုရား)။ ခန္ဓာမှာ ဘယ်လို ကပ်သလဲ ဆိုတဲ့ မေးခွန်းကိုလဲ တစ်ခါ ထပ်ထုတ် ရဦးမယ်နော် … (မှန်ပါ့)။ ခန္ဓာ ကြောင့် ဒိဋ္ဌိ ဖြစ်တာကိုး … (မှန်ပါ့)။ ခန္ဓာ အ၀ိဇ္ဇာ ဖေဿာစ ဆိုတဲ့အတိုင်းပဲ ခန္ဓာကြောင့် ဒိဋ္ဌိ ဖြစ်တာ … (မှန်ပါ့)။ ကောင်းပြီ။ ဒီ ခန္ဓာမှာ ဘယ်လို ကပ်နေတုံးလို့ မေးတဲ့ အခါ ကျလို့ ရှိရင်ဖြင့် သူက ဒိဋ္ဌိ ရိုးရိုးမှ မဟုတ်ဘဲ ဒိဋ္ဌိုပါဒါန် လို့ ဆိုထား တာကိုး …(မှန်ပါ့)။ သဘောကျပြီလား …. (ကျပါပြီ)။ ဒိဋ္ဌိက ရိုးရိုးလား၊ ဒိဋ္ဌိုပါဒါန်လား … (ဒိဋ္ဌိုပါဒါန်ပါဘုရား)။ ဒိဋ္ဌုပါဒါန်လို့ ဆိုလို့ ရှိရင်ဖြင့် ခင်ဗျားတို့ ဒီခန္ဓာထဲမှာ ဝေဒနာဖြင့် ဝေဒနာထဲမှာ၊ သညာဖြင့် သညာထဲမှာ၊ စိတ်ဖြင့် စိတ်ထမြှာ သူသည်ကား လို့ ဆိုလို့ ရှိရင်ဖြင့် အဲဒီမှာ အနုသယ သဘောနဲ့ ဒီခန္ဓာထဲမှာ စူးဝင်နေတယ် … (မှန်ပါ့)။ သဘောကျ ပလား … (ကျပါပြီ ဘုရား)။ ဒီ ခန္ဓာထဲမှာ … (စူးဝင်နေပါတယ် ဘုရား)။ စူးဝင် နေတယ် ဆိုတော့ သူ စူးဝင်နေတယ် ဆိုတော့ သူ စူးဝင်နေတာ သိတဲ့ အခါကျတော့ သြော်.. ဒါ ငါပဲ, ဒါ ငါပဲ ဆိုပြီး ဝေဒနာလာလဲ သူက ငါသွားပြီး စူးတာပဲ … (မှန်ပါ့)။ သညာ လာလဲ ငါ သွားပြီး စူးတာပဲ … (မှန်ပါ့)။ ငါ ဒိဋ္ဌိက သွား,သွား စူးတယ် … (မှန်ပါ့)။

အဲဒီတော့ စူးစရာ မရှိအောင် ခင်ဗျားတို့က လုပ်ဖို့ အရေကြီးတယ် …(မှန်ပါ့)။ သူ စူးစရာ မရှိအောင် လုပ်ဖို့က ဘာပါ လိမ့်မတုံးလို့ မေးတဲ့ အခါကျတော့ ခင်ဗျားတို့ ပရမတ် ကလေးတွေကို ပရမတ် ဖြစ်တဲ့ ဝေဒနာ ကလေးတွေကို ၀ိညာဏက္ခန္ဓာ ဆိုတဲ့ စိတ်ကလေးတေါကို သွားစူး စရာ နေရာ မရှိအောင် ခင်ဗျားတို့က မြင်ရမယ် … (မှန်ပါ့)။ သူ စူးစရာ နေရာ မရှိအောင် မြင်လို့ ရှိရင်ဖြင့် လိုရင်းတော့ ဒါတွေ မခိုင်တာ မြင်ရင် အခု ချက်ချင်း ပျက်သွားတာ မြင်လို့ ရှိရင် သူ မစူးဘူး … (မှန်ပါ)။ တစ်ချက်ချင်း ပျက်သွားတာ။ မမြင်ရင်တော့ … (စူးပါတယ် ဘုရား)။ စူးနေတာပဲ … (မှန်ပါ့)။

ဒိဋ္ဌိဖြုတ်ချင်ရင် ဖြစ်ပျက်ရှု

ဒါဖြင့် ဒိဋ္ဌိ ဖြုတ်ချင်လို့ ရှိရင် ဒီဟာ မြန်မြန် ဖြစ်ပျက် မြင်လေလေ၊ ဖြစ်ပျက် မြန်လေလေ၊ ရှုလိုက်တဲ့အခါ ဝေဒနာကလေး ရှုလိုက်လည်း ဖြစ်ပျက်၊ နောက်ဝေဒနာလဲ ဖြစ်ပြီး ပျက်နေတာပဲ ဆိုလို့ ရှိရင် ဒိဋ္ဌိ ၀င်ခွင့် မရဘူး … (မှန်ပါ့)။ သူ ကြာနေလို့ ရှိရင်ဖြင့် တစ်ခါတည်း နာတာရှည် ဖြစ်နေလို့ ရှိရင် ငါ ခက်ပြီ ဆိုတာ တစ်ခါတည်း မဖြတ်နိုင်လို့ ၀င်လာတာ … (၀င်လာ ပါတယ် ဘုရား)။ နာတာရှည် ဖြစ်နေတော့ … (မဖြတ်နိုင်လို့ ၀င်လာပါတယ်)။ မဖြတ်နိုင်ဘူးတဲ့ ။ ဝေဒနာဟာ တစ်ခုပြီးမှ တစ်ခု ဖြစ်တာကိုး … (မှန်ပါ့)။ တစ်ခုချုပ်ပြီးမှ တစ်ခုဖြစ်၊ တစ်ခုချုပ် ပြီးမှ တစ်ခု ဖြစ်တော့ကို ဉာဏ်က မထိုးနိုင်လို့ ရှိရင်ဖြင့် တစ်ခါတည်း ငါနေတာ ကြာလှပြီ။ ဒီ ဒိဋ္ဌိ ရှိက အကုန် ၀င်ထိုးတာပဲ … (မှန်ပါ့)။ ငါ ကောင်းစားနေတာကို ကြာလှပြီ။ ဒါ မဖြတ်နိုင်လို့ ဖြစ်တာ … (မှန်ပါ့)။ သန္တတိ မဖြတ်နိုင်လို့ ဆိုတာ သေချာ ပလား … (သေချာပါပြီ ဘုရား)။ ဒါဖြင့် ဒိဋ္ဌိ တစ်ခု ပေါ်တိုင်း၊ တစ်ခု ပေါ်တိုင်း ခင်ဗျားတို့ ဖြစ်ပျက်ကို ခဏကလေး ဖြစ်ပြီး ခဏကလေး ပျက်တယ် ဆိုတဲ့ ဥစ္စာကို မြန်မြန် ကြည့်နိုင် လို့ရှိရင် ဒိဋ္ဌိပြုတ် တာပဲ … (မှန်ပါ့ဘုရား)။ မြန်မြန် မကြည့်နိုင်တဲ့ ပုဂ္ဂိုလ်ဖြင့် … (ဒိဋ္ဌိ မပြုတ်သေးပါဘုရား)။ ဒိဋ္ဌိ မပြုတ်ပါဘူး ဆိုတော့ သြော်.. ဒိဋ္ဌိဟာ ခန္ဓာမှီနေတာကို၊ ခန္ဓာ ခိုင်မြဲတယ် ထင်နေလို့ သူမှီနေတာ … (မှန်ပါ့)။ မခိုင်မြဲတာကို သေသေချာချာ မြင်လို့ ရှိရင် သူ ပြုတ်တာပဲ … (မှန်ပါ့) ။ သဘောပါ ပလား … (ပါ,ပါပြီဘုရား)။ ဒါဖြင့် ဒီ ဒကာ ဒကာမတွေမှာ ခဏကလေး ခဏကလေး ခဏမျှတည်တဲ့ ဓမ္မကလေး၊ ခဏမျှတည်တဲ့ ဓမ္မကလေးလို့ မြန်မြန် ခင်ဗျားတို့ စိပ်အောင် ကြည့်ပါ … (မှန်ပါ့)။ စိပ်အောင် ကြည့်ရင် ပြုတ်တော့မယ်သာ မှတ်ပေတော့ … (မှန်ပါ့)။ စိပ်အောင် ကြည့်ရင် … (ပြုတ်တော့မှာ ပါဘုရား)။ ပြုတ်တော့ မှာပဲ ဆိုတာ မသေချာဘူးလား … (သေချာပါတယ်ဘုရား)။ ဒါဖြင့် ဒိဋ္ဌိသည် ဘယ်မှာ ကပ်နေသတုံး … (ခန္ဓာမှာ ကပ်နေ ပါတယ်)။ ခန္ဓာမှာ ဘယ်လို ကပ်နေ ပါလိမ့်မတုံး ဆိုတော့ ခန္ဓာကို တာရှည် တယ် ထင်တဲ့ ပုဂ္ဂိုလ်မှာ ကပ်တယ် … (မှန်ပါ့)။ ခန္ဓာကို … (တာရှည် ထင်တဲ့ ပုဂ္ဂိုလ်မှာ ကပ်ပါတယ်)။ တာရှည်တယ် ထင်တဲ့ ပုဂ္ဂိုလ်၊ ကျုပ်ဝေဒနာလေး ကြာလှပြီ ဆိုရင် ဒိဋ္ဌိ ၀င်ပြီ … (မှန်ပါ့)။ ကျုပ်ဝေဒနာ ကြာလှပြီ ဆိုရင် … (ဒိဋ္ဌိ ၀င်ပါ ပြီဘုရား) ။

ဖြစ်ပျက်စိပ်ဖို့ အရေးကြီးတယ်

ဒါ ကြာရှည်တယ် ထင်တဲ့ ပုဂ္ဂိုလ်မှာ ဒိဋ္ဌိဝင်တယ် … (မှန်ပါ့)။ အခု ဖြစ်ပြီး အခု ပျက်နေတဲ့ ပုဂ္ဂိုလ်မှာ ၀င်ခွင့်ကို မရဘူး … (မရပါဘုရား)။ သဘောပါပလား … (ပါ,ပါပြီဘုရား)။ ဒါဖြင့် ဒိဋ္ဌိသည် ဒကာ ဒကာမတို့ ဖြစ်ပျက် စိပ်ဖို့ အရေး ကြီးတယ် … (မှန်ပါ့)။ ဘယ်လို မှတ်ကြမယ် … (ဖြစ်ပျက် စိပ်ဖို့ အရေးကြီး ပါတယ်ဘုရား)။ ဖြစ်ပျက်စိပ်ဖို့ အလွန် အရေးကြီးပါတယ် တဲ့။ ဖြစ်ပျက် မစိပ်သေး လို့ ရှိရင် ဒိဋ္ဌိ ကြားခိုမှာပဲ … (ခိုမှာပါဘုရား)။ မခိုပေဘူးလား … (ခိုပါတယ် ဘုရား)။ ဒိဋ္ဌိ ကြားခိုလို့ ရှိရင် ခင်ဗျားတို့မှာ စိတ် မချ ရသေးဘူး … (မှန်ပါ့)။ အပါယ်လေးပါးကို … (စိတ်မချရပါ ဘုရား)။ ကြားတော့ မခိုဘူး၊ ဖြစ်ပျက်က စိပ် လာပြီ ဆိုလို့ ရှိရင်။ ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ကျတော့ ဖြစ်ပျက် စိပ်ပလား..ဖြစ်ပျက်စိပ် ပလား ဆိုတာ။ ဦးသံဒိုင် မေးသံ ကြားတယ် မဟုတ်လား … (ကြားပါတယ်ဘုရား)။ အဲဒါ ဘာမေးတယ် ထင်သတုံး။ ကြားခိုမှာ စိုးလို့ မေးတာ …(မှန်ပါ့)။ ခိုမှာ စိုးလို့ မေးတာ … (မှန်ပါ့)။ ဒိဋ္ဌိ ခိုမှာစိုးလို့။ ဒိဋ္ဌိက နည်းနည်း တာရှည်တယ် ထင်ရင် ခိုတာပဲ … (မှန်ပ့ါ)။ ဒိဋ္ဌိက ဒီထဲ ၀င်ခိုတာပဲ။ ဝေဒနာထဲ ၀င်ခိုလိုက်။ ရုပ်ထဲ ၀င်ခိုလိုက်။ ခန္ဓာ ငါးပါး တစ်ပါးပါးထဲ ၀င်ခိုလိုက်။ မခိုပေ ဘူးလား … (ခိုပါတယ်ဘုရား)။ အဲဒီလို ခိုလိုက်တာသည် ဖြစ်ပျက် မစိပ် သေးတဲ့ ပုဂ္ဂိုလ်မှာဖြင့် ခိုဆဲပဲ ရှိသေးတယ် … (မှန်ပါ့)။ ဟာ .. တစ်ကိုယ်လုံးဘုရား…အပ်သွားချ စရာ မရှိပါဘူး။ တပည့်တော်တို့ဖြင့် ခန္ဓာ၏ ပင်ကိုယ် သဘော ခန္ဓာက ပင်ကို ဖြစ်ပျက် ရှိတာကိုး … (မှန်ပါ့)။ အဲဒီ ခန္ဓာ၏ ပင်ကို ဖြစ်ပျက် သဘောကို သေသေချာချာ ခင်ဗျားတို့က မနောနဲ့ ရှုပြီး သကာလ ဉာဏ်ထဲမှာ တစ်ခါတည်း ဘယ်နေရာမှ အပ်သွားချ စရာ မရှိအောင် အကုန်အပျက်ချည်းပဲ။ ဖြစ်လိုက် ပျက်လိုက်မှ တစ်ပါး ဘာမှ မရှိဘူးဆို ဘယ်နေရာမှ သူမခိုတော့ဘူး။

သမ္မာဒိဋ္ဌိ အားကောင်းရင်

အဲဒီ ကဲ့သို့ ဖြစ်ပျက် စိပ်လာလို့ ရှိရင်ဖြင့် ခင်ဗျားတို့ မိစ္ဆာဒိဋ္ဌိ အားနည်းသွား တဲ့အတွက် သမ္မာဒိဋ္ဌိ ဖြစ်လာလို့ ဖြစ်ပျက် စိပ်လာတာ မှတ် … (မှန်ပါ့)။ မိစ္ဆာဒိဋ္ဌိက … (အားနည်းသွား ပါတယ်)။ သမ္မာဒိဋ္ဌိက … (ထက်လာပါတယ်)။ သမ္မာဒိဋ္ဌိက ထက်လာလို့ ဖြစ်ပျက် စိပ်တယ် … (မှန်ပါ့) နဂိုက အစိပ် … (မှန်ပါ့)။ ဘယ်တော့မှ ခန္ဓာထဲမှာ အကျဲ မရှိဘူး … (မှန်ပါ့)။ မှတ်မိ ကြပလား … (မှတ်မိပါပြီဘုရား)။ ခန္ဓာထဲမှာ … (နဂိုက အစိပ်ပါ ဘုရား)။ နဂိုက မျက်စိ တစ်မှိတ်၊ နာမ်က ကုဋေ တစ်သိန်း ဆိုတော့ စိပ်ရောပေါ့ဗျာ … (မှန်ပါ့)။ ဖြစ်လိုက် ပျက်လိုက် ကုဋေ တစ်သိန်း … (မှန်ပါ့)။ ရုပ်က ကုဋေ ငါးထောင် ကျော်ဆို တော့ မစိပ်ဘူးလား၊ စိပ်သလား … (စိပ်ပါတယ် ဘုရား)။ နဂိုက အစိပ် … (မှန်ပါ့)။ နဂိုက အစိပ်။ ခုနက ဒိဋ္ဌိက ဖုံးနေလို့။ ခင်ဗျားတို့ သမ္မာဒိဋ္ဌိ ၀င်ခွင့် မရလို့ ဖြစ်ပျက် ကျဲနေတာ … (မှန်ပါ့)။ သဘောပါပလား … (ပါ,ပါပြီဘုရား)။

မိစ္ဆာဒိဋ္ဌိ အားကောင်းရင်

မိစ္ဆာဒိဋ္ဌိ အားကောင်းနေရင် ဖြစ်ပျက် ကျဲနေတယ်။ သမ္မာဒိဋ္ဌိ အားကောင်းလာရင် … (ဖြစ်ပျက် စိပ်ပါတယ်ဘုရား)။ ဒါဖြင့် သူတို့ နှစ်ခုဟာ စစ် ထိုးဘက်ပဲ … (မှန်ပါ့)။ သဘောကျပြီလား … (ကျပါပြီဘုရား)။ သူတို့ နှစ်ခု ဘယ့်နှယ်ဆို မလဲ … (စစ် ထိုးဘက် ပါဘုရား)။ စစ်ထိုး ဘက်တဲ့၊ တစ်ယောက်က နိုင်င် ကျဲသွားတယ်။ တစ်ယောက်က နိုင်လို့ ရှိရင် … (စိပ်သွား ပါတယ် ဘုရား)။ ဒီနေ့ ဘာဖြစ် လိမ့်မတုံး မတွေးပါနဲ့ … (မှန်ပါ့)။ သဘောပါ ပလား… (ပါ,ပါပြီဘုရား)။ ယနေ့ ဘာဖြစ် လိမ့်မတုံး။ ခါတိုင်း ဖြစ်ပျက်တွေ တွေ့တယ်။ ယနေ့ ဘာဖြစ်ပါလိမ့်။ သြော် … မိစ္ဆာဒိဋ္ဌိ ကြီးစိုး နေတယ် … (မှန်ပါ့)။ ရှင်းပလား … (ရှင်းပါပြီဘုရား)။ နက်ဖြန်ကျတော့ စိပ် လာတယ်။ သြော် မိစ္ဆာဒိဋ္ဌိ အားနည်းပြီး သမ္မာဒိဋ္ဌိ အားကောင်း လာတယ် … (မှန်ပါ့)။ သဘော ပါပလား … (ပါ,ပါတယ် ဘုရား)။ အဲဒါ ဘယ်သူ့ကိုများ ဦးသံဒိုင် လိုသေးသတုံး … (မလိုပါ ဘုရား)။ မလိုတော့ဘူးတဲ့။ မိစ္ဆာဒိဋ္ဌိ အားကောင်းရင် ဖြစ်ပျက် ကျဲတယ် … (မှန်ပါ့)။ တစ်နည်း တွေ့ကို မတွေ့ဘူး … (မှန်ပါ့)။ ကျဲရုံတင်ဆို နည်းနည်း ခံသာပါသေးတယ်။ တစ်နည်း တွေ့ကို မတွေ့ နိုင်အောင် ဖြစ်ပါတယ် … (မှန်ပါ့)။ သမ္မာဒိဋ္ဌိ အားကောင်း လာလို့ ရှိရင်လဲ ထိုင်ကတည်းက ဖြစ်ပျက်တွေ စိပ်လာတယ် … (မှန်ပါ့)။ ထိုင်ကတည်းက … (ဖြစ်ပျက်တွေ စိပ် လာပါတယ်)။ နဂို ရှိကို သိတယ် … (မှန်ပါ့)။

ကိုယ့်ဉာဏ်မှီသရွေ့  ကိုယ်မီရင် ပြီးတယ်

နဂိုက ခင်ဗျားတို့ စိတ်က ကုဋေတစ်သိန်းတဲ့။ ပျက်စီး နေလိုက်တာ။ စိတ်ဆိုရင် စေတသိက် ပါသွားပြီ … (မှန်ပါ့)။ ရုပ်ကလည်း ကုဋေ ငါးထောင်ကျော် တဲ့။ ဒါလောက်တောင် ပင်ကိုယ်သဘောကလဲ ရှိပါတယ် … (ရှိပါတယ်ဘုရား)။ ဒါတွေ မြင်မှ နိဗ္ဗာန် ရောက်မှာလား လို့လဲ တစ်ခါ ခင်ဗျားတို့က မေးချင်လဲ မေးမှာပေါ့လေ … (မှန်ပါ့)။ မေးရင် ခင်ဗျားတို့ ဘုန်းကြီးက ခင်ဗျားတို့ အားပျော့ သွားလိမ့်မယ်တဲ့။ ဒီဟာ မမြင်ပေမယ့် ရပါတယ်။ ကိုယ်ဉာဏ်မီသလောက် ကိုယ် မိရင် ပြီးတာပဲ … (မှန်ပါ့)။ မိစ္ဆာဒိဋ္ဌိ မ၀င်ဘဲနဲ့ ကိုယ့် သမ္မာဒိဋ္ဌိ မြင်သလောက် ဆိုလို့ရှိရင် ဒါ မဂ်ဆိုက် ဖိုလ်ဆိုက် ဖြစ်ပါတယ် … (မှန်ပါ့)။ ဟိုဟာက သိပြီးသား ပုဂ္ဂိုလ် အမြင်ကို ဟောထားတာလို့ မှတ်ပါနော် … (မှန်ပါ့)။ မျက်စိ တစ်မှိတ် ကုဋေတစ်သိန်း စိတ်တွေ ပျက်နေတယ်။ နာမ်ဓမ္မတွေ ပျက်နေတယ်။ ရုပ်ဓမ္မက ကုဋေ ငါးထောင်ကျော် ပျက်နေတာကွ။ အို ဟောမှာပဲတဲ့။ သူ ပင်ကိုယ် သဘောကို မြင်လို့ ဟောတာ … (မှန်ပါ့ဘုရား)။ ပင်ကိုယ် သဘောကို မြင်လို့ ဟောတာပါပဲ။

ကိုယ့်သမ္မာဒိဋ္ဌိနဲ့ ကိုယ်နေရင် ပြီးတယ်

သို့သော် ..ကျုပ်တို့က မြင်ရမှာလားဆိုတော့ ဒါ ကျုပ်တို့ မြင်ဖို့ မဟုတ်ပါဘူး။ ပြီး,ပြီးသား ပုဂ္ဂိုလ် မြင်တဲ့ အမြင် … (မှန်ပါ့ ဘုရား)။ မဟုတ်ဘူးလား … (မှန်ပါ့)။ အသစ် ပုဂ္ဂိုလ် မြင်တဲ့ အမြင်က ဒါ မဟုတ်ပါဘူး။ ကိုယ့် သမ္မာဒိဋ္ဌိနဲ့ ကိုယ် စိပ်နေ ရင် ပြီးတာပဲ … (မှန်ပါ့)။ သဘောပါ ကြပလာ … (ပါ,ပါပြီဘုရား)။ ကိုယ့် သမ္မာဒိဋ္ဌိနဲ့ … (ကိုယ် စိပ်နေရင် ပြီးတာပါပဲ ဘုရား)။ ပြီးတာပဲ..တဲ့။ ဟိုဟာက သမ္မာဒိဋ္ဌိ အစွမ်းကုန်နဲ့ တစ်ခါတည်း အရဟတ္တမဂ် သမာဒိဋ္ဌိကို ကြည့်ပြီး ပြောတာ … (မှန်ပါ့)။ ဟိုဟာက ပြီး,ပြီးသား ပုဂ္ဂိုလ် အမြင် … (မှန်ပါ့ဘုရား)။ အခု ကျုပ်တို့ မြင်ရမှာက မပြီးသေးသော ပုဂ္ဂိုလ် အမြင်။ ကိုယ့် အဆင့် ကိုယ် ကိုက်သွားရင် မဂ် ဆိုကတာပဲ … (မှန်ပါ့)။ ဒါဖြင့် ဝေဖန်တတ် ပြီလား … (ဝေဖန်တတ် ပါပြီဘုရား)။

အဲဒီတော့ သူများက စာတတ်ပြီး စာကို ဗဟုသုတ ရှိတဲ့ ပုဂ္ဂိုလ်က မေးလိမ့်မယ်။ မင်းတို့ မျက်စိ တစ်မှိတ်ကလေး ကုဋေ ငါးထောင်ကျော် မြင်ရဲ့ လား။ မင်းတို့ ဖြစ်ပျက် မြင်တယ် ဆိုသောငြားလည်း ဟုတ်လား မျက်စိ တစ်မှိတ် ကုဋေ တစ်သိန်း မြင်ပါရဲ့ လား လို့ မေးလို့ ရှိရင် အင်း…ပုထုဇဉ်ကနေ တက်တဲ့ အမြင်ကို သူမမေးပဲနဲ့ အရိယာ ဖြစ်ပြီးမှ မြင်တဲ့ အမြင် မေးတာ လို့မှတ် … (မှန်ပါ့)။ ကိုယ်က ဝေဖန်တတ်ရမယ် … (မှန်ပါ့)။ ပုထုဇဉ် တို့၏ အမြင်ကနေပြီး အရိယာ အမြင်ကို တက် ရမှာကိုး … (မှန်ပ့ါ)။ အရိယာ ဖြစ်ပြီးမှ မြင်တဲ့ အမြင်ကို ပုထုဇဉ်က လိုက်နေရမယ် ဆိုရင် နဂိုကတည်းက အရိယာ ကလေး မွေးရမယ် … (မှန်ပါ့)။ မမွေးရဘူးလား … (မွေးရပါတယ်)။ အဲဒီ အမြင်ကို ဘယ်တော့မှ မယူနဲ့ … (မှန်ပါ့)။ သဘောကျ ပလား … (ကျပါပြီဘုရား)။ ကောင်းပြီ၊ ဒါဖြင့် ဘာကြောင့် ဒီအမြင် မမြင်နိုင် သတဲ့တုံးလို့ မေးတဲ့ အခါ ကျတော့မှ ကျုပ်တို့မှာ သမ္မာဒိဋ္ဌိက တစ်ချက်။ ဒီမြင်စိတ်တွေက ဘာမှ အသုံးမကျတဲ့ ဘ၀င်စိတ်တွေက သိန်း, သန်း လာသေးတယ် … (မှန်ပါ့ဘုရား) သိန်း,သန်း ချုပ်တော့မယ် ဆိုရင် သမ္မာဒိဋ္ဌိက တစ်ချက်လာတယ် … (မှန်ပါ့)။ ကျုပ်တို့က ဘ၀င် အများကြီး ခြားနိုင်တဲ့ ပုဂ္ဂိုလ်တွေ။ ရှင်းပလား … (ရှင်းပါပြီဘုရား)။ စိတ်တွေ အများကြီး ခြားနိုင်တဲ့ ပုဂ္ဂိုလ်ဆိုတော့ ကျုပ်တို့ အမြင်နဲ့ ဒါတွေ စိပ်နေရင် ပြီးတာပဲ … (မှန်ပါ့ဘုရား)။ ကျုပ်တို့ ဉာဏ်မီ သလောက် ကျုပ်တို့ စိပ်ရမယ်။ သဘောပါ ပလား … (ပါ,ပါပြီဘုရား)။ ဟိုမှာ ဘ၀င် နှစ်ချက်ခြားပြီး ဘုရားမြင်တဲ့ အမြင်ကို လာမေး နေလို့တော့ မရဘူး … (မှန်ပါ့)။ ရှင်သာရိ ပုတ္တရာက ဘ၀င် ဆယ့် ခြောက်ချက်လောက် ခြားပြီး သူမြင်တာပဲ … (မှန်ပါ့)။ အရင်မြင်တယ်။ နောက် ဆယ့် ခြောက်ချက် လောက်ခြားပြီး တစ်ခါ မြင်ပြန်တယ် ဆိုတော့ ဒါက သူတို့ အမြင် … (မှန်ပါ့)။ သဘော ကျပလား … (ကျပါပြီ ဘုရား)။ ကျုပ်တို့ ပုထုဇဉ် ကတော့ကိုတဲ့ မြင်တယ်။ သမ္မာဒိဋ္ဌိနဲ့ ဖြစ်ပျက်ကို။ ဒီကြားထဲမှာလဲ ဘ၀င်တွေ သိန်း,သန်း ခြားပစ် လိုက်တယ် … (မှန်ပါ့)။ ပြီးတော့မှ တစ်ခါ မြင်တယ်။ ဒါ ဘ၀င်ခြားတာ အပြစ် မရှိဘူး … (မှန်ပါ့)။ ဘာကြောင့် ဘ၀င် ခြားတာ အပြစ် မရှိတုံး ဆိုတော့ ကိလေသာ မဟုတ်လို့ … (မှန်ပါ့)။ သဘောပါပလား … (ပါ,ပါပြီဘုရား)။

ဘ၀င်ခြားတာ အပြစ်မရှိ

ဘ၀င်ခြားတာ … (ကိလေသာ မဟုတ်လို့ပါ)။ အပြစ်မရှိဘူး … (မှန်ပါ့)။ အပြစ် မရှိဘူးတဲ့။ ကိလေသာ ခြားရင် အပြစ် ရှိတယ် … (မှန်ပါ့ဘုရား)။ ဘ၀င်ခြားရင် … (အပြစ် မရှိပါဘုရား)။ အပြစ် မရှိဘူး ဆိုတော့ ဘုရားသခင် ကိုယ်တော် မြတ်ကြီးက အဂုင်္တ္တိုရ် ကျတော့ ဟောလိုက်တယ်။ ကိလေသာ မခြားလို့ ရှိရင်ကွာ မနက် အားထုတ်ရင် ညနေ ရပါတယ် … (မှန်ပါ့)။ တစ်ခါတည်း ဟောတယ် … (မှန်ပါ့)။ ဘ၀င်ခြားတာ သူမပါဘူး။ ပါသေးသလား … (မပါ,ပါဘုရား)။ အဲဒါတွေကို ဗဟုသုတ အဖြစ်နဲ့ အကြီးအကျယ် မှတ်မှ သာလျှင် နို့မဟုတ်ရင် အလကားနေရင်း ကိုယ်နဲ့ မဆိုင်တာ မေးရင် ခင်ဗျားတို့ ဖြေတတ် မှာ မဟုတ်ဘူး … (မှန်ပါ့ဘုရား)။ အခုတော့ ဖြေတတ် ပြီလား … (ဖြေတတ်ပါပြီဘုရား)။ ဖြေတတ် ပြီတဲ့။ အဲဒါ ခင်ဗျားတို့ ရှင်သာရိပုတ္တရာ အမြင်၊ ဘုရား အမြင်တွေ ဘုရား၊ တပည့်တော် တို့က ဘ၀င်တွေ အများကြီး ခြားနေတယ် ဆိုကတည်းက ခင်ဗျားတို့ ရိပ်မိရောပေါ့ … (မှန်ပါ့ဘုရား)။ ဘ၀င် အများကြီး ခြားနေတယ် ဆိုကတည်းက ဒီကြားမှာ တစ်ခါ မြင်တယ်။ ဘ၀င်တွေ့။ တခြားသော စိတ်တွေက အများကြီး ခြားလိုက်တယ်။ ကိလေသာ တော့မဟုတ်ဘူး … (မှန်ပါ့) ။ ကိလေသာတော့ မဟုတ်ဘူး … (မှန်ပါ့)။ ထုံးစံအတိုင်း စိတ်က လာသေးတယ် … (မှန်ပါ့ဘုရား)။ ထုံးစံအတိုင်း စိတ်က လာပြီး နောက်တစ်ခါ တစ်ခါ မြင်တယ်။ ဒါကိလေသာ ခြားသလား၊ မခြားဘူးလား … (မခြားပါဘုရား)။ ကိလေသာ မခြားဘူး။ ကိလေသာ မဆိုင်ဘူး။ ဒီဥစ္စာ ဘ၀င်ခြားတာ … (မှန်ပါ့၊ဘ၀င်ခြားတာပါဘုရား)။ ဟုတ်ပလား … (မှန်ပါ့)။ ဘ၀င်ခြားတာ ဘုရားက ဘာအပြစ်မှ မရှိဘူး … (မှန်ပါ့)။ ဘာ့ကြောင့် ဘာအပြစ်မှ မရှိသတုံး ။ ဒါက သူ့ထုံးစံ ခြားတာတဲ့။ ဒါ နိယာမ တဲ့ … (မှန်ပါ့)။ သဘောကျပလား … (ကျပါပြီ)။ ကိလေသာ ခြားရင်တော့ ဖြင့် မင်းတို့ အရနှေးမယ် … (မှန်ပါ့)။ ဘ၀င် ခြားတာက တော့ ကိုယ့် မျိုးရိုး ဒွိဟိတ်မို့ ဒွိဟိတ်ဘ၀င်၊ တိဟိတ်မို့ တိဟိတ် ဘ၀င် ခြားနေ တာကတော့ ဒါက သူ့ နိယာမ သဘောကိုတော့ ဘယ်သူမှ ပယ်လို့ မရဘူး … (မှန်ပါ့)။ ကိလေသာ ခြားလို့ ရှိရင်တော့ မရဘူးလို့ ဟောပါတယ် … (မှန်ပါ့)။ ပေါ်ကြပလား … (ပေါ်ပါပြီဘုရား)။ လုပ်ကော လုပ်တတ်ရဲ့ လား … (လုပ်တတ်ပါတယ် ဘုရား)။

ကဲ … ယနေ့ ဒီတွင် တော်ကြ ဦးစို့

သာဓု … သာဓု … သာဓု

အရေးကြီးတာ သူ

(သက္ကာယဒိဋ္ဌိ)

၁၃-၁၂-၆၁ ရက်နေ့ အမရပူရမြို့တွင် ဟောကြားသည်

သစ္စာလေးပါး အမှတ်စဉ် ၉ မှ ထုတ်နုတ် ထားသည်

စာအုပ်ငယ် အမှတ် ၅၈

မှတ်ချက်ပေးရန်.--(ဗုဒ္ဓ၏ အဆုံးအမကိုလိုက်နာသောလူသားတစ်ယောက်ဖြစ်ပါစေ။)

ဝိပဿနာရှူနည်းများလေ့လာနိုင်ရန်.. သို့အဖွဲ့ဝင်ပြီးမှ မှတ်ချက်များကိုရေးသားနိုင်မှာဖြစ်ပါသည်။

စတင်တည်ထောင်သူ

Android phone (ဗုဒ္ဓကမ္ဘာ)

................................................

 

 

anigif anigif1 anigif2 2anigif 4anigif anigif

အသစ်တင်တိုင်းပို့ပေးပါမယ်။

သင့်မေးချန်ထားခဲ့ပါ

http://s10.postimage.org/cmzjkbrol/0002064_D.gif

Delivered by FeedBurner

အဖွဲဝင်များ

နေ့စဉ်ဘလော့များ

နောက်ဆုံးလုပ်ဆောင်ချက်များ..

zaw moe liked zaw moe's discussion အတက်သိက ဖြေကြားပေးပါဘရား
Aug 10
kyaesinsan သည်thein wai's ၏ 'ဒေါက်တာအရှင်ဆေကိန္ဒ၏ ဘ၀လှအောင်ပြင်ချင်စိတ်။' ဘလော့ ကို နှစ်သက်ခဲ့ပါသည်။
Aug 8
Thet Thet Aung shared their blog post on Facebook
Jul 30
ဖိုးကံထူး သည် A BuddhismworldAdmin's ၏ 'ဗုဒ္ဓဘာသာအမေးအဖြေကဏ္ဍ' အဖွဲ့တွင်မှတ်ချက်ရေးခဲ့ပါသည်။
"Naynayအပြစ်​မဖြစ်​နိုင်​ပါဘူး ကျုယ်​ကတကယ်​​မေတ္တ္တ္တာထားနိုင်​ဖို့ပဲရှိတယ်​ယူနိုင်​ပါတယ်​…"
Jul 25
ဖိုးကံထူး joined A BuddhismworldAdmin's group
Thumbnail

ဗုဒ္ဓဘာသာအမေးအဖြေကဏ္ဍ

ဆရာတော်ဆန်နီနေမင်းနှင့်တကွသံဃာတော်များဖြေကြားပေးမည် ဖြစ်ပါသဖြင့် မိမိ…See More
Jul 25
ဖိုးကံထူး liked ဖိုးကံထူး's profile
Jul 25
ဖိုးကံထူး သည်thein wai's ၏ 'တစ်ယောက်တည်းငြိမ်းချမ်းအောင်နေနည်း။(ယောဆရာတော်ကြီးက ဒေါ်အောင်ဆန်းစုကြည်ကိုဟောကြား)' ဘလော့ ကို နှစ်သက်ခဲ့ပါသည်။
Jul 25
ဖိုးကံထူး သည်Thet Thet Aung's ၏ 'အချိန်၃မိနစ်ပေးဖတ်ပါ' ဘလော့ ကို နှစ်သက်ခဲ့ပါသည်။
Jul 24
ဖိုးကံထူး သည်hla moe 24ကို မှတ်ချက်ရေးခဲ့ပါသည်။
"မ​တွေ့တာကြာလို့ပိုလှလာတယ်​ဆရာမိုး"
Jul 24
ဖိုးကံထူး သည် thein wai's၏ 'ငါကိုယ်တိုင် သောတာပန် တည်ပြီလား။'ဘလော့ တွင်မှတ်ချက်ရေးခဲ့ပါသည်။
"​မောင်​သုည​ရေးထားတာဖတ်​ဖူးတယ်​ဒီဆိုက်​မှာတင်​ထားတယ်​ ​ကျေးဇူးပါထပ်​ပီးထတ်​ရတယ်​ဦးသိန်​​ဝေ"
Jul 24
ဖိုးကံထူး သည် phyuthi's၏ 'ဗုဒ္ဓကမ္ဘာသာသနာဟိအသင်း (၁၇) ကြိမ်မြောက်အလှူပွဲ @@@@@@@@@@@@@@@@@@@ အတွက် အသိပေးနိုးဆော်ခြင်း @@@@@@@@@@@'ဘလော့ တွင်မှတ်ချက်ရေးခဲ့ပါသည်။
"သာဓုပါခင်​ဖျ အလည်​မ​ရောက်​တာကြာလို့အ​ကောင့်​​တောင်​​မေ့​နေပီ…"
Jul 24
ဖိုးကံထူး သည်phyuthi's ၏ 'ဗုဒ္ဓကမ္ဘာသာသနာဟိအသင်း (၁၇) ကြိမ်မြောက်အလှူပွဲ @@@@@@@@@@@@@@@@@@@ အတွက် အသိပေးနိုးဆော်ခြင်း @@@@@@@@@@@' ဘလော့ ကို နှစ်သက်ခဲ့ပါသည်။
Jul 24

© 2017   Created by A BuddhismworldAdmin.   Powered by

Badges  |  Report an Issue  |  Terms of Service

; Related Posts Plugin for WordPress, Blogger...